Previous Lesson -- Next Lesson
3. လူ့ဇာတိခံယူရာမှာ ဘုရားဇာတိ အပြည့် ထင်ရှားခြင်း ရှိ။ (ယောဟန် ၁း ၁၄ - ၁၈)
ယောဟန် ၁း ၁၄
၁၄ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျှက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
ယေရှုခရစ်က ဘယ်သူလဲ? ဘုရားစင်စစ် ဖြစ်သလို၊ လူသားစစ်စစ်လည်း ဖြစ်တယ်။ ဒီအချက်ဟာ ရှင်ယောဟန် ခရစ်ဝင်ကျမ်းရဲ့ ဆောင်ပုဒ်ဖြစ်သလို လျှို့ဝှက်ချက်ကြီးအဖြစ် ဖေါ်ပြထားတယ်။ ဘုရား နှုတ်ကပတ်တော် လူ့ဇာတိ ခံယူရာမှာ ဒီသတင်းစကားရဲ့ အခြေခံအုတ်မြစ်ကို ဖေါ်ပြထားတယ်။ အငယ် ၁၄ က နောက်က လိုက်လာတဲ့ သတင်းစကားအားလုံးရဲ့ သော့ချက်ဖြစ်တယ်။ ဒီဝိညာဉ်ပုလဲကို ရလိုက်ရင် နောက်အခန်းတွေအတွက် နက်ရှိုင်းတဲ့ ဝိညာဉ်အလင်းကို ရလိမ့်မယ်။
ခရစ်တော် လူ့ဇာတိခံယူတာဟာ ကျွန်တော်တို့ ဝိညာဉ်မွေးဖွါးတာနဲ့ သဘာဝ မတူဘူး။ လူမှာ ကိုယ်ခန္ဓာရှိတယ်။ မိဘ ရှိတယ်။ ဧဝံဂေလိ ကြားရတဲ့အခါ အထဲမှာ ထာဝရအသက် ရလာတယ်။ ဒါပေမယ့် ခရစ်တော်က လူ့သားဖခင် မရှိဘူး။ မာရိကို ကောင်းကင်တမန်က “ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား ဘုန်းအာနုဘော်တော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသော သားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။” (လုကာ ၁း ၃၅)
အပျိုကညာ မာရိက ဒီအံ့ဘွယ်သတင်းစကားကို ယုံကြည် လက်ခံတဲ့အခါ သူ့ဝမ်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က လူ့အသွေးနဲ့ ပူးပေါင်းပြီါ် ပဋိသန္ဓေ စွဲလာတယ်။ ဘုရားက လူဖြစ်လာတော့တယ်။
ဒါကို လူ့ဥာဏ်နဲ့ လိုက်မမှီဘူး။ ဇီဝဗေဒပညာ ဘိုင်အိုလော်ဂျီနဲ့ ရှင်းလို့ မရဘူး။ လူ့အတွေ့အကြုံကလည်း မမှီဘူး။ တချို့ သီသြလော်ဂျီသမားတွေက သိပ္ပံသမားတွေ နားလည်လက်ခံနိုင်အောင် ခရစ်တော်က ထင်ရှားပြရုံပါပဲ၊ ဒုက္ခဝေဒနာကို ခံစားနိုင်တဲ့ ကိုယ်ခန္ဓာ မပါဘူးလို့ လျော့ပြောကြတယ်။ တကယ်တော့ ခရစ်တော်က ဘုရားဇာတိ အပြည့်ပါသလို၊ လူသဘာဝလည်း အပြည့်ပါတယ်။
ဒီလို အံ့ဘွယ်မွေးဖွါးခြင်းကို အကောင်းဆုံး ရှင်းပြနိုင်တဲ့အကြောင်းအရာကတော့ ခရစ်တော် လူ့ဇာတိခံယူခြင်းပါပဲ။ ထာဝရကာလကတည်းက ဘုရားသခင်ရဲ့ ထာဝရသားတော်ဟာ အပြစ်မရှိတဲ့ လူ့ဇာတိကို ခံယူတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း အပြစ်ရဲ့ ဖျားယောင်းသွေးဆောင်မှုတွေကို အောင်မြင်တယ်။ ဒါကြောင့် လူသားဆိုပေမယ့် အပြစ်ကင်းစင်စွာ အညစ်အစွန်းမရှိ နေနိုင်တယ်။
