Previous Lesson -- Next Lesson
b) လူအများနဲ့ လွှတ်တော်ကြားမှာ သခင်ယေရှုအကြောင်း အမျိုးမျိုးထင်မြင်ယူဆချက်များ (ယောဟန် ၇း ၁၄- ၆၃)
ယောဟန် ၇း ၄၅- ၄၉
၄၅ “ထိုအခါ မင်းလုလင်တို့သည် ယဇ်ပရောဟိတ်အကြီး ဖာရိရှဲထံသို့ပြန်၍ ထိုမင်းတို့က အဘယ်ကြောင့်သူ့ကို မဆောင်ခဲ့ကြသနည်းဟု မေးမြန်လျှင်၊ ၄၆ မင်းလုလင်တို့က ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါဟု လျှောက်ကြ၏။ ၄၇ ဖါရိရှဲတို့ကလည်း သင်တို့ကိုပင်လှည့်ဖြားပြီလော။ ၄၈ မင်းများ ဖါရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစုံတယောက်မျှရှိသလော။ ၄၉ တရားကိုမသိသော ဤသူများတို့သည် ကျိန်ခြင်းကိုခံရသောသူ ဖြစ်သည်ဟု ဆိုကြ၏။”
သခင်ယေရှုက ဗိမာန်တော်မှာ လူများကိုသွန်သင်နေချိန်မှာ ဖါရိရှဲတွေဟာ သခင်ယေရှုကိုဖမ်းဖို့ တပည့်တွေနဲ့ စုရုံးနေကြတယ်။ ယဇ်ပုရောဟိတ်အကြီးတွေဟာ လူများစုဖြစ်တယ်။ ယဇ်ပရောဟိတ်မင်းတပါးသာ သူ့သက်တမ်းတလျှောက်မှာ လွှတ်တော်မှာဦးဆောင်ရပေမယ့် အရေအတွက်က အများဖြစ်တယ်။ ဒါပေမယ့် ရောမအစိုးရကတော့ ဒီလူတွေကို သိပ်အလေးအနက်မထားဘူး။ ဒါကြောင့် သူတို့က သခင်ယေရှုခေတ်ကာလမှာ ရောမအစိုးရရှေ့မှာ အင်အားပြဖို့ ယဇ်ပုရောဟိတ်အများအပြား ထားကြတယ်။ ယဇပရောဟိတ်တွေဟာ ဇဒ္ဒုကဲတွေ ဖြစ်တယ်။ လွတ်လပ်စွာတွေးပြီး ဖါရိရှဲတွေရဲ့ပညတ်သဘောကို သိပ်လက်မခံကြသူတွေ ဖြစ်တယ်။
လွှတ်တော်ထဲမှာတော့ ဖါရိရှဲတွေဟာ ယဇ်ပုရောဟိတ်တွေနဲ့အတူထိုင်ကြတယ်။ ပညတ်သမားတွေက ဂရိအတွေးအခေါ်တွေကို ပယ်တယ်။ ယုံကြည်ခြင်းတရားအတွက် ပညတ်တွေပေးတယ်။ သူတို့အုပ်စုအတွက် ကြိုးစားကြတယ်။ သူတို့ဟာ စိတ်နှလုံးမာကြောပြီး၊ ကိုယ်ကိုကိုယ်ရော သူတပါးကိုပါ ချုပ်ချယ်နှောက်ယှက်ကြတယ်။ ဒါက ဘုရားကို ရိုသေတာလို့ ထင်ကြတယ်။
သခင်ယေရှုကို မဖမ်းနိုင်တော့ ဖါရိရှဲနဲ့ ဇဒ္ဒုကဲတွေ စိတ်ဆိုးကြတယ်။ တပည့်တော်တွေက ခုခံလို့ မဟုတ်၊ လူတွေက ကာကွယ်လို့လဲမဟုတ်၊ စကားတော်ကြောင့် လူတွေရှိန်းသွားခြင်းဖြစ်တယ်။ မဖမ်းရဲတော့ပဲ တန်ခိုးတော်ကို ရိပ်မိကြတယ်။
ဒါကြာင့် ဖါရိရှဲတွေက ဗိမာန်တော်အစောင့်တွေကို အော်ဟစ်မာန်မဲလာတယ်။” မင်းတို့ပါ ပါသွားပြီလား။ လွှတ်တော်ထဲက အသရေရှိတဲ့သူတွေက သူ့ကိုယုံလို့လား။ ဘယ်လူကောင်းမှ ဒီဂါလိလဲလူရဲ့ နောက် လိုက်မှာ မဟုတ်ဘူး” လို့ ဆိုတယ်။
