Previous Lesson -- Next Lesson
1. ကိုယ်စား တောင်းပန်ခြင်း အတွက် နိဒါန်း
သခင်ယေရှုက ဧဝံဂေလိ တရားနဲ့အတူ လူတွေကို ကူညီမစတယ်။ ခြေမစွမ်းသူကို ပျောက်စေတယ်။ ဆာလောင်သူကို ကျွေးတယ်၊ ကန်းသူကို မြင်စေတယ်။ သေသူကို ပြန်ရှင်စေတယ်။ သူ့ရဲ့ မေတ္တာက သေခြင်း တရားနဲ့ မုန်းတီးမှု ကြားမှာ ဘုရား ဘုန်းတော်ကို ဖွင့်ပြတယ်။
အမှုတော် နောက်ပိုင်းမှာ လူတွေ အများကြီး နောက်တော် လိုက်လာတယ်။ ယုဒလူမျိုး ဘာသာရေး အကြီးအကဲတွေက လျှို့ဝှက်မှုတွေ အယူသီးမှုတွေနဲ့ အတူ သူတို့ ဘာသာရေးနဲ့ ပညတ် အယူအဆတွေကို လှုပ်ခါလာပြီလို့ ထင်မြင် လာကြတယ်။ သခင်ယေရှုကို ခြိမ်းခြောက်ပြီး တပည့်တော်တွေကို တားမြစ်လာတယ်။ လူပရိတ်သတ်က စိုးရိမ်လာပြီး ကိုယ်တော့ကို စွန့်ပစ်လာကြတယ်။ ခရစ်တော်နဲ့ သစ္စာရှိတဲ့ နောက်လိုက် အချို့ ညှဉ်းဆဲခြင်းကို ခံရပေမယ့် ကိုယ်တော်က လူတိုင်းကို ဆက်ချစ်နိုင် ကြတယ်။
နောက်ဆုံးမှာ လွှတ်တော်က ၁၂ယောက်ထဲက ၁ယောက်ကို သိမ်းသွင်းပြီး သစ္စာ ဖေါက်ခိုင်းတယ်။ အချိန်က တမန်တော်တွေနဲ့ အတူ ပဋိညာဉ်ပြု ညစာစားပွဲ အချိန်မှာ ဖြစ်တယ်။ နှုတ်ဆက်စကား အနေနဲ့ ခမည်းတော်နဲ့ တလုံးတဝတည်း ဖြစ်ကြောင်း သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းမယ့် အကြောင်းတွေကို အဓိကပြောတယ်။ ကျရောက်လာမယ့် ညှဉ်းဆဲခြင်းတွေ အကြောင်းကို မပြောဘူး။
ဒါပေမယ့် တပည့်တော်တွေက သခင်ယေရှုရဲ့ စကားကို နားမလည်ဘူး။ သန့်ရှင်းသော ဝိညာဉ်တော်လည်း မသွန်းလောင်းသေးလို့ ဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုဟာ ခမည်းတော်ထံမှာ ကိုယ်ကိုကိုယ် ဆက်ကပ် အပ်နှံပြီး ယုံကြည်သူတွေကိုလည်း ခမည်းတော်လက်မှာ အပ်နှံတယ်။ ယဇ်ပုရောဟိတ်မင်းလို ကိုယ်စား ဆုတောင်းပေးတယ်။ တမန်တော်တွေရဲ့ သက်သေခံချက် အားဖြင့် ယုံကြည်လာမယ့်သူတွေ အတွက်လည်း ဆုတောင်းပေးသွားတယ်။
ခရစ်တော်ရဲ့ ကိုယ်စား ဆုတောင်းပေးခြင်းကို အခန်းကြီး ၁၇ မှာ တွေ့ရတယ်။ သားတော် ဘုရားသခင်က ခမည်းတော်ထံ စကားပြောခြင်း ဖြစ်တယ်။ ပုဂ္ဂိုလ်သုံးပါးလုံးရဲ့ ချစ်ခြင်း မေတ္တာကို တွေ့ရတယ်။ ဆုတောင်းတဲ့ စိတ်သဘောကို ဒီနေရာမှာ အဓိက တွေ့ရတယ်။ ဒီအခန်းကြီးကို လေးလေးနက်နက် လေ့လာရင် ဝတ်ပြုရာ ဆုတောင်းရာ အခန်း ဗိမ္မာန်တော်ထဲကို ဝင်သလို ဖြစ်သွားတယ်။
