Previous Lesson -- Next Lesson
2. နှစ်ခြင်းဆရာ ယောဟန်က ခရစ်တော်သွားမယ့်လမ်းကို ပြင်ဆင်တယ်။ (ယောဟန် ၁း ၆- ၁၃)
ယောဟန် ၁း ၆- ၈
၆ ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင် စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည့်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော် မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။
ဘုရားသခင်က နှစ်ခြင်းဆရာ ယောဟန်ကို အမှောင်ထဲကို စေလွှတ်လိုက်တယ်။ လူတွေကို အလင်းတော်နား ခေါ်ဖို့ ဖြစ်တယ်။ အပြစ်ဆိုတာ အများအားဖြင့် အမှောင်မှာ ပြုတတ်ကြတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် အပြစ်ကို ဝန်ခံသူ၊ နောင်တရသူ၊ စိတ်ကြေကွဲတဲ့သူဟာ အလင်းနားကို ရောက်လာတယ်။ ကဲ … ဘယ်လိုလဲ? အလင်းနားကို လာမလား? အမှောင်မှာ ပုန်းနေဦးမလား?
နှစ်ခြင်းဆရာက လူ့စိတ်သဘောကို ထောက်ပြတယ်။ ပညတ်တော်အရ လူတွေဟာ ဆိုးညစ်တယ်။ သခင်ဘုရားရဲ့နေ့မှာ ပျက်စီးခြင်း မရောက်ဖို့ နောင်တရရမယ်။ စိတ်ပြောင်းလဲရမယ်။ နှစ်ခြင်းဆရာရဲ့ တရားက လူတွေကို လှုပ်ခါစေတယ်။ တောအရပ်မှာ နောင်တတရားဟောတဲ့ သူ့ထံ လူတွေ ပြေးလာတယ်။ အပြစ်တွေ ဖွင့်ဟ ဝန်ခံကြတယ်။ အပြစ်ဆေးကြောခြင်းကို ပုံဆောင်တဲ့အနေနဲ့ ယော်ဒန်မြစ်မှာ နှစ်ခြင်းခံကြတယ်။ သူတို့ရဲ့အတ္တကို ရေမှာ မြှပ်နှံပြီး လူသစ်အဖြစ် ရေမှ ထလာတယ်။ဘုရားက နှစ်ခြင်းဆရာ ယောဟန်ကို သုံးတယ်။ သူ့ကို အလင်းပေးပြီး စေလွှတ်တယ်။ လူတွေ နားလည်မယ်။ စိတ်ပြောင်းမယ်။ ခရစ်တော်ကြွလာဖို့ ပြင်ဆင်မယ်။ ထာဝရဘုရား အခွင့်နဲ့ ကြွလာသောသူကို ဓမ္မဟောင်းခေတ်လူတွေက သိကျွမ်းထားတယ်။ ပရောဖက် ဟေရှာယ ဟောထားတာ ရှိတယ်။ “မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” (ဟေရှာယ ၉း ၂) ထာဝရဘုရား အခွင့်နဲ့ သူဆက်ပြောတာက “ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာပြီ။ ထာဝရဘုရား ဘုန်းတော်သည် သင့်အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။” (ဟေရှာယ ၆၀း ၁)
အမှောင်ထဲမှာ အလင်းပေါ်ထွန်းခြင်းဟာ ဓမ္မဟောင်းလူတွေအတွက်သာ မဟုတ်ဘဲ၊ လူတိုင်းအတွက် ဖွင့်ထားတယ်လို့ ယောဟန်က သွန်သင်တယ်။ ဒါကြောင့် နှစ်ခြင်းဆရာရဲ့တရားက တကမ္ဘာလုံးနဲ့ ဆိုင်တယ်။ အာရှမိုင်းနားမှသည် မြေထဲပင်လယ်ဒေသက လူတွေလည်း သူသေပြီးနောက်ပိုင်းမှာ အလင်းကို ချဉ်းကပ် လာကြတယ်။
