Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 081 (Jesus washes his disciples' feet)
This page in: -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- English -- Farsi? -- French -- Georgian -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish? -- Tamil -- Telugu -- Thai -- Turkish -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
B - သခင်ယေရှုရဲ့ ညစာစားပွဲအပြီး ဖြစ်ရပ်များ။ (ယောဟန် ၁၃း ၁- ၃ဂ)

1. တပည့်တော်တို့ရဲ့ခြေကို ဆေးတ်ာမူခြင်း။ (ယောဟန် ၁၃း ၁- ၁၇)


ယောဟန် ၁၃း ၁- ၅
၁ “ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို့ ပြောင်းရသော အချိန်ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသော မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။ ၂ ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့် သတည်း။ ထိုအခါ ညစာကိုစားကြစဉ် ၃ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကိုလည်းကောင်း သူသည် ဘုရားသခင့် ထံတော်မှ ထွက်လာသည်ကိုလည်းကောင်း ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း ယေရှုသည် သိတော်မူသည်နှင့်၊ ၄ စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ ၅ ထိုနောက်မှ ရေကို အင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါနှင့် သုတ်တော်မူ၏။”

ဒီအခန်းကြီးရဲ့အစမှာ ရှင်ယောဟန်က ဒီအကြောင်းကို ဖေါ်ပြပြီး ဧဝံဂေလိတရားရဲ့ အကြောင်းရင်းကို ပြောပြတယ်။ ဒီ့မတိုင်မှီမှာ သခင်ယေရှုက လူတွေကို ဖိတ်ခေါ်နေတယ်။ ဝမ်းနည်းစရာကျမ်းစာချက်က အလင်းသည် မှောင်မိုက်၌လင်း၍ မှောက်မိုက်သည် မခံမယူလို့ တွေ့ရတယ်။ ဒါဆို သခင်ယေရှု မအောင်မြင်ခဲ့ဘူးလား။ အောင်မြင်ပါတယ်။ လူအားလုံး လက်မခံတာ မဟုတ်ပေမယ့် ရွေးကောက်တဲ့ လူတချို့ကတော့ အပြစ်နောင်တရပြီး တပည့်တော်တွေနဲ့အတူ စုဝေးလာကြတယ်။ အခုအခန်းတွေကတော့ ရွေးကောက်ထားသူတွေကို သခင်ယေရှု ပြောတဲ့စကားတွေကို ဖတ်ရမှာဖြစ်တယ်။ သတို့သမီးကို သတို့သားက စကားပြောသလို ဖြစ်တယ်။ သခင်ယေရှုကို သူတို့ပိုင်သလို သူတို့ကို သခင်ယေရှု ပိုင်တယ်။ အခုပြောနေတဲ့စ ကားအားလုံးရဲ့ အဓိကအချက်က ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဖြစ်တယ်။ ဒီချစ်ခြင်းမေတ္တာဟာ အတ္တ ခံစားချက်ကြောင့်သာမဟုတ် အမှုတော်ဆောင်ဖို့လည်း ဖိတ်ခေါ်တာဖြစ်တယ်။ ကျမ်းစာထဲမှာ ချစ်ခြင်းမေတ္တာဆိုတာဟာ မထိုက်တန်တဲ့သူတွေကို လိုလိုလားလား နှိမ့်ချစွာ ပေးကမ်းခြင်း ဖြစ်တယ်။ အခု သခင်ယေရှုပြောတဲ့ စကားတွေဟာ သူ့ရဲ့တပည့်တော်တွေကို သူ့စိတ်သဘောထားကို ဖေါ်ပြရင်း သူဟာ အစေခံကျွန်တယောက်လို ချစ်ခြင်းမေတ္တာရှိစွာ အမှုတော်ဆောင်ကြောင်း ရှင်းပြနေတာဖြစ်တယ်။

