Previous Lesson -- Next Lesson
3. ဂရိလူမျိုးတွေက သခင်ယေရှုနဲ့ မိတ်ဆွေလာဖွဲ့ကြတယ်။ (ယောဟန် ၁၂း ၂၀- ၂၆)
ယောဟန် ၁၂း ၂၀- ၂၄
၂၀ “ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါကြ၏။ ၂၁ ထိုသူတို့သည် ဂါလိလဲပြည် ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့ သွား၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည် ခင်ဗျားဟု တောင်းပန်ကြ၏။ ၂၂ ဖိလပ္ပုသည်သွား၍ အနြေ္ဒကိုကြားပြောပြီးမှ ထိုသူနှစ်ယောက်တို့သည် ယေရှုကို လျှောက်ကြ၏။ ၂၃ ယေရှုကလည်း လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။ ၂၄ ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကိုသီးတတ်၏။”
ယုဒဘာသာကို ပြောင်းလာတဲ့ ဂရိတွေဟာ ယေရုရှလင်ကို စုဝေးရောက်လာတယ်။ ဂရိအသိုင်းအဝိုင်းမှ ပသခါပွဲကျင်းပဖို့ ရောက်လာခြင်း ဖြစ်တယ်။ လူတွေက သခင်ယေရှုကို ရှင်ဘုရင်အဖြစ် ကြွေးကြော် ကြိုဆိုနေချိန်မှာ ဂရိတွေလည်း စိတ်လှုပ်ရှားလာတယ်။ ဒါကြောင့် သခင်ယေရှုအကြောင်း ပိုသိချင်လာတယ်။ လူမျိုးတွေ၊ တိုင်းနိုင်ငံတွေရဲ့ စိတ်ဆန္ဒကို ဒီနေရာမှာ တောင်းဆိုမှုအဖြစ် တွေ့ရတယ်။ ဖိလိပ္ပုက ဂရိစကားပြောတတ်တဲ့အတွက် သူ့သူငယ်ချင်း အနြေ္ဒနဲ့ ဒီအကြောင်း ပြောကြတယ်။ သူငယ်ချင်းနှစ်ယောက် သခင်ယေရှု အနား ချဉ်းကပ်ပြီးတော့ သခင်ယေရှုကို တပါးအမျိုးသားတွေ ပထမဦးဆုံး ယုံကြည်တာ မြင်တဲ့အခါ စိတ်လှုပ်ရှားကြတယ်။ အခု ဂျူးတွေနဲ့ ဖြစ်တဲ့ ပြသနာကနေ လွတ်မြောက်ပြီးတော့ ဂရိပြည်ဘက်ကို ထွက်ပြေးနိုင်မယ်လို့ ခံစားရနိုင်တယ်။
သခင်ယေရှုက သူတို့စိတ်ထဲရှိတာကို သိနေတယ်။ ဂရိတွေရဲ့ တောင်းဆိုချက်နဲ့အတူ လောကီ နိုင်ငံသားတွေရဲ့ တောင့်တခြင်းကိုလည်း သိတယ်။ အများနားမလည်နိုင်တဲ့ အကြောင်းအရာတခုကို ပြောလိုက်တယ်။ ဒီစကားဟာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းရဲ့ ဆောင်ပုဒ်လည်း ဖြစ်လာတယ်။ လူသားသည် ဘုန်းထင်ရှားရသော အချိန်လည် ရောက်လာပြီ။ ဒီအချိန်မှာ ကောင်းကင်နဲ့မြေကြီးဟာ နီးစပ်လာတဲ့သဘော ဖြစ်တယ်။
ဒါပေမယ့် အံ့အားသင့်စရာအကောင်းဆုံးအချက်က စစ်ပွဲအောင်နိုင်တာ နိုင်ငံရေး အာဏာ ရတာတွေဟာ သခင်ယေရှုရဲ့ဘုန်းတော်ထင်ရှားမှုမျိုး မဟုတ်ဘူး။ ရှင်ယောဟန်ဟာ တောင်ပေါ်မှာ သခင်ဘုရား ကိုယ်ယောင်ကိုယ်ဝါ ပြောင်းလဲခြင်းအကြောင်းကို မှတ်တမ်းမတင်ဘူး။ ဒါဟာ ဘုန်းတော်ထင်ရှားပြစရာ အကြာင်းလို့လည်း သူထင်ပုံမရဘူး။ သခင်ယေရှုရဲ့ သေခြင်းနဲ့ ဘုန်းထင်ရှားခြင်းကိုသာ ချိတ်ဆက်ပြောဆိုတယ်။ အဲဒီ ကားတိုင်ပေါ်မှာသာ လူတွေဟာ ဘုရားချစ်ခြင်းမေတ္တာကို မြင်ခွင့်ရကြပါတယ်။