2. ခမည်းတော်ရဲ့ ဘုန်းတော် အတွက် ဆုတောင်းခြင်း (ယောဟန် ၁၇း ၁- ၅)
ယောဟန် ၁၇း ၁
၁ “ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ ကြည့်မျှော်၍ အိုအဖ ကျွန်ုပ်အချိန်ရောက်ပါပြီ။”
ခရစ်တော်က သူဟာ ခမည်းတော်နဲ့ ရှိတယ်လို့ ဆိုတယ်။ သူက ခမည်းတာ်၌ ရှိသလို၊ ခမည်းတော်က သူ၌ ရှိတယ်။ သူ့ကို မြင်သူဟာ ခမည်းတော်ကို မြင်တယ်။ ဒါပေမယ့် တပည့်တော်တွေဟာ ဒီအချက်ကို နားမလည်ဘူး။ ဘုရားက လူ့ဇာတိ ခံယူပြီး အနားမှာ ရှိတယ် ဆိုတာကို နားလည်ဖို့ ကြိုးစားရင်း ရှုပ်ထွေးနေတယ်။ ယုံကြည်ခြင်း အားနည်းပြီး သိပ်နားမလည်တဲ့ တပည့်တော်တွေကို ဘုရားသခင် ကွယ်ကာ စောင့်ရှောက်ဖို့ ဥာဏ်အလင်း ပေးဖို့ ဘုရားနဲ့ မိတ်သဟာယ ဆက်ဖွဲ့နေဖို့ သခင်ယေရှုက ဘုရားလက်မှာ အပ်နှံတယ်။
ကောင်းကင်ကို မြှော်ကြည့်ရင်း တပည့်တော်တွေ အတွက် အံ့အား သင့်သွားနိုင်တယ်။ ကောင်းကင်မှာ ရှိတဲ့ ခမည်းတော်ကို ဆုတောင်းရင်း တချိန်တည်းမှာ သူက ခမည်းတော်၌ ရှိတယ်၊ ခမည်းတော်က သူ၌ရှိတယ် ဆိုတာကို နားလည်ဖို့ ခက်တယ်။ လူ့ဥာဏ်နဲ့ နားမလည်တဲ့ အရာတွေ ရှိတယ်။ ခမည်းတော်နဲ့ သားတော်က တလုံးတဝတည်း ဖြစ်သလို ပုဂ္ဂိုလ် တပါးချင်းစီ ကလည်း လွတ်လပ်မှု ရှိတယ်။ လူ့စိတ် အသိဥာဏ်ထက် ဘုရားက ပိုအားကြီး မြင့်မြတ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်က နားလည်နိုင်ဖို့သွန်သင်ပေးမယ်။ ခက်ခဲတဲ့ အရာတွေကို နားလည်နိုင်ဖို့ ဥာဏ်အလင်း ဖွင့်ပေးပါလို့ ဆုတောင်းရမယ်။ ခမည်းတော်နဲ့ သားတော် အကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော် ဖွင့်ပြခြင်းမှ တပါး နားလည်ဖို့ မလွယ်ဘူး။
အခု ဆုတောင်းချက်မှာ သခင်ယေရှုက ဘုရားသခင်လို့ ခေါ်တယ်။ ဘုရားသခင်ဟာ သန့်ရှင်းရုံမျှ မက တရား စီရင်မယ့်သူ ဖြစ်တယ်။ သူ့ရဲ့ သနားဂရုဏာ ချစ်ခြင်း မေတ္တာဟာ တခြား ဂုဏ်တော်တွေ အားလုံးကို ဖုံးလွှမ်းသွားတယ်။ ဘုရားက သန့်ရှင်းစွာ ချစ်သလို သနား ဂရုဏာလည်းရှိတယ်။ သခင်ယေရှုဟာ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် သနား ဂရုဏာကို