သခင်ယေရှုက နောက်ပသခါပွဲမတိုင်မီမှာ သေရမယ်လို့ ဆိုတယ်။ ခမည်းတော်ထံ သွားရမယ်။ မိတ်ဆွေ အသက်တာလည်း ဘယ်လိုလဲ။ သခင်ယေရှုက ရှိနေစဉ်မှာ ခမည်းတော်ကိုသာ မြှော်ကြည့်နေခဲ့တယ်။ ခမည်းတော်ထံမှ တန်ခိုးလမ်းပြခြင်း ဝမ်းမြောက်ခြင်းနဲ့အတူ လူဆိုးတွေရဲ့ လက်ထဲမှာ စိတ်ဓါတ် တည်ကြည်ခြင်းကို ခံရတယ်။ ဘုရားအတူရှိနေတဲ့အတွက် စာတန်ဟာ သူ့တပည့်ရဲ့ စိတ်နှလုံးထဲဝင်တာကိုလည်း မြင်ခဲ့တယ်။ အဲဒီ တပည့်ကတော့ မာန၊ လောဘ၊ အမုန်းနဲ့ ပြည့်တဲ့သူ ဖြစ်တယ်။ ဒါပေမယ့် သခင်ယေရှုက အဲဒီသစ္စာဖောက်ကို မမုန်းဘူး။ ဘုရားချစ်ခြင်းမေတ္တာနဲ့ အဆုံးတိုင်အောင် ချစ်သွားတယ်။

သခင်ယေရှုဟာ သစ္စာဖေါက်လက်ထဲမှာ ရိုးရိုးလေး စိတ်ကူးယဉ်ဆန်ဆန် ပါသွားတာမဟုတ်ဘူး။ ယုဒ၊ ကယာဖ၊ ဟေရုဒ၊် ပိလတ်မင်းနဲ့ ဂျူးခေါင်းဆောင်တွေ လူအုပ်ကြီးတွေက သူ့ဘဝကို ဆုံးဖြတ်ပေးတာမဟုတ်ဘူး။ ခမည်းတော်ရဲ့အလိုကို နှိမ့်ချစွာ ဝန်ခံခြင်းသာဖြစ်တယ်။ ဘုရားသခင်ရဲ့ သိုးသူငယ်လို အသေခံတယ်။ အချိန်နာရီ အတိုင်း လက်ခံတယ်။ အခက်အခဲ မုန်တိုင်းတွေ လှိုင်းထန်လာပေမယ့် ရည်ရွယ်ချက်မပြတ် ဘုရားနဲ့မဝေးကွာဘဲ ရှိခဲ့တယ်။ သခင်ယေရှုဟာ သမိုင်းကြောင်းတခုလုံးကို လှည့်ပြန်စေနိုင်တယ်။

သခင်ခရစ်တော်က ခမည်းတော်ထံ တယောက်တည်းပြန်ဖို့ အလိုမရှိဘဲ တပည့်တော်တွေကို ခမည်းတော်နဲ့ မိသဟာယ ဖွဲ့စေချင်တယ်။ နှိမ့်ချမှုကို ကိုယ်တိုင်ပြပြီး ဘုရားမေတ္တာကို လက်တွေ့ပြခဲ့တယ်။ အစေခံကျွန်လို ဒူးထောက်ပြီး တပည့်တော်တွေရဲ့ ခြေကိုဆေးကာ သုတ်ပေးခဲ့တယ်။ အားလုံးထဲမှာ အနိမ့်ဆုံး လို့တွေးပြီး ဘုရားအမှုတော်ဆောင်တွေ နှိမ့်ချတတ်ဖို့ ပုံသက်သေပြခဲ့တယ်။ သခင်ဘုရားက အုပ်စိုး၊ အာဏာပြတာ မျိုးမဟုတ်ဘဲ တပည့်တော်တွေကို ခြေဆေးပေးတယ်။ သူ့ရဲ့ နူးညံ့သိမ်မွေ့မှုကို ပုံသက်သေရစေတယ်။

သခင်ယေရှုဟာ ပုံသက်သေကောင်းဖြစ်တယ်။ သူ့ရှေ့မှာ ဦးညွတ်ပြီး ဝတ်ပြုကိုးကွယ်ဖို့ လိုတယ်။ မှန်တဲ့အရာတွေကို ကျောခိုင်းပြီး စိတ်နှလုံးပြောင်းလဲသွားတာမျိုး မဖြစ်သင့်ဘူး။

