Previous Lesson -- Next Lesson
2. နှစ်ခြင်းဆရာ ယောဟန်က ခရစ်တော်သွားမယ့်လမ်းကို ပြင်ဆင်တယ်။ (ယောဟန် ၁း ၆- ၁၃)
ယောဟန် ၁း ၉- ၁၀
၉ ဟုတ်မှန်သောအလင်းမူကား ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကို ပေးသောသူဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။
ခရစ်တော်သာ လောကအတွက် စစ်မှန်သော အလင်း ဖြစ်တယ်။ နှစ်ပေါင်းရာချီအလိုကတည်းက သန့်ရှင်းသော ဝိညာဉ်တော်က ပရောဖက်များအားဖြင့် ကြွလာခြင်းအကြောင်း ကြိုပြောခဲ့တယ်။ ဓမ္မဟောင်း အနာဂတ္တိကျမ်းတွေဟာ ခရစ်တော် ဒီလောကကို ကြွလာမယ့်အကြောင်းတွေနဲ့ ပြည့်နေတယ်။
ဒါကြောင့် ပရောဖက် ဟေရှာယက …. “ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း သင့်အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင့်အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်။” (ဟေရှာယ ၆၀း ၂)
လေ့လာနေတဲ့ ကျမ်းပိုဒ်မှာ ဤလောက “world” ဆိုတဲ့စကား ၄ ကြိမ်ပါတယ်။ ယောဟန်ပြောတဲ့ အဓိပ္ပါယ်က အမှောင်ဆိုတာနဲ့ နီးစပ်တယ်။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည် …” (၁ ယော ၅း ၁၉)
အစက လောကက မဆိုးညစ်သေးဘူး။ ဘုရားက အကောင်းအတိုင်း ဖန်ဆင်းထားတယ်။ ဘုရားရဲ့ အလှတရားနဲ့ ကောင်းမြတ်ခြင်းဟာ စင်္ကြဝဠာကြီးကို လွှမ်းထားတယ်။ “ဘုရားသခင်သည် မိမိဖန်ဆင်းတော် မူသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍ ….” (ကမ္ဘာ ၁း ၃၁) လူကို ပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းတယ်။ ဘုန်းတော်ဟာ ကမ္ဘာဦး မိဘနှစ်ပါးအပေါ်မှာ ရောင်ပြန်ဟပ်နေတယ်။
ဒါပေမယ့် မာနကြောင့် ပုန်ကန်မှုနဲ့ အဆိုးအညစ်တွေ ဖြစ်လာတယ်။ ဘုရားနဲ့ မိသဟာယ မဖွဲ့ဘူး။ အမှောင်နဲ့ ပါတ်သက်လာတယ်။ ဒါဝိဒ် ဝန်ခံသလိုပါပဲ လူဟာ ဘုရားနဲ့ဝေးရင် အဆိုးအညစ် ဖြစ်တယ်။ “ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယို့ယွင်း၍ စက်ဆုပ်ဖွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသောသူ တယောက်မျှ မရှိ။” (ဆာလံ ၁၄း၁)
ဒါပေမယ့် ဒီဆိုးညစ်တဲ့ လောကထဲကို အမှောင်ကိုခွင်းဖို့ နေမင်းပေါ်ထွက်လာသလို ခရစ်တော် ကြွလာခဲ့တယ်လို့ သက်သေခံတယ်။ ခရစ်တော်ရဲ့အလင်းက လောကထဲကို ကြွလာတာ မျက်စိကျိန်းစပ်စေမယ့် လျှပ်စီးကြောင်းလို မဟုတ်ဘူး။ သာယာညင်းပြောင်းစွာ အလင်းပေးတာ ဖြစ်တယ်။ တရားသူကြီးလို၊ အပြစ်ဒဏ် ပေးပိုင်သူလို မဟုတ်ဘူး။ ကယ်တင်ရှင်လို၊ ရွေးနှုတ်တဲ့အရှင်လို ဖြစ်တယ်။ လူအားလုံး ခရစ်တော်ရဲ့အလင်း ရဖို့ လိုတယ်။ ဒီအလင်းမရသေးရင်တော့ အမှောင်မှာပဲ ရှိနေမယ်။ ခရစ်တော်သာလျှင် အလင်းပေးပိုင်သူ ဖြစ်တယ်။ ဧဝံဂေလိတရားအားဖြင့် အလင်းကို ရရှိရင် အပြုအမူပြောင်းလဲ ကောင်းမွန်လာပြီး သူတပါးကို အလင်းပေးလာမယ်။