ခံတဲ့အခါ ဘုရားသခင်ဟာ ခမည်းတော် ဖြစ်တယ်။ သားတော်က ခမည်းတော်နဲ့ ထာဝရအတူ ရှိခဲ့တယ်။ ဒါပေမယ့် လူသားတွေကို ရွေးနှုတ်ဖို့ လူ့ဇာတိ ခံယူတယ်။ ဘုရားသခင်ကို ခမည်းတော်လို့ သုံးနှုန်းခြင်းဟာ လောကီသားတွေ အတွက် ရည်ရွယ်တယ်။ ဒီအချက်ကြောင့် သခင်ယေရှုက တရား စီရင်ခြင်းကို ကြောက်တဲ့စိတ်နဲ့ ကင်းလွတ်စေတယ်။ တရားသူကြီးက ယုံကြည်သူရဲ့ အဖေဖြစ်နေလို့ ပါပဲ။ အပြစ်ကြွေးကို ပေးဆပ်သူက ကိုယ်တော်တိုင် ဖြစ်တယ်။ သခင်ယေရှု ပြောသလို ခမည်းတော်ရဲ့ နာမကို နားလည်မယ် ဆိုရင် ဧဝံဂေလိ တရားကို နားလည်ပြီလို့ ဆိုနိုင်တယ်။
လောကကြီးရဲ့ အရေးကြီးဆုံး အချိန် ရောက်လာပြီ ဆိုတာကို သခင်ယေရှု သိလိုက်တယ်။ ဒီအချိန်ဟာ ဘုရားနဲ့လူ ရန်ပြေငြိမ်းရမယ့် အချိန်ဖြစ်တယ်။ လူတွေ၊ ကောင်းကင်တမန်တွေ၊ ဘာသာတရားတွေ၊ အတွေးအခေါ်တွေဟာ ဒီအချိန် နာရီကို မသိပဲ အမှတ်တမဲ့ စောင့်နေကြတယ်။ အဲဒီအချိန် အခု ရောက်လာပြီ။ ခရစ်တော်က ဘုရားသခင်ရဲ့ သိုးသူငယ်လို လောကီသားရဲ့ အပြစ်ကို ကားတိုင်မှာ ယူဆောင်ပြီး ဘုရားသခင်ရဲ့ အမျက်တော်ကြောင့် ကားတိုင်ပေါ်မှာ တယောက်တည်း အသေခံဖို့ အသင့် ဖြစ်ခဲ့ပြီ။ ဒီလို အရေးကြီးတဲ့ အချိန်မှာ သစ္စာဖေါက်က ဗိမ္မာန်တော် ရဲတွေနဲ့အတူ အနားကို ချဉ်းကပ်လာပြီး ဘုရားသားတော်ကို ဖမ်းဆီးဖို့ ကြိုးစားတယ်။ ကိုယ်တော်ဟာ နူးညံ့သိမ်မွေ့တဲ့သူ ဖြစ်တယ်။ အားကြီးပေမယ့် ခုခံခြင်းမရှိဘဲ အသေခံပေးဖို့ အသင့်ရှိတယ်။
ယောဟန် ၁၇း၂
၂ “ကိုယ်တော်သည် သားတော် လက်သို့ အပ်ပေးသမျှသော သူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှါ လူမျိုး အပေါင်းတို့ကို အစိုးရသောအခွင့် တန်ခိုးကို သားတော်အား ပေးတော်မူသည်နှင့် အညီ သားတော်သည် ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါမည် အကြောင်း သားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပါ။”