လူဟာ မကျိုးပဲ့မကြေမွရင် တခြားညီအကိုကို မပြုစု၊ ရန်သူကိုမချစ်၊ ဒဏ်ရာရသူကို ဆေးထည့်မပေးရင် ခရစ်ယာန် အစစ်အမှန် မဖြစ်နိုင်ဘူး။ သင်ဟာ အစေခံကျွန်လား သခင်လား။ သခင်ယေရှုဟာ အားလုံးထဲမှာ အနှိမ့်ချခံပြီး အစေခံကျွန် ဖြစ်ခဲ့တာကို သတိရပါ။ သူက ဒူးထောက်ပြီး အလုပ်ကျွေးပြုစုတယ်။ ဒီလိုအလုပ်မျိုး လုပ်မလား ဒါမှမဟုတ် မာနတက်နေမလား။ ဘုရားသခင်ရဲ့ အမှုတော်ထဲမှာ ကောင်းတဲ့သူ ဖြစ်မလား။ အသုံးမကျတဲ့သူ ဖြစ်နေမလား။

ယောဟန် ၁၃း ၆- ၁၁
၆ “ရှိမုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က သခင် ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လောဟု မေးလျှောက်၏။ ၇ ယေရှုကလည်း သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။ ၈ ပေတရုကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ၉ ရှိမုန်ပေတရုကလည်း အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်၊ လက်ကိုလည်းကောင်း ဦးခေါင်းကိုလည်းကောင်း ဆေးတော်မူပါဟု လျှောက်ပြန်၏။ ၁၀ ရေချိုးပြီးသောသူမည်သည်ကား ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ။ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ ၁၁ ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့် သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။”

သခင်ဘုရားကိုယ်တိုင်က သူတို့ခြေကိုဆေးပေးတဲ့အတွက် တပည့်တော်တွေ ရှက်သွားတယ်။ ညစာ စားအပြီးမှာ သခင်ယေရှု ဘာလုပ်မယ်ဆိုတာ ကြိုသိခဲ့ရင် သူတို့ခြေထောက်တွေကို ပြောင်စင်အောင် ဆေးထားပြီးသား ဖြစ်မှာပါ။ သခင်ယေရှုက ဘုရားနဲ့လူကြားမှာ ပဋိညာဉ်တရားသစ်ကို ပြုတာမဟုတ်ဘဲ ပဋိညာဉ်တရားမှာပါတဲ့ အဓိပ္ပါယ်ကိုသာ ပြောပြခြင်း ဖြစ်တယ်။ ဒါဟာ ချစ်တဲ့စိတ်နဲ့ အမှုဆောင်ခြင်း ဖြစ်တယ်။

ပေတရုက တပည့်တော်တွေထဲမှာ စိတ်အားအကြီးဆုံး အကြွားသန်ဆုံးဖြစ်တယ်။ ခြေဆေးပေးတာကို မခံချင်ဘူး။ မဆေးဖို့ကြိုးစားတယ် သခင်ယေရှုစကားကို သတိမထားဘူး။ သခင်ယေရှုက တပည့်တော်ခြေကို ဆေးတဲ့ နက်နဲတဲ့အရာကို ရှင်းပြတယ်။ ဒီနေ့ခေတ်လူသားတွေကိုလည်း ပြောပြတယ်။ မင်းတို့ခြေကို ဆေးမပေးရရင် မင်းတို့ ငါနဲ့ မဆက်ဆံဘူး။ မင်းတို့အပြစ်တွေ ခွင့်လွှတ်ခြင်းမခံရဘဲ ငါ၌မတည်နေနိုင်ဘူးလို့ ဆိုတယ်။ အသွေးတော်နဲ့ ဆေးခြင်းက ချက်ချင်း ဆေးခြင်း ဖြစ်တယ်။ အထံတော်၌တည်နေဖို့ ဆေးခြင်းကတော့ ပုံမှန် ဆေးကြောနေရမယ်။ ကျေးဇူးတော်အားဖြင့် ဘုရားနဲ့ မိသဟာယဖွဲ့မပျက်ဖို့ ဆေးကြောနေရတယ်။