သခင်ယေရှုက သူ့ကိုယ်သူ ကောက်ပဲမျိုးနှံ မျိုးစေ့တခုလို့ ဆိုတယ်။ ကောင်းကင်မျိုးစေ့ဟာ မြေကြီးပေါ် ကျလာပြီး ပျက်သွားရတယ်။ ပြီးမှ ဘုန်းတော်ထင်ရှားရတယ်။ သခင်ယေရှုက အမြဲတမ်း ဘုန်းတော် ထင်ရှားနေသူ ဖြစ်တယ်။ သူ့သေခြင်းက အပြစ်ရှိတဲ့လူတွေကို သန့်ရှင်းစေတယ်။ ဒါမှသာ ဘုရားရဲ့ကြီးမြတ်ခြင်းကို ဝေမျှခံစားရမှာ ဖြစ်တယ်။ ဂရိတွေရောက်လာခြင်းဟာ တခြားလူမျိုးတွေအားလုံး ခရစ်တော်ထံ ရောက်ဖို့အတွက် နှိုးဆော် လိုက်သလို ဖြစ်တယ်။ တခြားလူမျိုးတွေကိုလည်း ဘုန်းတော်အတိုင်း အသစ်ပြုပြင်ပေးမှာ ဖြစ်တယ်။ ဒီဘုန်းတော် ခံစားရဖို့ ကားတိုင်ပေါ်မှာ ပြုပြင်လိုက်တယ်။
ယောဟန် ၁၂း ၂၅- ၂၆
၂၅ “မိမိအသက်ကိုနှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။ ၂၆ ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သောသူ ဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလတံ့။”
သခင်ယေရှုက သူ့ရဲ့သေခြင်းအကြာင်းကို ပြောသလို တပည့်တော်တွေကို ဝေမျှခံစားရမယ့် ဘုန်းတော်အကြောင်းလည်း ပြောတယ်။ ဘုရားသားတော်ဟာ ဘုန်းအသရေကို စွန့်ပြီး လူတွေကိုကယ်ဖို့ ဘုရားစည်းစိမ်ကို စွန့်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ ရည်ရွယ်ချက်က ကြီးမြတ်ဖို့ နာမည်ကြီးဖို့ မဟုတ်ဘဲ ကိုယ့်အလိုကို ငြင်းပယ်ဖို့ ဖြစ်တယ်။ ကိုယ့်ကိုကိုယ် မုန်းနေသလား။ ချစ်နေသလား ဆန်းစစ်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ် မေ့ထားပြီး နိုင်ငံတော်အတွက် သစ္စာရှိစွာ အမှုဆောင်ရင် ဘုရားရဲ့အသက်ရမယ်လို့ သခင်ယေရှု ဆိုတယ်။ ကိုယ့်စိတ်ဝိညာဉ်ကို ထာဝရကာလအတွက် သိမ်းထားရာ ရောက်တယ်။ ဒီစကားများအားဖြင့် သခင်ယေရှုက စစ်မှန်တဲ့ဘုန်းအသရေရဲ့သဘာဝကို ပြောတယ်။ ကိုယ့်အလိုအတိုင်း အသက်မရှင်နဲ့။ ကိုယ့်ဂုဏ်အသရေ မာနအတွက် အသက်မရှင်နဲ့။ ဘုရားစကား နားထောင်ရင်းနဲ့ ဘုရားအမှုဆောင်ရမယ်။ သခင်ယေရှုက ကိုယ့်ဘုန်းအသရေကို စွန့်ပြီး လူဆိုးတွေ၊ ကိုယ်ကျင့်ပျက်သူတွေနဲ့ တစားပွဲတည်း ထိုင်ခဲ့တယ်။ အဲဒီလိုအပြစ်သားတွေကို ဧဝံဂေလိတရား ဝေငှရင်းနဲ့ အသက်တာမှာ ဘုရားဘုန်းတော် ထင်ရှားလာမယ်။ တခြားသူထက် ကိုယ်က ပိုကောင်းတယ်လို့ မထင်ပါနဲ့။ သခင်ယေရှုသာလျှင် သင့်ရဲ့အားနည်းချက်တွေထဲက သင့်ကို ပြောင်းလဲစေနိုင်တယ်။ ဒီပြောင်းလဲခြင်းဟာ ကိုယ့်အလိုကို ငြင်းပယ်ခြင်း ဖြစ်တယ်။