ဘုရားသားတော်ဟာ သေတတ်၊ ပုန်ကန်တတ်၊ သတိမဲ့၊ ဆိုးညစ်တဲ့ လူသားတွေနဲ့ ရောနှော သွားလာခဲ့ရတယ်။ ဒါပေမယ့် သေတတ်သူ မဟုတ်၊ ထာဝရတည်တယ်။ ဘုန်းစည်းစိမ် ကြွယ်ဝပေမယ့် ချစ်ခြင်းမေတ္တာကြောင့် ဘုန်းစည်းစိမ်ကို စွန့်ကာ လူသားတွေထံ နှိမ့်ချစွာ ကြွလာတယ်။ လူသားတယောက် ဖြစ်လာပြီး၊ လူ့သဘာဝကို ကောင်းကောင်း နားလည်တယ်။ ဝေဒနာကိုခံရင်း စုံလင်တဲ့ နာခံမှုကို သင်ယူတယ်။ ဒါနဲ့ သနားကြင်နာမှုကို သင်ယူတယ်။ ဆိုးညစ်သူကို မကဲ့ရဲ့ဘူး။ လူကို ဘုရားနားပို့ဆောင်ဖို့ လူအဖြစ်ခံယူတယ်။
ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟာ လူနဲ့ဘုရား တွေ့ဆုံတဲ့ တဲတော်နဲ့ သဘာဝတူတယ်။ ဘုရားသခင်က ခရစ်တော်ထဲမှာ ရှိပြီး၊ ဘုရားဂုဏ်တော် အပြည့်ပါတဲ့ လူသားအနေနဲ့ လူတွေကြားမှာ ပေါ်လာတယ်။ ဂရိစကားအရဆိုရင် ရှင်ယောဟန် ပြောတာက ခရစ်တော်ဟာ လူတွေကြားက တဲတော် ဖြစ်တယ်။ ဒါက ခရစ်တော်က လူတွေကြားမှာ နေထိုင်စရာ တည်မြဲတဲ့ ရဲတိုက်ကြီး မဆောက်ဘူး။ ခဏတာ လူတွေရဲ့တဲတွေမှာ ခိုနားသူသာ ဖြစ်တယ် လို့ ဆိုလိုတယ်။ တဲကို ဖြုတ်ပြီး တခြားတနေရာကို သွားရပြန်တယ်။ ဒီလိုပဲ ခရစ်တော်က ကောင်းကင်အိမ်တော် မပြန်ခင် ခဏတာ လူတွေကြားမှာ နေတယ်။
တမန်တော်တွေက သူတို့မြင်ခဲ့ရတဲ့ ခရစ်တော်ရဲ့ဘုန်းတော်ကို သက်သေခံကြတယ်။ သူတို့ သက်သေခံပုံက တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း ရှိတယ်။ သူတို့က ခရစ်တော် လူ့ဇာတိခံယူတာရဲ့ မျက်မြင်သက်သေ ဖြစ်တယ်။ ယုံကြည်ခြင်းကြောင့် ဥာဏ်မျက်စိပွင့်ပြီး၊ သခင်ယေရှုရဲ့ ချစ်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ သစ္စာရှိခြင်း၊ ဘုရားဖြစ်ခြင်းတွေကို နားလည်လာကြတယ်။ သခင်ယေရှုရဲ့ သန့်ရှင်းခြင်းကြောင့် ဘုရားဆိုတာ သိမြင်သွားတယ်။ ဓမ္မဟောင်းမှာ ဘုန်းတော်ဆိုတာ ဘုရားဂုဏ်တော် အားလုံးကို ခြုံခေါ်တာ ဖြစ်တယ်။ ရှင်ယောဟန်က သခင်ယေရှုရဲ့ ဂုဏ်တော် အားလုံးကို ရဲရဲဝံ့ဝံ့ ဖေါ်ပြထားတယ်။ နက်နဲတဲ့ ကြီးမြတ်မှုနဲ့အတူ အလှတရားလည်း ရှိတော်မူတယ်။