ပေတရု နားလည်သွားတဲ့အခါ အမှားလုပ်မိတဲ့သူ့လက်တွေ ဘုရားအကြံအစည်တော် နားလည်ဖို့ နှေးကွေးတဲ့ သူ့ဦးနှောက်အကြောင်းကို သိမြင်လာတယ်။ တကယ်တော့ တကိုယ်လုံးကိုလည်း ဆေးဖို့ လိုတယ်။ သခင်ယေရှုက ငါ့ထံသို့လာတဲ့သူဟာ စင်ကြယ်သွားပြီ ယုံကြည်ခြင်းတရား အခြေခံမှာ ပြည့်စုံပြီလို့ ဆိုတယ်။ ဒါကြောင့် ထူးထူးခြားခြားကြီး ထပ်မံဆေးဖို့ သန့်ရှင်းစင်ကြယ်ဖို့ မလိုဘူး။ အပြစ်အားလုံးအတွက် သခင်ယေရှုရဲ့ အသွေးက ဆေးပြီးခဲ့ပါပြီ။ သူ့ရဲ့အသွေးကြောင့် အပြစ်ခွင့်လွှတ်ခြင်းခံရတာထက် ပိုသန့်ရှင်းတဲ့၊ စုံလင်တဲ့အရာ မရှိပါဘူး။ နေ့စဉ်အသက်တာလျှောက်လှမ်းရာမှာတော့ ကျွန်တော်တို့ အပြစ်များကို လွှတ်တော်မူပါလို့ ပုံမှန် ဆုတောင်းဖို့ လိုတယ်။ လောကသားတွေက တကိုယ်လုံး ဆေးဖို့ လိုပေမယ့် ဘုရားသားသမီးက နေ့တိုင်း ခြေထောက်ပဲ ဆေးဖို့ လိုတယ်။

သခင်ယေရှုက တပည့်တော်တွေကို “မင်းတို့ သန့်ရှင်းပါတယ်” လို့ ဆိုတယ်။ ဘုရားသခင်ရဲ့ ပဋိညာဉ်တရားမှာ တည်ဖို့ ပြောတယ်။ တပည့်တော်တွေအတွက် သိုးသူငယ်တော်က အသေခံပြီး ဘုရားသခင်နဲ့ မိသဟာယပြုခွင့် ရလာတယ်။ လူဟာ ကိုယ့်ဘာသာကိုယ် မသန့်ရှင်းဘူး။ ခရစ်တော်ရဲ့ အသွေးတော်က အပြစ် ဆေးကြောမှ သန့်ရှင်းတယ်။

ဝမ်းနည်းစရာတခုက နောက်လိုက်အားလုံး သန့်ရှင်းသွားတာ မဟုတ်ဘူး။ ဒီနေ့ခေတ်မှာလိုပါပဲ။ တချို့က ပါးစပ်နဲ့ သန့်ရှင်းနေတယ်။ ခရစ်တော်ရဲ့ အသွေးတော်ကို ယုံကြည်ရမယ်။ ဝိညာဉ်တော်ကို မရသူ ရှိတယ်။ မာရ်နတ်ရဲ့ စိတ်သဘောက မုန်းတီးခြင်း၊ မနာလိုခြင်း၊ မာနတက်ခြင်းနဲ့ ဖေါက်ပြန်ခြင်းတွေ ရှိတယ်။ ဒါကြောင့် ဘုရားတရား ကိုင်းရှိုင်းသူတွေပင်လျှင် နိမ့်ကျတဲ့စိတ်သဘောနဲ့ ငွေမက်တာမျိုး ရှိနေတတ်တယ်။ သခင်ယေရှုက နေ့စဉ် ခြေဆေးဖို့ လိုတယ်။ အပြစ်မျိုးစုံကနေ ကင်းလွတ်ဖို့ လိုတယ်။ ဘုရားနဲ့ မိသဟာယဖွဲ့ သန့်ရှင်းဖို့ လိုတယ်။ ဒါကြောင့် ကိုယ်ဟာ အစေခံကျွန်လား၊ သခင်လားလို့ ဆန်းစစ်သင့်ပါတယ်။

ဆုတောင်း ဘုန်းတော်ကိုစွန့်ပြီး မသန့်ရှင်းတဲ့သူတွေထံ ကြွလာတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ တပည့်တော်တွေရဲ့ခြေကို ဆေးသလို အပြစ်ရှိတဲ့ နှလုံးသားရဲ့ ခြေကိုလည်း ဆေးကြောပေးခဲ့တယ်။ မာနတွေမရှိဘဲ ကိုယ်တော့ရှေ့မှာ ဦးညွတ်ပြတ်ဝပ်လျှက် အစေခံကျွန်ကဲ့သို့ ဝတ်ပြုကိုးကွယ်ပါမယ်။ အားလုံးထဲမှာ အနိမ့်ဆုံးသူ ဖြစ်ပြီး အသင်းတော်နဲ့ မိသားစုကို အလုပ်အကျွေးပြုဖို့ အသင့်ဖြစ်ပါမယ်။

