Previous Lesson -- Next Lesson
1. ဗက်ဇဲဒမြို့မှ ခြေလက်မစွမ်းသူကို အနာငြိမ်းစေခြင်း (ယော ၅း ၁ - ၁၆)
'''ယော ၅း ၁ - ၉
၁ ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။-
၂ ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။- ၃ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မျှော်လင့်၍ နေကြ၏။- ၄ အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေ့ ဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။ ၅ ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတစ်ယောက်သည် ရေကန်နားမှာရှိ၏။- ၆ ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျမ်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။- ၇ နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။- ၈ ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊- ၉ ခဏချင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။'''
ဂါလိလဲပြည်မှာ သခင်ယေရှု ၉ လခန့်နေပုံရတယ်။ အဲဒီနောက် တဲတော်ပွဲကာလမှာ ယေရုရှလင်မြို့ကို သွားတယ်။ အဲဒီမြို့မှာ ယုံကြည်ခြင်း တိုက်ပွဲရှိမယ်ဆိုတာ သိတယ်။ ပညတ်သမားတွေ၊ ဘာသာရေးသမားတွေကို ထိပ်တိုက်ရင်ဆိုင်ပေမယ့် ကိုယ်တော်တိုင် ပညတ်တော်တွေကို သစ္စာရှိစွာ စောင့်ထိန်းတယ်။ ယေရုရှလင် ဗိမာန်တော်ကို တနှစ် ၃ ကြိမ် တတ်နိုင်သမျှ သွားပါတယ်။ (တရားဟော ၁၆း ၁၆)
မြို့ထဲမှာ ရေကန်တကန်ရှိတယ်။ ဂရိကျမ်းတွေက ဒီကန်မှာ ကောင်းကင်တမန် ဆင်းသက်လေ့ရှိတယ်လို့ ဆိုတယ်။ ရေကန်ရဲ့ ပတ်လည်ဇရပ်တွေကို ဟေရုဒ်မင်းက ဆောက်တယ်။ အဲဒီဇရပ်တွေကို မကြာသေးခင်ကာလကပဲ တူးဖေါ်တွေ့ရှိကြတယ်။ ဒီဇရပ်ကို ကရုဏာအိမ် လို့ ခေါ်တယ်။ ရေလှုပ်ရှားမှာကို စောင့်နေတဲ့ မသန်မစွမ်းတွေ အများကြီး ရှိတယ်။ ရေလှုပ်ရင် ပထမဆုံး ခုန်ဆင်းသူ၊ ပစ်ချခံရသူ ရောဂါ ပျောက်မယ်၊ ကျန်းမာမယ် လို့ ယုံကြတယ်။
သခင်ယေရှုက ရောဂါသည်တွေ ပြည့်နေတဲ့ ရေကန်ကို ရောက်သွားပြီး ၃၈ နှစ်လုံးလုံး မသန်စွမ်းတဲ့ သနားစရာလူကို တွေ့တယ်။ ဒီလူက လူတွေကို မုန်းနေပုံပဲ။ ကရုဏာအိမ်မှာလည်း လူတွေက ကိုယ့်အတွက်ပဲ ကြည့်တယ်။ တခြားသူကို မသနားဘူး။ ဒါပေမယ့် မြော်လင့်ချက် မပျောက်သေးဘူး။ ဘုရားရဲ့ ကရုဏာ ခံစားရမယ့် အခွင့်အခါကို စောင့်နေသေးတယ်။
သနားတတ်တဲ့ သခင်ယေရှု ရုတ်တရက် သူ့ရှေ့ရောက်လာတယ်။ ရေကန်ကို စိတ်ဝင်စားနေတဲ့ စိတ်ကို သခင်ယေရှုထံရောက်အောင် အရင်ဆွဲဆောင်တယ်။ ရောဂါပျောက်ဖို့ စိတ်ဆန္ဒဖြစ်လာစေတယ်။ ဘယ်သူမှ မကူညီဘူး ဆိုတဲ့ သူ့နာကြဉ်းချက်ကို ထုတ်ဖေါ်ခွင့်ပေးတယ်။ ပျောက်ဖို့ အခွင့်အရေး ခဏခဏ ရှာပေမယ့် ယုံကြည်ချက် လျော့လာတယ်။ ဘယ်သူမှ စေတနာ မထားကြဘူး။ ကိုယ်တော်လည်း ရေလှုပ်တာ လာစောင့်တာလား။ ကျွန်တော်ကို ရေကန်ထဲ ချပေးပါလား။
ဘယ်သူမှ မကြင်နာဘူး လို့ ခံစားနေရပါသလား။ တခြားသူတွေက ပစ်ပယ်ကြသလား။ သခင်ယေရှု ရှိပါတယ်။ အနားမှာ ရပ်နေတယ်။ အဖြစ်အပျက်တွေ မေးနေတယ်။ သခင်ယေရှု ကယ်တင်နိုင်တယ်။ ကူမနိုင်တယ်။ မသန်စွမ်းသူက အားငယ်နေမယ်။ သူ့မေးခွန်းတွေက ခရစ်တော်ရဲ့ သနားကြင်နာတတ်တဲ့ မျက်ဝန်းနဲ့ တွေ့ပြီ။ သနားကြင်နာမှုက မေတ္တာတော်ကို ယုံလာစေတယ်။ တကယ်ပျောက်ချင်နေတာ တွေ့တော့၊ ကယ်မနိုင်တယ် လို့လည်း အားကိုးနေတော့ “ထလော့။ အိပ်ယာကို ဆောင်သွားလော့။” လို့ မိန့်တော်မူတယ်။ ဒါက ဘုရားတန်ခိုးပဲ။ မဖြစ်နိုင်တာ ဖြစ်အောင်လုပ်တယ်။ မသန်စွမ်းသူက ခရစ်တော်ရဲ့ စကားကို ယုံတယ်။ တန်ခိုးထွက်လာမှာ ယုံတယ်။ တန်ခိုးထွက်လာပြီး သူ့အရိုးတွေ ပြန်သန်မာလာတယ်။ အားအင်ရပြီး ကျန်းမာလာတယ်။ ချက်ချင်းပဲ ပျော်လွန်းလို့ ထခုန်တယ်။ မတ်တပ်ရပ်ပြီး အိပ်ယာ သယ်သွားတယ်။ ဝမ်းသာအားရ သွားရှာတယ်။ ခရစ်တော်ရဲ့ စကားကို ယုံကြည်လို့ ရုတ်တရက် ကျန်းမာလာတယ်။
ဆုတောင်း မသန်စွမ်းသူကို ကျော်မသွားဘဲ သနားကြင်နာတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ယေရှု။ သူ့ကို ကယ်မယ့်သူက သနားတတ်တဲ့ ကိုယ်တော်တပါးဘဲ ရှိပါတယ်။ လူကိုအားမကိုးဘဲ ကိုယ်တော်ကိုသာ အားကိုးစေပါ။ ကိုယ်တော်မေတ္တာတော်အတိုင်း ပုံစံပြောင်းလဲပြီး သူတပါးကို ကောင်းကြီးဝေမျှ၊ ဂရုစိုက်တတ်စေပါ။
မေးခွန်း ၃၇
- ဗက်ဇဲဒရေကန်မှာ မသန်စွမ်းတဲ့လူကို ဘယ်လို ကျန်းမာစေခဲ့သလဲ။