Previous Lesson -- Next Lesson
c) အမေ ဖြစ်သူကို ပြောတဲ့ ခရစ်တော်ရဲ့ စကား (ယောဟန် ၁၉း ၂၅- ၂၇)
ယောဟန် ၁၉း ၂၄- ၂၇
၂၄ “သူတို့သည် အကျွန်ုပ် အဝတ်ကို အချင်းချင်း ဝေဖန်၍ အကျွန်ုပ် အင်္ကျီကို စာရေးတံ ချကြပါ၏ ဟူသော အချက် စကားကို ပြည့်စုံစေ၍ စစ်သူရဲတို့သည် ထိုသို့ ပြုကြ၏။ ၂၅ ယေရှု၏ လက်ဝါးကပ်တိုင်တော် နားမှာ မယ်တော်နှင့် မယ်တော်၏ ညီမ ဖြစ်သော ကလောဖ၏ မယား မာရိနှင့် မာဂဒလ မာရိတို့သည် ရပ်နေကြ၏။ ၂၆ ထိုအခါ မယ်တော်နှင့် ချစ်တော် မူသော တပည့်တော်သည် အနားမှာရပ်နေသည်ကို မြင်တော် မူလျှင် မယ်တော်အား အချင်း မိန်းမ၊ သင်၏ သားကို ကြည့်ပါ ဟူ၍လည်းကောင်း၊ ၂၇ တပည့်တော် အားလည်း သင်၏ အမိကိုကြည့်ပါ ဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှ စ၍ ထို တပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။”
ယောဟန်က သခင်ယေရှု ကားတိုင်ပေါ်မှ ပထမဦးဆုံးစကား လောကီသားအားလုံးကို ခွင့်လွှတ်တဲ့ အကြောင်းကို မှတ်တမ်းမတင်ဘူး။ ဂျူးတွေရဲ့ ကဲ့ရဲ့ စကားကိုလည်း မဖေါ်ပြဘူး။ ညာဘက်မှာရှိတဲ့ လူဆိုးကြီးကို သခင်ယေရှု ခွင့်လွှတ်ကြောင်း ပြောတာလည်း မပါဘူး။ ဒီ အဖြစ်အပျက်တွေက ရှင်ယောဟန်ရေးတဲ့ အချိန်မှာ အသင်းတော်က သိပြီးသား ရင်းနှီးပြီးသား ဖြစ်နေတယ်။
ယဇ်ပုရောဟိတ်တွေဟာ လက်ဝါးကပ်တိုင် ရှိရာအရပ်က ထွက်ခွါလာတဲ့အခါ ခမည်းတော်ဘုရားရဲ့ ခွင့်လွှတ်ခြင်းအတွက် တောင်းဆိုပေးတဲ့ အသံကို မကြားကြတော့ဘူး။ လူအုပ်ကြီးလည်း အလျင်အမြန် ထွက်ခွါ လာကြပြီး ပသခါသိုးသူငယ်တွေကို ယဇ်ပူဇော်မယ့် ယေရုရှလင်ကို ရောက်လာကြတယ်။ ပြင်ဆင်ချိန် နည်းနည်းပဲ ရှိတယ်။ ဘာသာရေး ခေါင်းဆောင် တွေက ပွဲတော်ကြီး ထုံးတမ်းနဲ့အညီ လုပ်ဆောင်ဖို့ စီစဉ်နေတယ်။ သိုးသူငယ် တွေကို ဗိမ္မာန်တော်မှာ သတ်ပြီး အသွေးသွန်းလောင်းကြတယ်။ ဗိမ္မာန်တော်ထဲက ချီးမွမ်းသံတွေ ထွက်လာတယ်။ ယေရုရှလင်မြို့ အပြင်ဘက်မှာတော့ ကျိန်ခြင်းခံရတဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ဘုရားသခင်ရဲ့ သိုးသူငယ်ဟာ စွန့်ပစ်ခံ၊ အပယ်ခံပြီး ချိတ်ဆွဲခံရတယ်။ လောကီစစ်သူရဲတွေဟာ ကားတိုင် သုံးခုလုံးကို စောင့်ရှောက်နေတယ်။ အဲဒီအချိန်မှာ အမျိုးသမီး တချို့က ကားတိုင်အနီးကို တိတ်တဆိတ် ချဉ်းကပ်လာပြီး တိတ်တိတ် ရပ်ကြည့်နေတယ်။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ ပေါ်မှာ သူတို့ စိတ်လှုပ်ရှားနေတယ်။ အနန္တ တန်ခိုးရှင်ဟာ ဦးခေါင်းတော်ပေါ်မှာ ဝေဒနာ အကြီးအကျယ် ခံစားပြီး ကားတိုင်မှာ အရိုက်ထား ခံရတယ်။ နှစ်သိမ့်တဲ့ စကား မကြားရတော့ဘူး။ စိတ်နှလုံးတွေ ကလည်း ဆုမတောင်းချင်တော့ဘူး။ တချို့ကတော့ ဆာလံကျမ်းပိုဒ်ကို တိုးတိုးလေး ရွတ်ကောင်း ရွတ်နေနိုင်တယ်။ မိခင်ဖြစ်သူရဲ့ ငိုသံကို သခင်ယေရှု ကြားရတယ်။ ငိုနေတဲ့ သူချစ်တဲ့ တပည့်တော် ယောဟန်ရဲ့ မျက်ရည်ကိုလည်း သူမြင်တယ်။ အခြေအနေတွေပေါ်မှာ အများကြီး သူ မစဉ်းစားနိုင် တော့ဘူး။ သေရခါနီးပြီ။ ဒီအချိန်မှာ အသံတော်က “အချင်းမိန်းမ၊ သင်၏သားကို ကြည့်လော့။” ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟာ အံ့ဩဖွယ်ရာ ဖြစ်တယ်။ ဤလောကရဲ့ အပြစ်ကြွေးကို ပေးဆပ်လို့ ဝေဒနာခံစားရချိန်မှာ ချစ်သောသူတွေ အတွက် ဂရုစိုက်ခဲ့တယ်။ ရှိမုန်က အပျိုကညာဟာ နှလုံးသားကို ဓါးနဲ့ အခွင်းခံရမယ်လို့ ကြိုတင် ပရောဖက်ပြုခဲ့တယ်။ (လုကာ ၂း ၃၅)
မိခင်ဖြစ်သူကို ငွေကြေးအိမ်ရာအားဖြင့် မပံ့ပိုးနိုင်တဲ့အခါ ပေးအပ်စရာ မေတ္တာပဲ ရှိတယ်။ ဒီမေတ္တာကို တပည့်တော်တွေကိုလည်း ပေးခဲ့တယ်။ ယောဟန်ဟာ မယ်တော်ကို ကြည့်ရှု စောင့်ရှောက်ခဲ့တယ်။ (မဿဲ ၂၇း ၅၆) ဒါပေမယ့် ယောဟန်က သူ့နာမည်ကို မပြောဘူး။ မယ်တော်ရဲ့ နာမည်ကိုလည်း မပြောဘူး။ ဒါကြောင့် ကိုယ့် ဘုန်းအသရေကို မရှာဘဲ ခရစ်တော်ရဲ့ ဘုန်းအသရေကိုသာ ရှာသူဖြစ်တယ်။ ယောဟန်ကို ခေါ်တဲ့အခါ မိခင်ကို စောင့်ရှောက်ဖို့ ပြောတယ်။ ကားတိုင်နားကို ချဉ်းကပ်လာတဲ့ တပည့်တော်ကိုသာ ပြောတယ်။ ဒါကြောင့် တပည့်တော်က မာရိကို အိမ်မှာ ခေါ်ထား ပေးတယ်။ ကျန်တဲ့ အမျိုးသမီးတွေ ကလည်း ဒီလို စိုးရိမ်တတ်မှုကို သက်သေခံ ပေးကြတယ်။ သခင် ဘုရားက နတ်ဆိုး ၇ ကောင်စွဲတဲ့ အမျိုးသမီးတယောက်ကို ကယ်တင်ဖူးတယ်။ သူက မာဂဒလ မာရိ ဖြစ်တယ်။ သခင်ယေရှုရဲ့ တန်ခိုးတော်ကို သူ ခံစား ဖူးတယ်။ သူဟာ ကယ်တင်ရှင်ကို ချစ်ပြီး နောက်တော်လိုက်ခဲ့သူ ဖြစ်တယ်။