သူက အလင်းမဟုတ်ပေမယ့် ထောင်နဲ့ချီတဲ့ လူတွေ သူ့နောက်ကို လိုက်ကြတယ်။ သူက အလင်းတော်ရဲ့ ရှေ့တော်ပြေးသာ ဖြစ်တယ်။ သူ့ဂုဏ်သူ မဖေါ်ဘူး။ ခရစ်တော်ကိုသာ ညွှန်ပြတယ်။ ဘုရား အမှုတော်ဆောင် အစစ် ဆိုတာ ဒါပဲ။ လူတွေကို သူတို့ထံမှာ မစုစည်းဘူး။ ခရစ်တော်ထံ ပို့တယ်။ ယောဟန်ရဲ့ အဓိကအလုပ်က နောင်တနဲ့ ရေနှစ်ခြင်း မဟုတ်ဘူး။ ခရစ်တော်ကို ယုံကြည်ဖို့ ဖြစ်တယ်။ ခရစ်တော်လို့ သူ့ကိုယ်သူ ကြေညာဖို့ လူတွေ မြော်လင့်နေတာ သူသိတယ်။ ဒါပေမယ့် ဒီစုံစမ်းခြင်းထဲ သူကျမသွားဘူး။ ထာဝရဘုရားအတွက် လမ်းခရီးတော်ကို ပြင်တယ်။ ကြွလာမယ့်ခရစ်တော်က လူတွေကို သန့်ရှင်းသော ဝိညာဉ်တော်နဲ့ နှစ်ခြင်းပေးမှာ သူသိတယ်။ လူဟာ အပြစ်ကိုသိပြီး ရေနှစ်ခြင်းခံပေမယ့် စိတ်လှုပ်ရှားမှုသက်သက် နောင်တဟာ မလုံလောက်ဘူး လို့ သူသိတယ်။ အတွင်းလူက လုံးလုံး ပြောင်းလဲဖို့ လိုတာ သူသိတယ်။ စိတ်နှလုံးပြောင်းလဲစေမယ့် အာဏာ၊ ဘုရား သူ့ကို မပေးဘူး။ ဓမ္မဟောင်းပရောဖက်တွေကိုလည်း မပေးဖူးဘူး။ ဒီအခွင့်က မူလဖန်ဆင်းရှင် အလင်းသခင်၊ အသက်ပေးပိုင်ရှင် နှုတ်ကပတ်တော်ကသာ လူတယောက် ယုံကြည်လို့ အလင်းကို လက်ခံမှ လူသစ်ဖြစ်စေနိုင်တာ ဖြစ်တယ်။ ဒီနည်းနဲ့ ယောဟန်က လူတွေ ခရစ်တော်ကို ယုံကြည်လာစေတယ်။ ယုံကြည်ခြင်း တခုတည်းသာ လာမယ့် ကာလသစ်မှာ ဆက်ရှိနေမှာ ဖြစ်တယ်။
အာပေါလုဟာ နှစ်ခြင်းဆရာ ယောဟန်ရဲ့တပည့် ထက်မြက်တဲ့ ရဲရဲတောက် အတွေးအခေါ်ပညာရှင်ပါ။ သူက တရားသစ်ရဲ့ အလင်းရှင်ကို မသိမကျွမ်းဘဲ ခရစ်တော်အတွက် ထိထိရောက်ရောက် ဟောပြောနေသူပါ။ ဒါပေမယ့် ခရစ်တော်ထံ ဆက်ကပ်အပ်နှံတဲ့အခါ၊ အလင်းက သူ့စိတ်နှလုံးထဲ ဝင်လာတယ်။ အလင်းရဲ့သား ဖြစ်လာတယ်။ အမှောင်ထဲမှာ မီးပြတိုက်ရဲ့ အလင်းတန်းလို ဖြစ်လာတယ်။ လူများစွာကို လင်းစေခဲ့တယ်။ (တမန် ၁၈း ၂၄- ၂၈)
ဆုတောင်း ။ သခင်ခရစ်တော်ဘုရား။ ကိုယ်တော်ဟာ လောကအတွက်အလင်း၊ အကျိုးနဲသူတို့အတွက် မြော်လင့်ရာဖြစ်လို့ ကိုယ်တော်ကို ချီးမွမ်းပါ၏။ စိတ်နှလုံးကို လင်းစေ၍ အပြစ်ကိုဖေါ်ပြ ခွင့်လွှတ်ပါ၏။ အလင်းရဲ့သား ဖြစ်စေ၍ ထာဝရအသက်ကို အခမဲ့ ပေးပါ၏။ မိတ်ဆွေများ၊ ဆွေမျိုးများကိုလည်း အလင်းသက်ရောက်စေပါ။ သူတို့လည်း နောင်တရ၊ ယုံကြည်ပြီး အလင်းသို့ ရောက်ကြပါလိမ့်မည်။
မေးခွန်း ၉
- ။ နှစ်ခြင်းဆရာ ယောဟန်ရဲ့ အဓိက အလုပ်ကို ပြောပြပါ။