လူအများကတော့ သခင်ယေရှုကိုချစ်ပါတယ်။ ဒါပေမယ့် သူတို့က သာမန်လူတွေသာ ဖြစ်တယ်။ အသိုင်းအဝိုင်းရဲ့အပယ်ခံ၊ လူဆိုးတွေ၊ ကိုယ်ကျင့်မကောင်းသူတွေလည်း ပါတယ်။ သခင်ယေရှုက သူတို့နဲ့အတူ စားပွဲမှာထိုင်ပြီး သူတို့ကို အသိအမှတ်ပြုတယ်။ ဒါပေမယ့် ဘာသာတရား ကိုင်းရှိုင်းသူတွေကတော့ ဒီလိုလူတွေကို ငြင်းပယ်လေ့ရှိတယ်။ အပြစ်တင်ကဲ့ရဲ့လေ့ရှိတယ်။ ဒီလူတွေဟာ ပညတ်တရားမဲ့သူတွေ လို့ဆိုတယ်။ တကယ်တော့ သခင်ယေရှုနောက်ကိုလိုက်တဲ့သူတွေဟာ အဲဒီလူအုပ်စုဝင်တွေဖြစ်တယ်။ သူတို့ထဲက တချို့က နှစ်ခြင်းဆရာ ယောဟန်ဆီမှာ ကိုယ်အပြစ်ကို ဝန်ချတောင်းပန်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ပြောတဲ့စကားနဲ့ သူတို့ လိုက်နာတဲ့ အလေ့အထတွေကို အုပ်စိုးသူတွေက မကြိုက်ကြဘူး။ မတူညီ ကွဲပြား၊ လူတန်းစား ခွဲခြားမှုတွေ ရှိပေမယ့် အုပ်စု တစုတော့ ဖြစ်လာတယ်။
ယောဟန် ၇း ၅၀- ၅၃
၅၀ “အထက်က ညအခါ၌ အထံတော်သို့ လာသောသူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင်ကလည်း၊ ၅၁ ငါတို့တရားသည် လူကိုမစစ် သူ့အမှုကိုမသိမီကပင် ရှေ့မဆွကဆုံးဖြတ်တတ်သလောဟု ဆိုလျှင်၊ ၅၂ သူတို့က သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော၊ စစ်ဦးလော့ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်မထွန်းသည်ကို မှတ်လော့ဟု ဆိုကြပြီးမှ ၅၃ ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့ သွားကြ၏။”
သူတို့အထဲက တယောက်က လွှတ်တော်ရဲ့ကြမ်းတမ်းမှုကို သဘောမကျဘူး။ သူက သခင်ယေရှုထံ ညအချိန်မှာ တိတ်တဆိတ်လာဖူးတဲ့ နိကောဒင်ဖြစ်တယ်။ ခရစ်တော်က သူ့ကို နောက်တဖန်အသစ်မွေးဖို့လိုကြောင်း ပြောခဲ့တယ်။ သူက သခင်ယေရှုကို သဘောကျနေတဲ့သူ။ လူသိထင်ရှားမဟုတ်ပေမယ့် သခင်ယေရှုကို သဘောကျပြီး စဉ်းစားဆင်ခြင်နေသူဖြစတယ်။ သူက လွှတ်တော်ရဲ့ထုံးစံအတိုင်း စည်းဝေးမတက်ဘဲ စည်းဝေး ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တယ်။
ဒါပေမယ့် အကြီးအကဲတွေက သူ့အတွေးအခေါ်ကို လှောင်ပြောင်ကြတယ်။ သူတို့ ထောက်ပြတဲ့ အချက်က သခင်ယေရှုဟာ ဂါလိလဲပြည်သားဖြစ်တဲ့အတွက် ပရောဖက်အတုသာ ဖြစ်မယ်။ ဂါလိလဲဟာ ပညတ်တော်နဲ့ မဆိုင်တဲ့ အနွယ်တွေဆိုပြီး ယုဒလူမျိုးတွေ ပစ်ပယ်ရာအရပ် ဖြစ်တယ်။ မေရှိယ သို့မဟုတ် ပရောဖက် တပါးပါးဟာ ဒီဒေသက လာမယ်လို့ ဟောပြောထားခြင်း မရှိဘူး။ ဒါကြောင့် အတုပဲဆိုပြီး၊ သခင်ယေရှုရဲ့ တန်ခိုးပါတဲ့ စကားကို လွှတ်တော်မှာ ကြားနာစေချင်တဲ့ နိကောဒင်ရဲ့ စကားကို ပယ်ချလိုက်ကြတယ်။
မေးခွန်း၅၇
- ယဇ်ပရောဟိတ်နဲ့ ဖါရိရှဲတွေက ဘာကြောင့် သာမန်လူတွေကိုပစ်ပယ်ချင်တာလဲ။