ဂုဏ်တော်ဆိုတာ ရောင်ခြည်တွေ အလင်းတွေလို့ လူအများ ထင်ကြတယ်။ သခင်ယေရှုဟာ သူ့ရဲ့ ကိုယ်စားအသေခံတဲ့ ချစ်ခြင်းမေတ္တာဟာ ဘုရားမေတ္တာရဲ့ အနှစ် ဘုန်းတော်ရဲ့ အနှစ်လို့ ဝန်ခံတယ်။ အဲဒီမေတ္တာ၌ တည်နေပါလို့ ခမည်းတော်၌ ဆုတောင်းတယ်။ လက်ဝါးကပ်တိုင် အချိန် နာကျင်မှု ခံစားရတဲ့ အချိန်မှာပင် ဘုရားမေတ္တာကို စုံလင်စွာ ပြနိုင်ဖို့ ဖြစ်တယ်။ အပြစ်ရှိသူ ပုန်ကန်သူတွေ အတွက် အသက် ပေးလိုတဲ့ စိတ်စေတနာ သားတော်မှာ ရှိတယ်။ ဒါမှ လူတွေဟာ အပြစ် လွှတ်ခြင်းကို ခံရလာနိုင်တယ်။ ဒါဟာ သားတော်ရဲ့ ဘုန်းအသရေ အနှစ်သာရ ဖြစ်တယ်။
သူ့အတွက် အသေခံတာ မဟုတ်၊ ဘုန်းတော် အတွက်သာ ဖြစ်တယ်။ ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်မျိုးကို လုပ်တယ်။ ကားတိုင်မှာ ခမည်းတော်ကို ဘုန်းထင်ရှား စေတယ်။ လူနဲ့ဘုရားကို ရန်ငြိမ်းစေတယ်။ အပြစ် ခွင့်လွှတ် ခံရတဲ့အခါ ဘုရားမေတ္တာ မြင်လာရတယ်။ ဘုရားသားသမီး အဖြစ် မွေးစားဖို့ အားလုံးကို ဖိတ်ခေါ်တယ်။ ယုံကြည်သူ အပေါ်မှာ သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းတဲ့အခါ ဘုရားဘုန်းတော် ထင်ရှားလာမယ်။ သန့်ရှင်းစွာ အသက်ရှင်လာမယ်။ ဘုန်းတော် ထင်ရှားစရာ အကြောင်းရင်းထဲမှာ အကြီးမြတ်ဆုံး အချက်က သားသမီး များခြင်း ဖြစ်တယ်။ နာမတော်ကို ချီးမွမ်းခြင်း အားဖြင့် သားသမီးများစွာ မွေးဖွားလာဖို့ ရွေးနှုတ် ကယ်တင်ခဲ့တယ်။
အခွင့် တန်ခိုး အားလုံးကို ခမည်းတော်ထံမှ ခံစားရပြီလို့ ဆိုတယ်။ ခရစ်တော်ဟာ စစ်မှန်သော ဘုရားသခင် ရွေးနှုတ် ကယ်တင်တယ်။ ရှင်ဘုရင်၊ သခင်၊ တရားသူကြီး ဖြစ်တယ်။ ယုံကြည်သူဟာ သူ့ရဲ့လူတွေဖြစ်ပြီး သူဟာ ယုံကြည်သူတွေရဲ့ စစ်မှန်သော မြှော်လင့်ခြင်း ဖြစ်တယ်။ ဒီအခွင့် တန်ခိုးတွေကို ခံစားရပေမယ့် တရားစီရင်ဖို့ ဖျက်ဆီးဖို့ မဟုတ်ဘဲ ကယ်တင်ဖို့ လမ်းပြဖို့ ဖြစ်တယ်။ ခရစ်တော် ကြွလာခြင်းရဲ့ အဓိက အချက်က ယုံကြည်သူတွေဟာ ထာဝရအသက်ရဖို့ ဖြစ်တယ်။ သေခြင်းတရားရဲ့ အုပ်စိုးခြင်းကို မခံရဖို့ ဖြစ်တယ်။ ကားတိုင်ပေါ်မှာ လူသားတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးခဲ့တယ်။ လူအနည်းစုသာ တုံ့ပြန်ပေမယ့် အားလုံးကို ခွင့်လွှတ်ဖို့ ပြင်ဆင်တယ်။ ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်သူတွေဟာ ဘုရားသခင် ရွေးကောက်ခြင်းကို ခံရပြီး ခရစ်တော်ရဲ့ ဘုန်းတော်ကို ထင်ရှားလာနိုင်တယ်။ သူတို့အပေါ်မှာ ဘုရားရဲ့ ဝိညာဉ်တော် တည်နေတယ်။ ဘုရားသားသမီးတွေ တည်နေခြင်းက ဒီကာလရဲ့ လက္ခဏာဖြစ်ပြီး ခမည်းတော်နာမ ဘုန်းတော် ထင်ရှားဖို့ ဖြစ်တယ်။