“ဖန်ဆင်းရှင်က လောကကြီးကို ကြွလာတယ်။ ပိုင်ရှင်က သူ့ဒေသကို ရောက်လာတယ်။ ရှင်ဘုရင်က ပြည်သူ့ထံ ရောက်လာတယ်။ ကြွလာချိန်အတွက် ဘယ်သူတွေ ပြင်ဆင်မလဲ၊ စောင့်မြော်နေမလဲ။ ကြွလာမယ့်တရား၊ သူ့ဥပဒေ၊ သူ့ရည်ရွယ်ချက်ကို ဘယ်သူတွေ လေ့လာမလဲ။ လောကီအရာတွေ၊ အချည်းနှီးသော ရည်မှန်းချက်တွေကို စွန့်ပြီး၊ ဘုရားရှင်ကို ဘယ်သူကြိုဆိုမလဲ။ ဒီလို ထူးခြားတဲ့အချိန်၊ ခေတ်ပြောင်းတော့မယ့်အချိန်ကို ဘယ်သူ လိုလိုလားလား လက်ခံမလဲ။” ဒီစကားအဓိပ္ပါယ်ကို သင်နားလည်ပါသလား။
ဒါကြောင့် သခင်ဘုရားက အပြစ်သားတွေကြားမှာ ရောက်ရှိလာရတာပါ။ အသိမပေးဘဲ တိတ်တိတ်ဆိတ်ဆိတ်၊ သိမ်သိမ်ငယ်ငယ် ကြွာလာတယ်။ သူ့ဘုန်း၊ တန်ခိုး၊ ကြီးမြတ်မှုတွေနဲ့ လောကကို အလင်းမပေးဘူး။ နှိမ့်ချခြင်း၊ ချစ်ခြင်းနဲ့ သမ္မာတရားဖြင့်သာ အလင်းပေးပါတယ်။ ဖန်ဆင်းစကာလကတည်းက မာနဟာ ကျဆင်းခြင်းရဲ့ အကြောင်းရင်းပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်းဘုရားသခင်က နှိမ့်ချစွာ ကြွလာရတယ်။ စာတန်ကလည်း ဘုရားလို တန်ခိုးကြီး၊ အစွမ်းကြီး၊ ဉာဏ်ကြီးချင်တာပေါ့။ ဒါပေမယ့် ခရစ်တော်က နုနယ်တဲ့ကလေးလေးလို နွားစာခွက်ထဲမှာ လဲလျောင်းခဲ့တယ်။ လူသားအားလုံးအတွက် ကယ်တင်ခြင်းကို ရဖို့ နူးညံ့သိမ်မွေ့မှု၊ နှိမ့်ချမှု၊ နာခံမှုတွေနဲ့ အနိမ့်ကျဆုံးလူတွေကြားမှာ ဆင်းသက်လာခဲ့တယ်။
စဉ်းစားကြည့်ပါဦး၊ သတင်းကောင်းရဲ့နောက်မှာ ကြောက်စရာစကား၊ ဖေါက်ခွဲလိုက်တဲ့စကားကို ကြားရတယ်။ လောကီသားတွေက အလင်းကို မသိကြ၊ လက်မခံကြဘူးတဲ့။ ဘုရားသားတော် အနားရောက်လာတာ မသိကြဘူးတဲ့။ လောကီအတွေးအခေါ်၊ သိပ္ပံ၊ လူ့ဉာဏ်လူ့အစွမ်းနဲ့ မျက်စိကွယ်နေကြဆဲပဲ။ သူတို့အနားမှာ ဘုရားသခင်ရပ်နေတာ မရိပ်မိကြဘူး။ ဖန်ဆင်းရှင်ကို မသိ၊ ကယ်တင်ရှင်ကို လက်မခံကြဘူး။
ဒီဝမ်းနည်းစရာအချက်မှ ဘုရားနိုင်ငံတော်နဲ့ပါတ်သက်တဲ့ အရေးကြီးတဲ့အချက်တချက်ကို ကောက်ချက်ချ ယူနိုင်တယ်။ ဒါက လူ့ဉာဏ်၊ လူ့အစွမ်းနဲ့ ဘုရားသခင်ကို နိုင်မလည်နိုင်ဘူး ဆိုတာပါပဲ။ ခရစ်တော်ရဲ့ မေတ္တာကို နားလည်ဖို့ရာ ဘုရားကျေးဇူးတော်သက်သက်၊ ဘုရားလက်ဆောင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်က ခေါ်မှ၊ ဉာဏ်ပေးမှ၊ ယုံကြည်စေမှ ဖြစ်တာပါ။ ဒါကြောင့် ကိုယ့်ဉာဏ်ကို အမှီမပြုနဲ့။ ကိုယ့်စိတ်ကို မယုံစားနဲ့။ နောင်တရပါ။ ပန်းကလေးတွေက နေရှိရာကို မျက်နှာမူသလို၊ လူတွေလည်း အလင်းရှင်ရှိရာကို မျက်နှာမူရမယ်။ ဒီလိုနဲ့ ခရစ်တော်ကို ယုံကြည်လို့ စစ်မှန်တဲ့ ဉာဏ်ရလာတယ်။ ဝိညာဉ်တော် တို့ထိတာကို လက်ခံသူတွေမှာ ယုံကြည်ခြင်း ဖြစ်တည်လာတယ်။ လူ့ကြောင့်မဟုတ်ဘူး။
ဆုတောင်း လောကသို့ ကြွလာသောကြောင့် ကျေးဇူးတင်ပါ၏။ တရားစီရင်ဖို့၊ အပြစ်ပေးဖို့ မဟုတ်ပါ။ အလင်းပေးဖို့ ကယ်တင်ဖို့သာ ဖြစ်ပါ၏။ မိုက်ကြပါ၏။ မမြင်ကြပါ။ အပြစ်များကို ခွင့်လွှတ်၍၊ နာခံတတ်စေပါ။ ကိုယ်တော်ကို မြင်ဖို့ ဉာဏ်မျက်စိကို ဖွင့်တော်မူပါ။ နူးညံ့သော အလင်းကို တွေ့မြင်ဖို့ စိတ်နှလုံးကို ဖွင့်ဟပေးတော်မူပါ။ ဝိညာဉ်တန်ခိုးနဲ့ အသက်ရှင်နိုင်ကြပါလိမ့်မည်။
မေးခွန်း ၁၀
- အလင်းရှင်ခရစ်တော်နဲ့ အမှောင်ကမ္ဘာရဲ့ ဆက်ဆံရေးကို ပြောပြပါ။