Previous Lesson -- Next Lesson
1. လူ့ဇာတိမခံမှီ နှုတ်ကပတ်တော်ရဲ့ အလုပ်နဲ့ အနှစ်သာရ (ယောဟန် ၁း ၁ - ၅)
ယောဟန် ၁း ၅
၅ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။
ဘုရားသခင် အတူရှိရင် အရာရာဟာ လင်းလျက်ရှိတယ်။ စင်ကြယ်တယ်။ ပွင့်လင်းမြင်သာပြီး လှပတယ်။ ရှိသမျှက အမှောင်ရိပ်နဲ့ ကင်းလွတ်တယ်။ အရာရာဟာ ကြည်လင်၊ မှန်ကန်၊ ဖြောင့်မတ်၊ သန့်ရှင်းတယ်။ သူ့အနီးအနားမှာ မစင်ကြယ်တာ မရှိ။ ဝိညာဉ်တော်က စင်ကြယ်တယ်။ သခင်ဘုရားရဲ့ အလင်းက မစူးရှဘဲ၊ နူးညံ့တယ်။ စိတ်ပြေစေတယ်။ အနာငြိမ်းတယ်။ ခရစ်တော်ရဲ့ အလင်းရောင်ခြည်ဟာ ကောင်းကင်ကို မီးမောင်း ထိုးပြတာ မဟုတ်၊ အမှောင်ကို ခွင်းပြီး၊ ရွေးနှုတ်ကယ်တင်တယ်။ ဒီနေ့ ခရစ်တော်က အမှောင်မှာ ထွန်းလင်းတာဟာ အံ့ဘွယ် ကျေးဇူးတော်ပါ။ ပျောက်သောသူကို စွန့်မထား၊ လွတ်ခြင်းအခွင့်နဲ့ လင်းစေတယ်။
အမှောင်ကမ္ဘာဟာ အလင်းရဲ့သားတွေကို ဆန့်ကျင်လေ့ရှိတာကို သိဖို့လိုတယ်။ အမှောင်ဘယ်လို ဖြစ်တည်လာပုံ အတိအကျ မသိရဘူး။ ဒီလျှို့ဝှက်ချက်ကို ရှင်ယောဟန်က မပြောဘူး။ အလင်းကို သိဖို့၊ အမှောင်မှာ မကျင်လည်ဖို့ သတိပေးတယ်။ လူတွေ၊ သတ္တဝါတွေ အားလုံး အမှောင်မှာ ကျဆင်းသွားတယ်။ ဆိုးညစ်သူရဲ့ လေပွေအောက်မှာ တလောကလုံး ရောက်သွားခဲ့တယ်။
မေးစရာ တခုရှိပါတယ်။ ခရစ်တော်က ဘုရားသခင်နဲ့ သဘောညီညွတ်စွာ စင်္ကြဝဠာကြီးကို ဖန်ဆင်းခဲ့တယ်ဆိုရင် အမှောင်က ဘယ်လို နေရာရသွားသလဲ? လူကို သဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းရင် ဘယ်လိုလုပ် ဘုရားရှေ့ အသရေ ပျက်ကြရသလဲ? ယောဟန်က စာတန်ကို နာမည်တပ် ခေါ်မထားဘူး။ စာတန်က ဘုရားစကား နားမထောင်၊ အရောင်အဝါ ထွန်းတောက်ချင်တယ်။ ခရစ်တော်ကို အမြဲဆန့်ကျင်တယ်။ ဒါကြောင့် သူရထားတဲ့အလင်း ကွယ်ပျောက်ရတယ်။ စာတန်က မာနတက်ပြီး၊ ဘုရားသခင်မပါဘဲ ကြီးမြတ်ချင်တယ်။ ဘုရားကို နိုင်ချင်လို့ ဘုရားထက် မြင့်ချင်တယ်။ ဒါနဲ့ နောက်တော့ အမှောင်ကို အုပ်စိုးတဲ့သူ ဖြစ်သွားတယ်။
ကဲ- ကိုယ်ဘဝရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ? ဘုရားမပါဘဲ ကြီးမြတ်ချင်၊ နာမည်ကြီးချင်၊ ကိုယ့်ကိုကိုယ် သာယာ ကြေနပ်နေချင်သလား? ဒါဆိုရင်တော့ မာနတ်လိုပဲ အမှောင်ထဲကလူ ဖြစ်နေပြီ။ မာနတ်က တယောက်ထဲ မနေချင်တော့ လူတွေကို သန်းနဲ့ချီပြီး အမှောင်ထဲကို ဆွဲခေါ်တယ်။ အနီးအနားက ဖြတ်သွားဖြတ်လာ မျက်နှာတွေကို ကြည့်ကြည့်ပါ။ သူတို့မျက်လုံးမှာ အလင်းကို တွေ့သလား၊ အမှောင်ကို တွေ့သလား? သူတို့ စိတ်နှလုံးမှာ ဘုရားရဲ့ အပျော်ရိပ်ကို တွေ့သလား။ စာတန်ရဲ့ အငိုရိပ်ကို တွေ့သလား။