ယောဟန် ၁၇း ၃
၃ “ထာဝရအသက် ဟူမူကား မှန်သော ဘုရားသခင် တဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို လည်းကောင်း စေလွှတ်တော် မူသော ယေရှုခရစ်ကို လည်းကောင်း သိကျွမ်းခြင်းတည်း။”
သခင်ယေရှု ပြောတဲ့ ဘုရားသခင် အကြာင်းကို ဝိညာဉ်တော်က ရှင်းပြနေတယ်။ ဘုရားသခင်ဟာ ခရစ်တော်ရဲ့ ဖခင်ဖြစ်သလို လူသားတွေရဲ့ ဖခင်ဖြစ်တယ်။ ဘုရားရဲ့ နက်နဲရာကို နားလည်သူ ယုံကြည်သူဟာ ထာဝရအသက် ရတယ်။ သခင်ယေရှုအားဖြင့် မဟုတ်ရင် ဘုရားသခင်ကို သိဖို့ တခြား နည်းမရှိဘူး မဖြစ်နိုင်ဘူး။ သားတော်ကို ကြည့်မြင်ပြီး ခမည်းတော် ဘုရားကိုပါ မြင်လာရင်၊ ယုံကြည် အားကိုးရင်၊ ဘုရား သားသမီးအဖြစ် ပြောင်းလဲပေး လိုက်တယ်။ ခရစ်တော် ပြောတဲ့စကားကို နားလည်တယ် ဆိုတာက သိရုံမျှသာ မဟုတ်ဘဲ ဝိညာဉ်အသက် ရပြီး ကြီးထွားလာတယ်။ ယုံကြည်သူတိုင်းရဲ့ အပေါ်မှာ ဘုရားသခင်ရဲ့ ပုံရိပ် မူတည်နေတယ်။ ဘုရားပုံရိပ်တော်ရဲ့ ကြီးမြတ်ခြင်းက ဘာလဲ။ ချစ်ခြင်းမေတ္တာ၊ သမ္မာတရားနဲ့ ရိုးသားခြင်း ဖြစ်တယ်။ ဝိညာဉ်တော်က သားသမီးတွေ အပေါ်မှာ သွန်းလောင်းပေးတယ်။ ဘုရားရဲ့ ဂုဏ်တော်တွေ အားဖြင့် ခမည်းတော်ဘုရားကို ဘုန်းတော် ထင်ရှားတယ်။
ဘုရားသခင်က ခရစ်တော်ကို ဒီလောကထဲ စေလွှတ်တာဟာ ဘုရားနဲ့ ဝေးကွာနေသူတွေ ဘုရားသားတော် အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားကို သိကျွမ်းလာဖို့ ဖြစ်တယ်။ သားတော်ဟာ ကောင်းကင်မှာ ကြွလာပြီး၊ ချစ်ခြင်းမေတ္တာ၊ သန့်ရှင်းခြင်းစတဲ့ အခွင့် တန်ခိုး ရှိသမျှကို ခံရတယ်။ မှန်သော အသက်တာကို ကြည့်ချင်ရင် သခင်ယေရှု အသက်တာကို လေ့လာရမယ်။ မေရှိယဟာ ဘုရင် တကာတို့ရဲ့ ဘုရင်၊ အမြင့်ဆုံးသော ယဇ်ပုရောဟိတ်၊ စုံလင်သော ပရောဖက်၊ လူ့ဇာတိ ခံသောဘုရား နှုတ်ကပတ်တော် ဖြစ်တယ်။
ယောဟန် ၁၇း ၄-၅
၎ “အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေ ပါပြီ။ အကျွန်ုပ် ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌ အပ်ပေးတော်မူသော အမှုကို အကျွန်ုပ် ဆောင်ရွက်၍ ပြီးပါပြီ။ ၅ အိုအဘ ဤကမ္ဘာ မတည်မရှိမှီ အထံတော်၌ အကျွန်ုပ် ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။”
