Previous Lesson -- Next Lesson
1. ဗိမာန်တော် သန့်ရှင်းရေး (ယော ၂း ၁၃ -၂၂)
ယောဟန် ၂း ၁၃ - ၁၇
၁၃ ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။ ၁၄ ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသောသူတို့ကို၎င်း၊ ပွဲစားများ ထိုင်လျက်ရှိသည်ကို၎င်း တွေ့တော်မူလျှင်၊ ၁၅ ရိုက်စရာဖို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန်တော်မှ နှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏။ ၁၆ ချိုးငှက်ရောင်းသောသူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲ မလုပ်ကြနှင့် ဟု မိန့်တော်မူ၏။ ၁၇ ကိုယ်တော်၏အိမ်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏ ဟူ၍ ကျမ်းစာလာသည်ကို ထိုအခါ တပည့်တော်တို့သည် မှတ်မိကြ၏။
သခင်ယရှုက ပသခါပွဲနေ့မှာ ယေရုရှလင်ကို သွားတယ်။ ကမ္ဘာအရပ်ရပ်က ဂျူးလူမျိုး သိန်းချီပြီး ရောက်လာတယ်။ အမျက်တော်ဘေးက လွတ်စေတာကို သတိရတဲ့အနေနဲ့ ပသခါသိုးသငယ်တွေကို ပူဇော်တယ်။ အသွေးသွန်းခြင်း မရှိရင် အပြစ်လွှတ်ခြင်း မရှိပါဘူး။ အပြစ်လွှတ်ခြင်း မရှိရင် ဝတ်ပြုကိုးကွယ်တာ အလာကားပါ။ ဒါကြောင့် သခင်ယေရှုက ယော်ဒန်မြစ်ကမ်းမှာ နှစ်ခြင်းရဲ့ ပုံဆောင်မှုအနေနဲ့ လောကီသားတွေရဲ့ အပြစ်ကို ယူဆောင်ခဲ့တယ်။ လောကီသားတွေ ကိုယ်စား ဘုရားအမျက်တော်ကို ခံယူမယ့် နိမိတ်အနေနဲ့ သေခြင်းဆိုတဲ့ နှစ်ခြင်းကို ခံယူတယ်။ သူက ဘုရားသခင်ရဲ့ သိုးသငယ်မို့ပါ။
မြို့ထဲရောက်တော့ လှပခမ်းနားတဲ့ အဆောက်အဦတွေကို စိတ်မဝင်စားဘဲ ဗိမာန်တော်ကို သွားတယ်။ ယဇ်ပူဇော်ခြင်းနဲ့ ဆိုင်တဲ့ လူတွေရဲ့ ကယ်တင်ခြင်းကို စိတ်ဝင်စားတယ်။ အံ့အားသင့်စရာအဖြစ် ဗိမာန်တော်ရဲ့ ဝတ်ပြုခြင်းက အဓိပ္ပါယ်မဲ့ နေတယ်။ အညစ်အကြေးတွေ၊ ဆူညံသံတွေ၊ နွားမြည်သံ၊ ရောင်းဝယ်သူတွေရဲ့ ငြင်းခုံသံ၊ သွေးသံရဲတေဲ့ ယဇ်ကောင်တွေကို တွေ့ရတယ်။ နိုင်ငံခြားကနေ ဝတ်ပြုလာတဲ့သူတွေရဲ့ နိုင်ငံခြားငွေကို ဂျူးငွေနဲ့ လဲပေးနေတဲ့ ငွေလဲနေသူတွေရဲ့ ငြင်းခုံသံတွေ ကြားရတယ်။
ဗိမာန်တော်ထဲက ဆူညံသံတွေအရ ဖြောင့်မတ်ခြင်းဟာ ငွေပေးဝယ်လို့ ရတဲ့ သဘောဖြစ်နေတယ်။ နိုင်ငံခြားက လာသူတွအမြင်မှာ ကျေးဇူးတရားနဲ့ ဖြောင့်မတ်ခြင်းဟာ ငွေပေးရ၊ အလှူပေးရသလို ဖြစ်နေတယ်။ ကယ်တင်ခြင်းဟာ ကိုယ်လုပ်လို့ မရမှန်း မမြင်သာတော့ဘူး။