သန့်ရှင်းသော ဝိညာဉ်တော် မှုတ်သွင်းခြင်းဖြင့် ရှင်ယောဟန်က ခမည်းတော် ဘုရားသခင်နဲ့ သားတော် သခင်ယေရှု လို့ ခေါ်တယ်။ ဒီအသုံးအနှုံးတွေက လွဲစရာ အကြောင်းမရှိဘူး။ ဝိညာဉ်တော် မှုတ်သွင်းခြင်းက ထာဝရ သန့်ရှင်းသူ၊ တန်ခိုးကြီးသော ဖန်ဆင်းရှင် ဆိုတဲ့ လျှို့ဝှက်ထားတဲ့ ဘုရားနာမကို ကုလားကာခွဲ ဖွင့်ဟလိုက်တယ်။ သန့်ရှင်း၊ ဘုန်းကြီး၊ ထာဝရတည်ပြီး၊ ချစ်ခြင်းမေတ္တာ ပြည့်ဝတဲ့ သားတော်တပါး ရှိတယ်။ ဘုရားသခင်ဟာ တန်ခိုးနဲ့ ပြစ်ဒဏ်ပေးတဲ့ တရားသူကြီးမျှသာ မဟုတ်တော့ဘူး။ သနားတတ်၊ ကြင်နာတတ်၊ သည်းခံတတ်တဲ့ ဘုရား ဖြစ်တယ်။ သားတော်လည်း ဒီလိုပါပဲ။ ခမည်းတော်နဲ့ သားတော်ကို နားလည်ရင် ဓမ္မသစ်ရဲ့ အနှစ်ကို သိတာပါပဲ။ ဒီတရားကို သိရင် ဘုရားကို ပိုသိလာတယ်။ မေတ္တာတရားကို နားလည်လာတယ်။
ဘုရားသခင်ကို သိချင်ရင်၊ ခရစ်တော်အကြောင်းကို လေ့လာပါ။ တပည့်တော်တွေက သခင်ယေရှုကို ဘယ်လိုမြင်ကြလဲ? သူတို့သက်သေခံချက်ရဲ့ အနှစ်ချုပ်ကို သိသလား? သူတို့က ဘုရားမေတ္တာကို ကျေးဇူးတော်နဲ့ သမ္မာတရား ပတ်ရစ်ပြီး မြင်ခဲ့ကြတယ်။ ဒီအချက် ၃ ချက်ကို ဆုတောင်းပြီး ဆင်ခြင်ကြည့်ပါ။ ခရစ်တော်အပေါ်မှာ ရှိတဲ့ ဘုရားဘုန်းတော်ကို ခံစားမိလာမယ်။ လူက အပြစ်ရှိပေမယ့်၊ ဘယ်သူမှ မကောင်းကြပေမယ့် ဘုရားက အနာပျောက်စေတဲ့ ကျေးဇူးတရားနဲ့ ပေါ်လာတယ်။ ယို့ယွင်းတဲ့ လကြားမှာ ဘုရားပေါ်လာတော့မှ ကျေးဇူးတော် ဆိုတဲ့ စကား ပေါ်လာတော့တယ်။ သန့်ရှင်းစင်ကြယ်စေပြီး၊ ဆေးကြောပြီး၊ အသစ်ဖန်ဆင်းပြီး၊ ဝိညာဉ်တော် ကျိန်းဝပ်စေပြီးမှ ငါ့ညီတွေလို့ ခေါ်ဖို့ ရှက်တော် မမူခဲ့ဘူး။ ဒီလိုကယ်တင်တာဟာ ကျေးဇူးတော် တပါးမှာ တပါးဆင့်တာ မဟုတ်ဘူးလား? ဒီပြင် ဘုရားသားဖြစ်ရရုံမျှမက၊ အရိုက်အရာအသစ်ပါ ရတယ်။
ကျေးဇူးတော်ဆိုတာ အရိပ်အယောင်မျှသာ မဟုတ်ဘူး။ အရိုက်အရာသစ်တခု ဖြစ်တယ်။ လူ့ဇာတိခံယူတာဟာ ဘုရားအလုပ်လုပ်နေခြင်းရဲ့ စစ်မှန်တဲ့ သက်သေဖြစ်တယ်။ ကယ်တင်ခြင်းကို ပေးတယ်။ ကျေးဇူးတော်ဟာ ယုံကြည်ခြင်းရဲ့ အခြေခံအကြောင်းတရားပါ။
ဆုတောင်း ဖွါးမြင်ခြင်းခံသော ကိုယ်တော်ကို ဗက်လင်မြို့ နွားစာခွက်မှာ သိုးထိန်းတို့ ပြပ်ဝပ်ကိုးကွယ်သလို ကိုးကွယ်ပါ၏။ ဘုရားအဖြစ်မှ လူ့ဇာတိခံယူလျက်၊ ညီအကို ဖြစ်ရန် ရှက်တော်မမူခဲ့ပါ။ အလင်းတော်သည် အမှောင်ကို ခွင်းပါ၏။ မစင်ကြယ်သော ကျွန်ုပ် စိတ်နှလုံးကို သန့်ရှင်းစေ၍ ထာဝရကျိန်းဝပ်ရာ နွားစာခွက် ဖြစ်စေပါ။ ဘုန်းအသရေတော်သည် လူ့ကိုယ်ခန္ဓာအဖြစ် ပေါ်လာ၍ ယုံကြည်သူတို့နှင့်အတူ ကိုယ်တော်ကို ချီးမွမ်းပါ၏။ တခြားသောသူများလည်း ကိုယ်တော်ကို လက်ခံ၍ အသစ်သော အရိုက်အရာကို ရကြပါစေသောဝ်။
မေးခွန်း ၁၂
- ခရစ်တော် လူ့ဇာတိခံခြင်းရဲ့ အဓိပ္ပါယ်ကို ပြောပြပါ။