သခင်ယေရှုက အမှုတော်ရဲ့သဘာဝကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ သူ့ရဲ့ ပုံသက်သေအတိုင်း လုပ်ဆောင်ပြီး ကဲ့ရဲ့ပြစ်တင်ခံရတဲ့အခါ တည်ကြည်နိုင်ဖို့ လိုတယ်။ လျှောက်ရတဲ့လမ်းက သက်သက်သာသာ ခမ်းခမ်းနားနားနဲ့ ဂုဏ်ယူဝံ့ကြွားစရာ မဟုတ်ဘူး။ တချို့သော ခရစ်တော်ရဲ့ နောက်လိုက်တွေက ဒီလို မျှော်လင့်ထားတယ်။ တကယ်တော့ ပစ်ပယ်မှုတွေ၊ ကြမ်းတမ်းမှုတွေ၊ သေသည့်တိုင်အောင် နှိပ်စက်ညှင်းပန်းမှုတွေ ရှိလာနိုင်တယ်။ နာမတော်အတွက် ဆင်းရဲခံနိုင်ပါ့မလား။ ငါ့တပည့်တော်တွေ ရှိမယ့်အရပ်မှာ ငါရှိမယ်လို့လည်း ကိုယ်တော်က ဂတိပေးတယ်။ ကိုယ်တော်က ဆင်းရဲခြင်း ဒုက္ခဝေဒနာတွေ ခံစားပြီး၊ အရင် လျှောက်ပြတယ်။ ကျွန်တော်တို့နဲ့အတူ ဆင်းရဲခံနိုင်သူ ဖြစ်တယ်။ သခင်ခရစ်တော်ရဲ့အမှုတော်ဆောင်ဆိုတာ အသက်တာလမ်းခရီးမှာ ကောင်းစားနေဖို့ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ကျေနပ်ပျော်ရွှင်နေဖို့လည်း မဟုတ်ဘူး။ လိုအပ်သူတွေကို ကူညီ မစဖို့သာ ဖြစ်တယ်။ နောက်လိုက်သူတွေရဲ့ ဆက်ကပ်မှုအားဖြင့်သာ ကိုယ်တော်ရဲ့ နာမတော် ဘုန်းထင်ရှားစေမယ်။ အမှုတော်ဆောင်တွေက သားတော်နဲ့တူမှသာလျှင် ခမည်းတော်ရဲ့ဘုန်း ထင်ရှားလာမယ်။
ခမည်းတော်ရဲ့ ပလ္လင်ထက်မှာ ခရစ်တော်က ဒီနေ့ထိုင်နေပြီး ခမည်းတော်နဲ့ မိတ်သဟာယဖွဲ့နေတယ်။ ဒီလိုပါပဲ ဒီနေ့ ညှင်းဆဲနှိပ်စက်မှုခံရသူတွေဟာလည်း တနေ့မှာ ခမည်းတော်ဘုရားသခင်နဲ့အတူ ဆုံတွေ့ရမယ်။ ဒီအချက်ဟာ အလွန်နက်နဲပါတယ်။ သားတော်ရဲ့အစေခံကျွန်တွေကို ခမည်းတော်က ပေးအပ်မယ့် ဂုဏ်အသရေအကြောင်းကို စဉ်းစားကြည့်ဖူးရဲ့လား။ ဖန်ဆင်းစကာလလို ပုံသဏ္ဍာန်တော်နဲ့အညီ ပြောင်းလဲပေးမယ်။ ဒီ့အပြင် သူတို့အပေါ်မှာ ဝိညာဉ်တော်ကို အပြည့်အဝ ဆင်းသက်မယ်။ သားတော်ကဲ့သို့ သားများဖြစ်ခွင့်ရပြီး သားတော်က သားတော်များထဲမှာ သားဦး ဖြစ်မယ်။ ကောင်းကင်မှာ ခမည်းတော် ဘုရားသခင်နဲ့အတူ ထာဝရ နေထိုင်ရမယ်။ (ရောမ ၈း ၂၉။ ဗျာဒိတ် ၂၁း ၃-၄)
ဆုတောင်း သခင်ယေရှုဘုရား ကိုယ့်ဘုန်းအသရေကိုမရှာပဲ ဘုန်းအသရေကို စွန့်ခဲ့ပါတယ်။ နှိမ့်ချစွာနဲ့ ဘုရားသခင်ကို ကိုးကွယ်ရင်း ကိုယ့်အလိုဆန္ဒနဲ့မာနတွေ ကင်းစင်စေတော်မူပါ။ ဝိညာဉ်တော်နဲ့ ပေးသော လွှတ်ခြင်းအခွင့်ကို နားလည်ပြီး ကိုယ်တော့်အမှုကိုဆောင်စေပါ။ ကိုယ်တော့ချစ်ခြင်းကို သိမြင်စေပါ။
မေးခွန်း ၈၂
- ခရစ်တော်ရဲ့သေခြင်းဟာ ဘာကြောင့်ဘုန်းထင်ရှားရတာလဲ။