ဒီနေရာမှာ သခင်ယေရှုက သူ့ရဲ့ ဖြောင့်မတ်ခြင်းကို ပြတယ်။ စစ်မှန်မှုကို နှစ်သက်တဲ့အတွက် သခင်ယေရှုက ပွဲစား စားပွဲတွေ၊ ငွေတွေကို မှောက်လှဲပစ်တယ်။ လူကိုတော့ မလုပ်ဘူး။ အသံကတော့ ဘုရား ဘုန်းတော်ကို ထိပါးတာ မကြိုက်မှန်း သိသာတယ်။ ဘုရားနှစ်သက်တဲ့ စိတ်နှလုံးပါတဲ့ ဘုရားတရား ကိုင်းရှိုင်းခြင်းမျိုး မတွေ့ရဘူး။
ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းအပေါ် အလေးအနက်မထားတာကို သခင်ယေရှု စိတ်ကြေကွဲခဲ့ရတယ်။ ဘုရားတရားမှာ ဒီလို ပေါ့လျော့တာဟာ စိတ်ဓါတ်တွေ အမှောင်ကျနေကြောင်း ပြနေပါတယ်။ ပညတ်တော် ပေးခဲ့တာ နှစ်ပေါင်း ၁၃၀၀ ရှိချိန် ရောက်နေပါပြီ။ ဗိမာန်တော်ကို သန့်ရှင်းစေခြင်းဖြင့် ဘုရားအမျက်တော်နဲ့ စိတ်အားကြီးမှုကို ပြတော်မူပါတယ်။ ဗိမာန်တော် သန့်ရှင်းသွားတယ်။ ဘုရားတရားမှာ ပြုပြင်မှုတွေ လိုတယ်။ စိတ်ဓါတ်တွေ ပြောင်းလဲရမယ် လို့ ပြသနေတယ်။
ယော ၂း ၁၈ - ၂၂
၁၈ ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။ ၁၉ ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။ ၂၀ ယုဒလူတို့က၊ အနှစ်လေးဆယ် ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။ ၂၁ ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကို အမှတ်ပြု၍ မိန့်တော်မူ၏။ ၂၂ ထို့ကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက် ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့်၊ ကျမ်းစာကို၎င်း၊ ယေရှု၏ နှုတ်ကပတ်တော်ကို၎င်း ယုံကြ၏။
ဗိမာန်တော်ကို သန့်ရှင်းတယ်၊ ပွဲစားတွေ ညဉ်းကြတယ် ဆိုတာကို ယဇ်ပရောဟိတ်တွေ ကြားတဲ့အခါ သခင်ယေရှုထံ အပြေးလာ မေးကြတယ်။ “ဘယ်သူ့အခွင့်နဲ့ ဒါတွေလုပ်တာလဲ။ ဘယ်သူက စေလွှတ်တာလဲ။ လုပ်ပိုင်းခွင့် ရှိသလား သက်သေပြပါ။” သန့်ရှင်းရေး လုပ်တာကို မကန့်ကွက်ကြဘူး။ လူ့ဒေါသနဲ့ လုပ်တာတော့ မဟုတ်ဘူး။ ဘုရားဘုန်းတော်အတွက် စိတ်အားကြီးလို့ လုပ်တယ် ဆိုတာ သိတယ်။ သိချင်တာက နောက်ကွယ်က အကြောင်းရင်း၊ တွန်းအားကို သိချင်တယ်။ ဒါကြောင့် သူတို့ ယဇ်ပရောဟိတ်အသင်းရဲ့ ခွင့်ပြုချက်မပါဘဲ ဗိမာန်တော် ပြုပြင်တဲ့ သခင်ယေရှုဟာ သူတို့အမြင်မှာ ရန်သူ ဖြစ်တယ်။
သူတို့ရဲ့ ဟန်ဆောင်ကိုးကွယ်မှုကို သခင်ယေရှု ပြစ်တင်တယ်။ ဝတ်ပြုသူတွေက “တားမတ်” အထုံးအဖွဲ့ကို ကြိုက်တယ်။ ဘုရားအတူပါရှိဖို့ ငွေလိုတယ် ဆိုတဲ့ သဘောကို ကြိုက်တယ်။ လူတွေ နားမလည်တဲ့ နက်နဲတဲ့ ကိုးကွယ်ခြင်းအတွက် ဗိမာန်တော် ဖျက်ဖို့ လိုတယ်ဆိုတာ သခင်ယေရှုက ကြိုမြင်ထားတယ်။ ဘာသာရေး ထုံးတမ်းတွေ၊ လိုက်နာမှုတွေက လူကို မကယ်နိုင်ဘူး။ ဘုရားရဲ့ ကယ်တင်တဲ့ ဘုရားသခင်ထံ စိတ်ပြောင်းလဲမှသာ ကယ်တင်ခြင်းရနိုင်တယ်။
