Previous Lesson -- Next Lesson
4. လူတွေကို လက်ခံမလား၊ ငြင်းပယ်မလား ရွေးချယ်စေတယ်။ (ယော ၆း ၂၂ - ၅၉)
'''ယော ၆း ၂၂ - ၂၅
၂၂ အိုင်တစ်ဖက်၌နေသော လူအစုအဝေးတို့သည်ကား၊-
၂၃ အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊- ၂၄ ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။ ၂၅ အိုင်တစ်ဖက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။-'''
လှေပေါ်မှာ သခင်ယေရှု ပါမသွားတာ ရိပ်မိကြတော့ ကိုယ်တော်ေ၇ှာင်ထွက်သွားတာကို အံ့သြကြတယ်။ ညအမှောင်ကြားမှာ ရှောင်ထွက်သွားခဲ့တယ်။ မုန့်စားရကြတယ်ဆိုတဲ့ သတင်းကြောင့် လူတွေ ကပေရနောင်မြို့ကို ထောင်နဲ့ချီပြီး လာကြတယ်။ အံအားသင့်သလို မုန့်တွေ ဝေချင်တာလည်း ပါတယ်။ တပည့်တော်တွေရဲ့ အိမ်တွေမှာ သခင်ဘုရားကို ရှာဖို့ အပြေးလာကြတယ်။ “ငါ၏နာမကို အမှီပြု၍ လူနှစ်ဦး၊ သုံးဦးတို့သည် စုဝေးကြလျှင်၊ သင်တို့အလယ်၌ ငါရှိ၏။” ဆိုတဲ့ ခရစ်ယာန်တရားစကားကို စတင်သင်ယူမိကြတယ်။
နိမိတ်လက္ခဏာရှာချင်သူတွေလည်း အံ့အားသင့်ကြတယ်။ “ကိုယ်တော် ဒီကို ဘယ်လို ရောက်လာသလဲ” လို့ မေးကြတယ်။ ဒီအမေးကို မဖြေဘူး။ ဒါပေမယ့် ယုံကြည်ခြင်းရဲ့ သဘောကို သင်ပေးတယ်။ မေတ္တာနဲ့ ဆွဲခေါ်ရင်း၊ ရန်သူ့ ဆိုးယုတ်မှုကို ပြတယ်။ မပူမအေးကို မကြိုက်ဘူး။ ယုံကြည်သူတွေကို ဘာသာရေး ကိုင်းရှိုင်း ဟန်ဆောင်သူတွေကြားမှ ခွဲထုတ်လိုက်တယ်။
ရှင်ယောဟန် ၆:၂၆-၂၇
၂၆ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။- ၂၇ မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
ကိုယ်တော်ကို ချစ်လို့၊ ဘုရားသခင်ကို စိတ်ဝင်စားလို့ လာတာမဟုတ်ဘဲ၊ စားချင်လို့ လာတာလို့ လူတွေကို ရှင်းရှင်းလင်းလင်း သတိပေးတယ်။ ဗိုက်ဆာပြေရုံ လုပ်ပြတာမဟုတ်တဲ့ နိမိတ်လက္ခဏာရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘူး။ နိမိတ်ကို ရှာတယ်။ နိမိတ်ပြတဲ့သူကို ဂရုမစိုက်ဘူး။ လောကီအရာပဲ ရှာတယ်။ ဘုရားကို မယုံကြည်ဘူး။
စားဖို့သောက်ဖို့အတွက်ပဲ တနေ့လုံး မရှာနဲ့။ ဘုရားတန်ခိုးတော်ကို ဆင်ခြင်ပါ။ စားဖို့လောက် စဉ်းစားတဲ့ တိရစ္ဆာန်လောက် မဖြစ်စေနဲ့။ ဝိညာဉ်ဖြစ်တဲ့ ဘုရားသခင်ထံပါး ချဉ်းကပ်ပါ။ သူက ထာဝရအသက် ပေးနိုင်တယ်။
ထပ်ရှင်းပြတာက …. သိပ်ကောင်းတဲ့ လက်ဆောင်ပေးဖို့ ဒီလောကကို ကြွလာတယ်။ အသွေးအသားနဲ့ သာမန်လူမျှသာ မဟုတ်ဘူး။ ကောင်းကြီးပေးမယ့် လက်ဆောင်က ငါကိုယ်တိုင်ပဲ။ လူတွေကို ဘုရားတန်ခိုးတော်နဲ့ လက်ခံပြီး၊ ဝိညာဉ်အသက်ကို ပေးဖို့ ဝိညာဉ်တော်က တံဆိပ်ခတ်ထားတယ်။