မေးခွန်း ၈၅

  1. တပည့်တော်တွေကို သခင်ယေရှုခြေဆေးပေးတဲ့ အဓိပ္ပါယ်ကို ပြောပြပါ။

ယောဟန် ၁၃း ၁၂- ၁၇
၁၂ “ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကို ဝတ်၍ လျောင်းတော်မူလျက် သင်တို့၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။ ၁၃ သင်တို့သည် ငါ့ကို အရှင်ဘုရားဟူ၍လည်းကောင်း သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား သင်တို့ခေါ်ကြသည့်အတိုင်း ငါမှန်၏။ ၁၄ ငါသည် သခင်ဖြစ်လျက် အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ ခြေကို ဆေးရကြမည်။ ၁၅ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကိုပြခဲ့ပြီ။ ၁၆ ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက် သာ၍ကြီးမြတ်သည်မဟုတ်။ ၁၇ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။”

သခင်ယေရှုက သူ့ရဲ့နောက်ဆုံးနှုတ်ဆက်ချိန်မှာ စကားအများကြီးမပြောဘူး။ စကားများများပြောပြီး လက်တွေ့မပါရင် အကျိုးမရှိဘူး။ တပည့်တော်တွေကိုလည်း သခင်ယေရှုရဲ့ အလုပ်ကိုပဲ မြင်စေချင်တယ်။ “ကြည့်ကြလော့၊ ငါသည် သင်တို့တွင် အပေါင်းအသင်းတယောက်ဖြစ်သလို သင်တို့ထက်မြင့်သော ပလ္လင်မှာမထိုင်၊ သင်တို့ကို ကျွန်ကဲ့သို့သဘောမထား သင်တို့ထက်ထူးမြတ်သည့် အရိုက်အရာမယူ၊ ဆရာသခင်အဖြစ်မနေဘဲ ကျွန်တယောက်လို နေခဲ့တယ်။ ဘုရားမေတ္တာရဲ့ သဘောကို သင်တို့နားလည်ပြီလား။ မာနရှိသူဟာ ကိုယ့်ကိုကိုယ် ချီးမြှင့်နေရာယူတယ်။ နှိမ့်ချသူကတော့ အခက်အခဲတွေကြားမှာ နေရာယူတယ်။ ကိုယ့်အလိုကို ငြင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင်တယ်။”

“ငါ့တပည့်ဖြစ်ချင်ရင် ငါ့ရဲ့ပုံစံအတိုင်းသွားပါ။ စကားပြောရုံပဲမဟုတ် ပြောတဲ့အတိုင်း အသက်ရှင်တယ်။ ကြည့်ပါ၊ ငါဟာ အစေခံကျွန်ဖြစ်တယ်။ ငါ့အလိုကို လိုက်ချင်ရင် ဦးခေါင်းကို ညွှတ်ပြီး တခြားသူတွေကို အလုပ်အကျွေးပြု ကူညီရမယ်။ ပထမဖြစ်ချင်တဲ့သူက အားအနည်းဆုံး အနိမ့်ကျဆုံးဖြစ်ရမယ်။ အေးအေးဆေးဆေး တည်ငြိမ်စွာနဲ့ နှိမ့်ချစွာနဲ့ သူတပါးကို ကူညီမှ တကယ်ကြီးမြတ်သူ ဖြစ်တယ်။ အသင်းတော်ဆိုတာ စုံလင်တဲ့ သန့်ရှင်းသူတွေကို စုဝေးထားတာမျိုး မဟုတ်ဘူး။ သူတို့ဟာ ပြုပြင်ပြောင်းလဲနေသူတွေသာ ဖြစ်တယ်။ ငါ သူတို့ကို ဆေးကြောပေးခဲ့ပြီ။ သန့်ရှင်းသူတွေ ဖြစ်ကြပြီ။ ဒါပေမယ့် သည်းခံဖို့ ကြီးထွားဖို့ အချိန်လိုသေးတယ်။ လူတိုင်း မှားတတ်တယ်။ လဲတတ်တယ်။ ဒါကြောင့် တယောက်နဲ့တယောက် အမှားတွေ၊ အပြစ်တွေကို ခွင့်လွှတ်ကြပါ။ တယောက်နဲ့တယောက် အပြစ်မတင်နဲ့ မစီရင်နဲ့ ကူညီပါ။ တခြားသူတယောက်ရဲ့ခေါင်းကိုသာ မဆေးဘဲ ခြေထောက်ကို ဆေးပေးပါ။ တခြားသူတွေအထက်မှာ ဆရာကြီးမလုပ်ပါနဲ့။ ညီအကိုသာ ဖြစ်ပါစေ။ ညီအကိုလို အသက်ရှင်ရင် ငါပြောတဲ့စကားကို နားလည်သူ ဖြစ်တယ်။ ငါ့ကို အစေခံဖို့ ငါလာတာမဟုတ်။ ငါက အစေခံဖို့သာ လာတယ်။ ငါ့အသက်တာဟာ စွန့်လွှတ်တဲ့အသက်တာ၊ ဆက်ကပ်တဲ့အသက်တာ၊ ကူညီအမှုတော်ဆောင်တဲ့ အသက်တာ ဖြစ်တယ်။”