လောကမှာ ရှိစဉ် သခင်ယရှုဟာ ခမည်းတော် အကြောင်းကို အမြဲ စဉ်းစားတယ်။ ခမည်းတော် အကြောင်း သက်သေခံတယ်။ ခမည်းတော်ရဲ့ အလုပ်ကို ဆက်လုပ်တယ်။ ကိုယ့်အလို ငြင်းပြီး၊ ခမည်းတော် ဘုန်းကို ထင်ရှားစေတယ်။ ခမည်းတော် ထံက ကြားရသမျှကို ပြန်ပြောပြတယ်။ အသက်တာ တခုလုံးဟာ ခမည်းတော်ကို ဘုန်းထင်ရှားစေပြီး ဆုတောင်း သမျှလည်း ရခဲ့တယ်။ ခမည်းတော် စေခိုင်းတဲ့အတိုင်း ကားတိုင်ပေါ်မှာ ရွေးနှုတ်ခြင်း ကိုလည်း ပြီးစီးအောင် လုပ်ဆောင်တယ်။ ခမည်းတော် ကလည်း အလုပ် မှန်သမျှကို ပြီးစီးခဲ့ကြောင်း နားလည်တယ်။ သခင်ယေရှုဟာ ကိုယ့်နေရာကို လုံးဝမယူဘဲ ကိုယ့်ဂုဏ်ကို မရှာခဲ့တာကြောင့် ထာဝရကာလရဲ့ ဘုန်းအသရေကို ခံယူထိုက်တယ်။ ထာဝရ ကာလကတည်းက ဘုန်းအသရေ ရှိသူဖြစ်ပြီး ထာဝရ ဘုရားသခင် ထံမှ လာတဲ့တရား အလင်းထဲမှ လာတဲ့အလင်း ဖန်ဆင်းခံရသူ မဟုတ်ဘဲ ဖြစ်ပွါးစေတယ်။ ဆောင်ရွက်စရာ အမှုတွေ ပြီးစီးတဲ့အခါ ခမည်းတော်ထံ ပြန်တယ်။ ကောင်းကင် ရောက်တဲ့အခါ ကောင်းကင် တမန်တွေနဲ့ ကောင်းကင်သားတွေက “သူ့ကို အသေသတ်ခြင်း ခံရသော သိုးသူငယ်သည် တန်ခိုး စည်းစိမ် ပညာ အစွမ်း ဂုဏ်အသရေ ဘုန်းအသရေနဲ့ ကောင်းကြီး မင်္ဂလာများကို ခံထိုက်ပါ၏” လို့ ပြောဆိုကြတယ်။
ဆုတောင်း နာမတော်အား ရိုသေ လေးမြတ်ခြင်း ရှိပါစေသော။ သားတော်သည် အသက်ရှင်ခြင်း ဆုတောင်းခြင်း ဆက်ကပ်ခြင်း အားဖြင့် ဘုန်းထင်ရှားခဲ့ပြီ။ ကိုယ်တော်ကိုပင် မျှော်မကြည့်ထိုက်ပါ။ ခရစ်တော် အသေခံ ပေးခြင်းကြောင့် အပြစ် ခွင့်လွှတ်ပေးသည့် အတွက် ကျေးဇူးတင်ပါ၏။ ဘုရားသားသမီး ဖြစ်စေပါ၏။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် စိတ်နှလုံးထဲသို့ အသက် သွင်းပေးခြင်း အားဖြင့် ကျေးဇူးတင်ပါ၏။ ကိုယ်တော့် ဘုန်းတော်ကို အမြဲ ထင်ရှားဖို့ရာ ကိုယ့်အသရေကို မရှာဘဲ သားတော်၏ ပညတ်များကို နာခံလျှက် အချင်းချင်း ချစ်ပါမည်။ ကောင်းသောအရာများကို တခြားသူများ မြင်လျှက် ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားပါစေသော။
မေးခွန်း ၁၀၄
- သခင်ယေရှု ဆုတောင်းတဲ့ ပထမပိုင်းရဲ့ အခြေခံ အကြောင်းအရာက ဘာလဲ။