ကယ်တင်မယ့်သူက လူ့ဇာတိခံယူပြီး သူတို့အလယ်မှာ ရောက်နေပြီ။ သခင်ယေရှုကသာ စစ်မှန်တဲ့ ဗိမာန်တော် ဖြစ်တယ်။ ဘုရားသခင်က သခင်ယေရှုအထဲမှာ ရှိတယ်။ သခင်ယေရှုက “ငါ့ကိုယ်ခန္ဓာဖြစ်တဲ့ ဗိမာန်တော်ကို ဖျက်လိုက်ပါကွာ။ မင်းတို့ ငါ့စိတ်ဓါတ်ကို မလှန်နိုင်ပါဘူး။ မင်းတို့ ဗိမာန်တော်ကို ဖျက်ဆီးပေမယ့် ၃ ရက်မြောက်နေ့မှာ ပြန်ရှင်မယ်။ သင်္ချိုင်းထဲမှ ထမြောက်မယ်။ မင်းတို့ သတ်ပေမယ့်၊ ငါ ရှင်တယ်။ ငါက အသက်ပဲ။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ပဲ။ မင်းတို့ သတ်လို့ မရဘူး။” ဒါက သခင်ယေရှုဟာ ထမြောက်မယ့်အကြောင်းကို တိုက်ရိုက် ကြေညာတယ်။ ထမြောက်ခြင်းဟာ ဒီနေ့ခေတ်တိုင်အောင် အကြီးဆုံး နိမိတ်လက္ခဏာ ဖြစ်တယ်။ ယဇ်ပရောဟိတ်တွေရဲ့ လူတွေက ဒီဥပမာကို နားမလည်ဘူး။ သလင်းကျောက်တွေ၊ ကျောက်ဆိုင် ကျောက်သားတွေကို ကြည့်ရင်း သခင်ယေရှုဟာ ဘုရားကျိန်းဝပ်ရာကို ပစ်မှားနေပြီ၊ ဟေရုဒ်က ၄၆ နှစ် လုံးလုံး ဆောက်ခဲ့ရတယ် လို့ ယူဆကြတယ်။ သူတို့ပြောတာက ကျောက်ဆောင် ကျောက်သားတွေ။ သခင်ယေရှု ပြောတာက ကိုယ်ခန္ဓာ။ အခုလို အစောပိုင်း ငြင်းခုံကြတဲ့အကြောင်းအရာတွေဟာ နောက်ပိုင်း ဆန်ဟင်ဒရင် လွှတ်တော်မှာ မမှန်သက်သေတွေနဲ့ စွပ်စွဲဖို့ဖြစ်လာတယ်။
ဓမ္မဟောင်းလူတွေဟာ သခင်ယေရှုပြောတဲ့ ယုံကြည်ခြင်း အသစ်ကို နားမလည်နိုင်ဘူး။ တပည့်တော်တွေလည်း အသေခံပြီး မထမြောက်မချင်း နားမလည်နိုင်ခဲ့ဘူး။
ဒီနေ့မှာတော့ ယုံကြည်သူတွေဟာ အသက်ရှင်တဲ့ ကျောက်တွေ ဖြစ်တဲ့အတွက် ကိုယ်တော်က ဝိညာဏ ဗိမာန်မှာ အတူ ရှိနေပါတယ်။ သခင်ယေရှု ပြောတဲ့ စကားတွေကို တပည့်တော်တွေ နားလည်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်က အလင်းပေးပါတယ်။ ယုံကြည်ခြင်း တည်မြဲပြီး ဘုရားဗိမာန်တော်မှာ အတူပါဝင်ကြရတယ်။
ဆုတောင်း သခင်ယေရှုဘုရား၊ ကိုယ်တော်ဟာ အပြစ်သားတွေ ဘုရားနဲ့ ဆုံရာ ခိုလှုံရာအရပ် ဖြစ်ပါတယ်။ နောင်တနဲ့ ကိုးကွယ်လျက်၊ ဝိညာဉ်တော်နဲ့ ပြည့်စေပါ။ ဝိညာဉ်တော်ရဲ့ ဗိမာန်တော်အဖြစ်ပါဝင်ရင်း ခမည်းတော်ရဲ့ ဘုန်းကို အစဉ်အမြဲ ထင်ရှားနိုင်ပါလိမ့်မယ်။
မေးခွန်း ၂၅
- သခင်ယေရှုက ဗိမာန်တော်ကို သွားပြီး ဘာကြောင့် ပွဲစားတွေကို နှင်ထုတ်ခဲ့သလဲ?