“သင်တို့ကို ဒီလောကကြီးထဲမှာ ချစ်ခြင်းမေတ္တာရဲ့ တမန်တော်တွေအဖြစ် စေလွှတ်တယ်။ စေလွှတ်ခံရသူဟာ စေလွှတ်လိုက်တဲ့သူလိုပဲ ကြီးမြတ်ပါတယ်။ သင်တို့တာဝန်က ငါ့လိုပဲ အစေခံကျွန် ဖြစ်ဖို့ပါပဲ။ ဒါကို နားလည်ရင် ခရစ်ယာန်ဆိုတဲ့ သဘောသဘာဝ အနှစ်သာရကို နားလည်သွားပြီ။ ဒုတိယက နားလည်ရင် နားလည်တဲ့အတိုင်း လုပ်ရင် ကောင်းကြီးရတယ်။ ချစ်ခြင်းမေတ္တာဆိုတာ စကားလုံးမျှသာ မဟုတ်ဘူး။ လက်တွေ့လုပ်ဖို့ ဖြစ်တယ်။” အမှုတော်ဆိုတာ အလုပ်လုပ်တာ၊ ဆက်ကပ်တာ ဖြစ်တယ်။ စကားလုံးမျှ၊ ဆုတောင်းခြင်းမျှ၊ ခံစားချက်မျှသာ မဟုတ်ဘူး။ ယုံကြည်သူရဲ့သဘာဝက ကူညီမစတတ်ရမယ်။ ဒီစိတ်သဘောကနေ ချစ်ခြင်းမေတ္တာရဲ့ လုပ်ဆောင်မှုတွေ အများကြီးထွက်လာမယ်။ သူတပါးကို မကူညီတတ်ရင် ယုံကြည်သူလို့ ပြောဖို့ခက်တယ်။ အသံနေအသံထားနဲ့ ဆုတောင်းနေတာဟာ တခါတရံမှာ လျှို့ဝှက်လိမ်ညာနေတာ ဖြစ်တယ်။ ကိုယ်ကောင်းလို့ ကယ်တင်ခြင်းရတာ မဟုတ်ဘူး။ အသွေးတော်က ကယ်တင်တယ်။ ဘုရားအမှုတော်ထဲမှာ ပုံမှန် နှိမ့်ချစွာ သူတပါးကို ကူညီရင် ဘုရားသခင်ရဲ့ ဝမ်းမြောက်ခြင်းနဲ့ ပြည့်လာမယ်။ ခရစ်တော်ရဲ့အစေခံကျွန်သဘောကို ဘုရားသခင် နှစ်သက်တော်မူတယ်။

မိတ်ဆွေ ဆရာဖြစ်ချင်သလား။ သခင်ဖြစ်ချင်သလား။ သခင်ယေရှုကို ကြည့်ပါ။ သူဟာ ဆရာထဲမှာ အကောင်းဆုံး ဖြစ်တယ်။ သူဟာ သင့်ရှေ့မှာ အစေခံကျွန်လို ရပ်နေတယ်။သူ့သွန်သင်ချက်တွေကို လက်တွေ့ ကျင့်သုံးရဲ့လား။ ဒီနေ့ကစပြီး သူတပါးကို ကူညီပါ။ ဘယ်လူကို ဘယ်လိုကူညီရမလဲ။ ဘယ်မှာကူညီရမလဲ ဆိုတာ ဆုတောင်း အဖြေရှာပါ။ ဒါကိုသိပြီးလုပ်ဆောင်ရင် ကောင်းကြီးခံစားရပါလိမ့်မယ်။

www.Waters-of-Life.net

Page last modified on April 23, 2019, at 05:04 AM | powered by PmWiki (pmwiki-2.2.109)