d) အမှုပြီးခြင်း (ယောဟန် ၁၉း ၂၈- ၃၀)
ယောဟန် ၁၉း ၂၈- ၂၉
၂၈ “ထိုနောက်မှ ကျမ်းစာ ပြည့်စုံစေခြင်းငှါ အမှု ရှိသမျှ ကုန်စင် ပြီးသည်ကို သိတော်မူလျှင် ရေငတ်သည် ဟု မိန့်တော်မူ၏။ ၂၉ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတလုံး ရှိသည် ဖြစ်၍ ထိုသူတို့သည် ရေမှို တထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင် ဟုဿုပ်ပင်အကိုင်းဖျား၌ တပ်၍ ခံတွင်းတော်သို့ ကပ်ထား ကြ၏။”
ယောဟန်က စကားလုံး နဲနဲနဲ့ ထိရောက်အောင် ပြောတတ်တဲ့ ဆုကျေးဇူး ရှိတယ်။ သူက မြေကြီးတပြင်လုံး မှောင်သွားတာကို မပြောဘူး။ အပြစ်သားတွေအပေါ် ဘုရားသခင်ရဲ့ အမျက်တော် မသက်ရောက်ဖို့ အော်ဟစ်တာကို မပြောဘူး။ ဒါပေမယ့် သုံးနာရီကြာ ဝေဒနာ အကြီးအကျယ် ခံစားအပြီး သေလုဆဲအချိန် အကြောင်းကို ပြောတယ်။ သခင်ယေရှု သေတော့မယ် ဆိုတာ မပြောဘူး။ စေတနာ စိတ်နဲ့ အသက်စွန့်တယ် ဆိုတဲ့အကြောင်း ပြောတယ်။
သူ့ရဲ့ဝိညာဉ်ဟာ တလောကလုံးကို ကယ်တင်တဲ့ အမှု ပြီးစီးလို့ မောဟိုက်နေတယ်။ အားလုံးအတွက် ကယ်တင်ခြင်း ဟာ ပြည့်စုံသွားပြီ။ သူ့သေခြင်းအားဖြင့် အပြစ်ရှိတဲ့ လူသန်းပေါင်းများစွာ ကယ်တင်ခြင်း ခံရတော့မယ်။ ဘုရားသခင်ထံ လှည့်ပြန်ခွင့်ရတော့မယ်။ သခင်ယေရှု အသေခံခြင်းရဲ့ အသီးအပွင့်တွေကို ရိတ်သိမ်းရတော့မယ်။
ဒီအချိန်မှာ နှုတ်ဖျားက စကားတခွန်း ထွက်လာတယ်။ ရေငတ်တယ်။ စကြာဝဋ္ဌာကြီးကို ဖန်ဆင်းခဲ့သူ၊ ရေပေါ်မှာ လမ်းလျှောက်ခဲ့တဲ့သူက ရေငတ်နေတယ်။ လူ့ဇာတိခံယူတဲ့ ချစ်ခြင်းမေတ္တာဟာ ဘုရားသခင်ရဲ့ မေတ္တာကို အကွယ်ခံ ထားခဲ့ရတယ်။ ဒါဟာ ငရဲရဲ့ သဘောပဲ။ ငရဲမှာ လူတွေ ရေငတ်တယ်။ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ် ဝေဒနာ ခံစားတယ်။ သက်သာရာ မရဘူး။ အစောပိုင်းက သခင်ယေရှုဟာ မရဏာနိုင်ငံရောက်တဲ့ သူဌေးကြီး အကြောင်းကို ပြောတယ်။ အဲဒီထဲမှာ အကြီး အကျယ် ရေငတ်ပြီး မီးလျှံထဲမှာ အာဗြံဟံကို အသနား ခံတယ်။ လာဇရုကို စေလွှတ်ပြီး လက်ဖျားမှာ ရေအေးအေးလေး လာပေးပါလို့ တောင်းဆိုဖူးတယ်။ သခင်ယေရှုဟာ လူ့ဇာတိအပြည့်အဝခံတဲ့ အတွက် သဘာဝအတိုင်း ရေငတ်လာတယ်။ ဒါပေမယ့် ရေငတ်တာကို ကယ်တင်ခြင်း အမှု မပြီးမချင်း မပြောဘူး။ ဒီနောက် သန့်ရှင်းသော ဝိညာဉ်တော်က ကယ်တင်ခြင်းအမှုကို ဒီအရင် နှစ်ပေါင်း နှစ်ထောင်လောက်ကတည်းက ဆာလံ ၂၂း ၁၃- ၁၈ မှာ ဖေါ်ပြထားတယ်။ ပုံးရည်သောက်ရတဲ့ အကြောင်းကို ဆာလံ ၆၉း ၂၁ မှာ တွေ့ရတယ်။ စစ်သားတွေ ပေးတဲ့ ပုံးရည် ဆိုတာ အချဉ်ရည်ပေါက်နေတဲ့ စပျစ်ရည် လား သို့မဟုတ် ရေနဲ့ ရောထားသလား မသိရဘူး။ ဒါပေမယ့် ရေစစ်စစ် မဟုတ်ဘူး။ ဘုရားသခင်ရဲ့ သားတော်ဖြစ်တဲ့ သခင်ယေရှုခရစ်ဟာ အဲဒီအချိန်မှာ အကူအညီမဲ့နေတယ်။
ယောဟန် ၁၉း ၃၀
၃၀ “ယေရှုသည် ပုံးရည်ကိုခံပြီးမှ အမှုပြီးပြီ ဟု မိန့်တော်မူလျှက် ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။”
သခင်ယေရှု ဟာ အမျက်တော်ပုံးရည်ကို မြည်းစမ်းပြီးတဲ့အခါ အမှုပြီးပြီ လို့ အောင်မြင်ခြင်းရဲ့ စကားကို ဖွင့်ဟတယ်။ ဒီလို အောင်မြင်စွာမပြောခင် အရင်တနေ့က သားတော်ဟာ ခမည်းတော်ကို လူသားတွေ အပြစ်တွက် ကားတိုင်မှာ ဘုန်းထင်ရှားမယ့်အကြောင်း တောင်းဆိုတယ်။ သားတော်ရဲ့ ယုံကြည်ချက်နဲ့ ဆုတောင်းခြင်းဟာ အဖြေ ရတယ်။ သူ့အားဖြင့် သူ့ကိုပေးထားတဲ့ ခမည်းတော် ဘုရားသခင်ရဲ့ အမှုဟာ ပြီးစီးသွားတယ်။ (ယောဟန် ၁၇း ၁၊ ၄) ကားတိုင်ပေါ်က သခင်ယေရှုဟာ သိပ်စင်ကြယ်တယ်။ အမုန်းစကား တခွန်းမှ မပြော၊ စိတ်ပျက်ဝမ်းနည်းတဲ့ ငိုသံမရှိ။ သနားစရာ ဖြစ်အောင် မလုပ်ဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို ကိုင်စွဲပြီး ရန်သူတွေရဲ့ အပြစ်ကို ခွင့်လွှတ်ဖို့ပဲ ပြောခဲ့တယ်။ လူသားတွေရဲ့ အပြစ်အတွက် ဘုရားသခင် ရှေ့မှာ ရန်သူတယောက်သဖွယ် ဖြစ်သွားတယ်။ ဆင်းရဲ ဒုက္ခကို ခံစားပြီး ဘုရားသခင် အရှေ့မှာ ရွေးနှုတ် ကယ်တင်ခြင်း အမှု ပြီးစီးစေတယ်။ သုံးပါးတဆူ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို ဘယ်သူမှ တိုင်းတာလို့ မရဘူး။ သားတော်က ဝိညာဉ်တော် အားဖြင့် ပေးလှူ ပူဇော်တဲ့ အခါမှာ အပြစ်ကင်းတဲ့ ယဇ်ကောင် အဖြစ်နဲ့ ပေးလှူပူဇော်ခြင်း ဖြစ်တယ်။ (ဟေဗြဲ ၉း ၁၄)
ကားတိုင်ပေါ်မှာ သခင်ယေရှုရဲ့ နောက်ဆုံး စကားဟာ ကယ်တင်ခြင်း ပြီးပြီ ဒီ့ထက် စုံလင်အောင် ဘာမှ လုပ်စရာ မလိုဘူး။ လူလုပ်တာ၊ ကောင်းတာလုပ်တာ၊ ဆုတောင်းတာ၊ သန့်သန့် ရှင်းရှင်းနေတာတွေနဲ့ မဆိုင်ဘူး။ ပို သန့်ရှင်းအောင် လုပ်ဖို့လဲ မလိုဘူး။ ဘုရားသခင်ရဲ့ သားတော်က ဒီအမှုကို တခါတည်းနဲ့ အပြီး လုပ်ဆောင်ခဲ့တယ်။ သူ့သေခြင်းအားဖြင့် ခေတ်ကာလတခု ရောက်လာတယ်။ ငြိမ်သက်ခြင်း အုပ်စိုးတယ်။
ဘုရားသခင်ရဲ့ သိုးသူငယ်တော်ဟာ အသတ်ခံရပြီး ဘုရားသခင်ရှေ့မှာ လူကို ရန်ငြိမ်းစေတယ်။ ယုံကြည်တဲ့ သူဟာ ဖြောင့်မတ်ခြင်းသို့ ရောက်တယ်။ ဩဝါဒစာတွေဟာ သခင်ယေရှုရဲ့ နောက်ဆုံးစကား ဖြစ်တဲ့ It is finished. အမှုပြီးပြီ ဆိုတဲ့ စကားကို အနက်ဖွင့် ရေးသားကြတဲ့ commentary တွေ ဖြစ်တယ်။
သခင်ယေရှု ခေါင်းငိုက်စိုက် ကျသွားတယ်။ သူ့ရဲ့အသက် ဝိညာဉ်ကို ခမည်းတော်ဘုရား လက်ထဲမှာ အပ်ထားတယ်။ ခမည်းတော် ဘုရားကို သူချစ်တယ်။ ဒီချစ်ခြင်း မေတ္တာဟာ သူ့ကို ကျေးဇူးတော်ပလ္လင်ထက်ကို ပြန်လည် ပို့ဆောင်မယ်။ ဘုရားသခင်ရဲ့ ညာဘက်မှာ ဘုရားသခင်နဲ့အတူ ပြန်လည် စိုးစံခွင့်ရတယ်။
ဆုတောင်း လောကီသား တွေရဲ့ အပြစ်ကို ယူဆောင်သွားတဲ့ သိုးသူငယ်တော်၊ ကိုယ်တော်ဟာ တန်ခိုး၊ ကြွယ်ဝခြင်း၊ အစွမ်း၊ ပညာ၊ ဂုဏ်အသရေ၊ ကောင်းကြီးနဲ့ ကျွန်ုပ်အသက်ကို ပိုင်သောသူ ဖြစ်တယ်။ ကိုယ်တော့်ကို မျှော်ကြည့်တတ်စေပါ။ လက်ဝါးကပ်တိုင်မှာ အသေခံပေးသောဘုရား ကိုယ်တော့် ခွင့်လွှတ်ခြင်းကို တောင်းဆိုပါတယ်။ ကျေးဇူးတော် အားဖြင့် သန့်ရှင်းစွာနဲ့ အသက်ရှင်ဖို့ မစတော်မူပါ။
မေးခွန်း ၁၁၆
- သခင်ယေရှုရဲ့ စကား ၃ ခွန်းက ဘာလဲ။