ဒီစကားထဲမှာ လျှို့ဝှက်ချက်ကြီးတခုပါတယ်။ လူသားအားလုံးကိုချစ်တယ်။ ပြုစုတယ်။ ချစ်တယ်။ ကောင်းကြီးခံချင်ရင် ပညတ်တော်တွေ စောင့်လို့ ဒေါသတကြီး ပြောနေတဲ့ ဘုရားမဟုတ်ဘူး။ လူဆိုး၊ လူကောင်း အားလုံးကို ကောင်းကြီးပေးနေတယ်။အားလုံးအတွက် နေရောင်ခြည် ပေးနေတယ်။ ဒိဌိတွေ၊ ပြစ်တင်သူတွေ ပြောသလို မဟုတ်ဘူး။ ဘုရားက လူကို ချစ်တယ်။ ပစ္စည်းတွေပဲ စိတ်ဝင်စားနေရာက ဘုရားကို ပြန်အားကိုး တတ်စေချင်တယ်။ ဒါကြောင့် ကောင်းကင်ဟာ အစားအသောက်၊ စည်းစိမ်၊ အသိုင်းအဝိုင်းပေါ်မှာ မူမတည်ဘူး။ မြေကြီးနဲ့ မဆိုင်ဘူး။ လူ့ရဲ့အထဲကို ဘုရားရဲ့အသက် ဝင်လာခြင်း ဖြစ်တယ်။ တောင်းတဲ့သူတိုင်း ဝိညာဉ်အသက် ရနိုင်တယ်။
ရှင်ယောဟန် ၆:၂၈-၂၉
၂၈ ထိုသူတို့ကလည်း ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှာ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။- ၂၉ ယေရှုကလည်း၊ ဘုရားသခင် စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသော အကျင့်တည်းဟု မိန့်တော်မူ၏။-
သွန်သင်သမျှ နားမလည်ကြပေမယ့် သခင်ယေရှုဟာ ဘုရားပေးတဲ့ လက်ဆောင် ဖြစ်တယ်။ ထာဝရအသက်ကို လက်ခံကြစေချင်တယ်လို့ လူတွေ ရိပ်မိလာတယ်။ လက်ဆောင်တော့ ရချင်လာတယ်။ ရဖို့အတွက် ပညတ်စောင့်ထိန်းဖို့၊ ဆက်ကပ်ပူဇော်ဖို့၊ အစာရှောင်ဖို့၊ ဆုတောင်းဖို့တွေ လုပ်ချင်လာတယ်။ ဒါက ဝိညာဉ်မျက်စိကန်းတယ်။ ကိုယ်လုပ်မှ ရမယ်လို့ ထင်နေတဲ့ ပညတ်သမားတွေ ဖြစ်တယ်။ ဒါက အပြစ်မကင်းတဲ့ လူအတွက် မဖြစ်နိုင်မှန်း မသိကြဘူး။ ဘုရားခိုင်းတာ လုပ်ရင် တန်ခိုးနဲ့ သန့်ရှင်းခြင်း ရလာမယ် ထင်တယ်။ ကိုယ့်စိတ်နှလုံးရဲ့ အခြေအနေမှန်ကို မမြင်ဘူး။ လူဟာ ဘုရားတပိုင်းလိုဖြစ်ပြီး၊ ဘုရားနှစ်သက်မယ် ထင်တယ်။
စောင့်ထိန်းဖို့၊ လုပ်ဖို့ မလိုဘူး။ သခင်ယေရှုကို ယုံဖို့ လိုတယ်လို့ ပြတော်မူတယ်။ အစွမ်းအစနဲ့ ကြိုးစားမှုတွေ မလိုဘူး။ သခင်ယေရှုကို အားကိုးဖို့ လိုတယ်။ ဒီစကားတွေက သူတို့အတွက် ထိမိလဲစရာ ဖြစ်လာတယ်။ ဒါကြောင့် လူတွေက သခင်ယေရှုကို ရှောင်လာတယ်။ ကိုယ်လုပ်ရမှာက ယုံကြည်ဖို့ပဲ ဖြစ်တယ်။ “ဝိညာဉ်တော်ကို လက်ခံရင် ဘုရားချစ်ခြင်း၊ ရည်ရွယ်ချက်နဲ့ အာဏာတော်ကို သိလာမယ်။ ငါဟာ ပရောဖက်မျှသာ မဟုတ်၊ ဖန်ဆင်းရှင် ဖြစ်ကြောင်း သိလာမယ်။ ခမည်းတော်စေလွှတ်တဲ့ သားတော်ဖြစ်ကြောင်း သိလာမယ်။ လောကီအရာကိုသာ စိတ်ဝင်စားမှာ မဟုတ်တော့ဘဲ ဘုရားသား ဖြစ်လာမယ်။” လို့ ရှင်းပြတော်မူတယ်။
ယုံကြည်တယ်ဆိုတာက သခင်ယေရှုကို အသက်တာထဲ ဝင်ခွင့်ပြုတယ်။ လမ်းပြသွန်သင်ခံတယ်။ ထာဝရအသက် လက်ခံတယ်။ ယခုကာလ၊ နောင်ကာလ သခင်ယေရှုနဲ့ သက်ဆိုင်စေတယ်။ သက်ဆိုင်စေသူက ဘုရားသခင် ဖြစ်တယ်။ အပြစ်တွေ ဆေးကြောပေးပြီး၊ သားတော်နဲ့ ထာဝရ သက်ဆိုင်စေတယ်။
ရှင်ယောဟန် ၆:၃၀-၃၃
၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။- ၃၁ ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဖို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။ ၃၂ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။- ၃၃ ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်းဟု မိန့်တော်မူလျှင်၊-
အပြည့်အဝ အားကိုးဖို့ ပြောတော့ ပရိတ်သတ်က လန့်သွားတယ်။ ဘုရားသခင်ကိုသာ ပေးရမယ့် အရာကို လာတောင်းတယ်လို့ ထင်ကြတယ်။ ကျမ်းချက်သက်သေပြခိုင်းကြတယ်။ “မောရှေက နေ့တိုင်း မန္နမုန့် ကျွေးတယ်။ တခါတည်း ကျွေးရုံနဲ့ မရဘူး။ မောရှေက လူသိန်းချီပြီး ကျွေးတယ်။ လူငါးထောင်လောက်နဲ့ မရဘူး။ ယုံကြည်လောက်အောင် နိမိတ်တွေ ထပ်ပြပါ” လို့ ဆိုကြတယ်။ ဒါက လူတွေရဲ့ ရောဂါပဲ။ သခင်ယေရှုကို မချစ်နိုင်ဘူး။ သက်သေအရင် ပြစေချင်တယ်။ ဒါပေမယ့် သခင်ယေရှုက “ငါ့ကို မမြင်ဘဲ ယုံကြည်သူက သာ၍ မင်္ဂလာရှိတယ်။ အားကိုပြီး ဘုရားကို ချီးမြောက်တာ ဖြစ်တယ်။” လို့ ဆိုတယ်။
သခင်ယေရှုက ပရိတ်သတ်ကို ပညတ်တွေကို အခြေခံတွေးရာမှ ယုံကြည်တတ်လာစေတယ်။ အစားအသောက်ပဲ စိတ်ဝင်စားရာမှ ကိုယ်တော်ဟာ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်ကြောင်း သိမြင်လာစေတယ်။
မောရှေကပဲ မန္နမုန့် ကျွေးသလိုလို ဆိုတဲ့ ကျမ်းစာကို စိတ်ကူးယဉ်ဆန်ဆန် အတွေးထဲက လွတ်မြောက်စေတယ်။ ကျွေးသူက ဘုရားသခင် ဖြစ်တယ်။ ဘုရားပေးတဲ့ မုန့်က ပိုကောင်းတယ်။ မပျက်စီးတဲ့ ကောင်းကင်မုန့် ဖြစ်တယ်။ နားထောင်ရင်းနဲ့ သခင်ယေရှုဟာ သူ့ကိုယ်သူ ဘုရားသားတော်လို့ ပြောမှန်း ရိပ်မိလာကြတယ်။ ဒါပေမယ့် မုန့်ဟာ မောရှေလက်မှ လာတယ်လို့ ထင်နေဆဲဖြစ်တယ်။
ဘုရားပေးတဲ့မုန့်က ဗိုက်ထဲဖြည့်ဖို့ မဟုတ်ဘူး။ သမ္မာတရားနဲ့ ကြွယ်ဝတဲ့အသက်တာကို ဆာငတ်တဲ့သူအတွက် အငတ်အမွတ်ပြေစေမှာက ယေရှုခရစ်ဆိုတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ သူက ကောင်းကြီးမင်္ဂလာနဲ့ တန်ခိုးတွေကို သက်ရောက်စေတယ်။ ပျက်စီးတတ်တဲ့အစာမဟုတ်ဘဲ ဝိညာဉ်အသက်ဖြစ်တယ်။ မြေပြင်ကို နှင်းလိုကျတဲ့ မန္နမုန့်လို မဟုတ်ဘဲ ဘုရားသခင်ထံမှ လာတယ်။ ခေတ်အဆက်ဆက်၊ လူသားအားလုံးအတွက် လုံလောက်တယ်။ အာဗြဟံရဲ့ အမျိုးအနွယ်အတွက်သာ မဟုတ်ဘဲ လောကီသားအားလုံးအတွက် ဖြစ်တယ်။
ဆုတောင်း အတ္တနှင့် ကင်းစေပါ ကိုယ်တော်။ နှိမ့်ချသော ယုံကြည်ခြင်းနဲ့ ခိုင်းသောအလုပ်ကို လုပ်တတ်စေပါ။ ကိုယ်တော်အတူရှိခြင်းအားဖြင့် ဆာငတ်မှုပြေစေပါ။ ထာဝရကာလအထိ စောင့်ထိန်းပေးတော်မူပါ။ ကြွလာတော်မူလျက် တန်ခိုးနှင့် ကောင်းကြီးကို ပေးတော်မူ၍ ကျေးဇူးတင်ပါ၏။
မေးခွန်း ၄၆
- မုန့်ကိုမဟုတ်ဘဲ ယုံကြည်ခြင်းကို တောင့်တလာစေဖို့ သခင်ယေရှု ဘယ်လိုလမ်းပြပေးသလဲ။