ဘုရားရဲ့အလင်းက သူ့ကို အပြစ်စီရင်နေလို့ မာနတ်က ဘုရားကို မုန်းတယ်။ သူလွန်ကျူးတာတွေကို ဖေါ်မယ့် အလင်းကို အလိုမရှိဘူး။ ဒါကြောင့် ခိုးကြောင်ခိုးဝှက် ပုံးနေရတယ်။ ခရစ်တော်နဲ့ အလင်းရဲ့သားတွေကို နိုင်ချင်တယ်။ ဒီသစ္စာဖေါက်က အလင်းကို မြင်ပျင်းတယ်။ မုန်းတယ်။ မျက်နှာကို ကွယ်ဝှက်ရတာကြောင့် အလင်းကို မကြိုက်ဘူး။ သန်းပေါင်းများစွာသော လူတွေဟာ သူတို့ရဲ့ အပြစ်အမှောင်ထဲမှာ ခရစ်တော်ရဲ့အလင်း လင်းလာမှာကို မမြင်ချင်ကြဘူး။ အလင်းဆိုတာကို လူတွေ သိပါတယ်။ ရှင်းပြစရာ မလိုပါဘူး။ တောက်ပတယ်။ ရှင်းလင်းတယ်။ ရောင်ဖြာတယ်။ ကလေးတွေလည်း အလင်းဟာ အသက်ရဲ့ အမြစ်ဆိုတာ သိကြတယ်။
သန်းပေါင်းများစွာသော လူတွေက ခရစ်တော်ရဲ့ ဘုန်းတော်၊ တန်ခိုးတော်ကို မခံယူဘူး။ နားမလည်ချင်ဘူး။ လှည့်စားတဲ့ အတွေးအခေါ်တွေက မျက်စိကို အမှောင်ဖုံးနေတော့ ခရစ်တော်ရဲ့ ဘုရားစကားကို ပစ်ပယ်ကြတယ်။ တကယ်တော့ ကိုယ်အပြစ်ကို မပေါ်စေချင်ဘူး။ အလင်းနားကို မချဉ်းကပ်ဘဲ အမှောင်မှာပဲ ဆက်နေချင်တယ်။ အပြစ်လည်း ဝန်မခံ၊ ကိုယ့်အလိုလည်း မငြင်းပယ်ဘူး။ မာနတက်ပြီး၊ ထောင်လွှားကြတယ်။ ခရစ်တော်ရဲ့အလင်း ကျေးဇူးတရားကို မမြင်နိုင်ဘူး။ အမှောင်က အလင်းနဲ့ ပြိုင်တယ်။ ဒါပေမယ့် အလင်းက ချစ်ခြင်းအားဖြင့် အောင်နိုင်တယ်။ ကဲ - ဘယ်လိုလဲ? အလင်းရဲ့သားလား? အမှောင်ရဲ့သား ဖြစ်မလား?
ဆုတောင်း အို - ကိုယ်တော်။ ကိုယ်တော်ဟာ လောကရဲ့အလင်း ဖြစ်ပါတယ်။ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ နောက်တော်သို့ လိုက်ပါတယ်။ အမှောင်မှာ မကျင်လည်ဘဲ အသက်ရဲ့အလင်းကို လက်ခံပါတယ်။ ဘုရားအမျက်တော် အမှောင်ထဲမှာ ကြောက်စရာ ပစ်မထားဘဲ အလင်းတော်ထဲ ခေါ်ထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့အလင်း အနားမှာ လင်းနေတာကို လူသန်းပေါင်းများစွာ မမြင်ကြပါဘူး။ သနားတော်မူပါ။ အလင်းကို ပေးတော်မူပါ။ အို … အလင်းရှင် ဘုရား။
မေးခွန်း ၈
- ဝိညာဉ်သဘောအရ အလင်းနဲ့ အမှောင်ရဲ့ ခြားနားချက်ကို ပြောပြပါ။
မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင် ရှိနေသော သူတို့၌ အလင်း ပေါ်ထွန်းလျက်ရှိ၏။
(Isaiah 9:2)