Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 067 (Jesus is the Good Shepherd)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
3. ကောင်းတဲ့သိုးထိန်းဖြစ်တဲ့သခင်ယေရှု (ယောဟန် ၁၀း ၁- ၃၉)

c) သခင်ယေရှုဟာ ကောင်းသောသိုးထိန်း ဖြစ်တယ်။ (ယောဟန် ၁၀း ၁၁- ၂၁)


ယောဟန် ၁၀း ၁၁- ၁၃
၁၁ “ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှါ မိမိအသက်ကို စွန့်တတ်၏။ ၁၂ သိုးများကိုပိုင်သော သိုးထိန်းမဟုတ်၊ သူငှားဖြစ်သောသူမူကား တောခွေးလာသည်ကို မြင်လျှင် သိုးတို့ကိုပစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။ ၁၃ သူငှားသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကိုမမှတ်သောကြောင့် ထွက်ပြေးတတ်၏။”

ဘုရားသခင်က ရှင်ဘုရင်တွေ၊ မှားယွင်းတဲ့ပရောဖက်တွေ၊ ယဇ်ပုရောဟိတ်တွေက သိုးထိန်းမရှိဘဲ ကွဲလွင့်နေတဲ့ သိုးတွေလို ဖြစ်နေတဲ့ လူတွေအပေါ်မှာ လှည့်ဖြားတာတွေကို သည်းခံတော်မူခဲ့တယ်။ ဒါကြောင့် ကောင်းသာသိုးထိန်းအဖြစ် ခရစ်တော်ကို စေလွှတ်ခဲ့တယ်။ ခရစ်တော်က ငါဟာ မှန်သောဘုရင်၊ မှန်သော ယဇ်ပရောဟိတ်၊ နောက်ဆုံးသောဗျာဒိတ်ဖြစ်တဲ့ ယဇ်ပုရောဟိတ်လို့ ပြောတယ်။ ခရစ်တော်မှာ သိုးထိန်းရဲ့ သဘာဝတွေကို တွေ့ရတယ်။ ခရစ်တော်က “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမယ်”လို့ ဆိုတယ်။ ငါဟာ သင်တို့ကို ကွဲလွင့်စေမှာမဟုတ်ဘူး။ ထောင်ချောက်တွေထဲကနေ ကယ်နှုတ်မှာ ဖြစ်တယ်လို့ဆိုတယ်။

စစ်မှန်သောသိုးထိန်းရဲ့သက်သေကတော့ အသက်ကို စွန့်နိုင်ခြင်းဖြစ်တယ်။ သူ့ခန္ဓာကိုယ်ကို အသတ်ခံရရုံမဟုတ်ဘဲ ကိုယ်ခန္ဓာ စိတ်ဝိညာဉ်ကို သိုးတွေအတွက်စွန့်လွှတ်ပေးတယ်။ တပည့်တော်တွေအတွက် အစဉ်အမြဲ အမှုဆောင်ခဲ့တယ်။ သူ့ရဲ့ကိုယ်ခန္ဓာအသက်ကို စွန့်လွှတ်ခြင်းဟာ အသက်ပေးနိုင်သူရဲ့သရဖူတမျိုး ဖြစ်တယ်။ သခင်ယေရှုက သူ့အတွက်အသေခံတာမဟုတ်ဘူးဆိုတာကို သတိရပါ။ သူဟာ ကျွန်တော်တို့အတွက် အသက်ရှင်သလို၊ အသေခံပေးခဲ့သူ ဖြစ်တယ်။

သစ္စာမရှိတဲ့ သိုးထိန်းဟာ အန္တရာယ်ကြုံတဲ့အခါ ထွက်ပြေးတယ် ပုန်းနေတယ်။ သူတို့ကိုယ်သူတို့ပဲ ဂရုစိုက်တယ်။ တောခွေးဘေးမှာ သိုးတွေကို ပစ်ထားခဲ့တယ်။ သူတို့ဟာ သားရဲတိရိစ္ဆာန်တော့ မဟုတ်ဘူး။ ဒါပေမယ့် တိရိစ္ဆာန်လို ပြုမူတယ်။ သူတို့အဖက စာတန်ဖြစ်တယ်။ တောခွေးသဘောအရ စာတန်ရဲ့ရည်ရွယ်ချက်ဟာ ကိုက်စားဖို့ ဖြစ်တယ်။ သူ့ရဲ့တိုက်ခိုက်မှုတွေဟာ ဆိုးညစ်ယုတ်မာတယ်။ နှိပ်စက်ညှင်းဆဲတယ။် သတ်ဖြတ်တယ်။ စုံစမ်းနှောက်ယှက်ခြင်းတွေ၊ လိမ်ညာမှုတွေကို သဘောကျတယ်။ သင်းအုပ်တွေက မှားယွင်းတဲ့သွန်သင်ချက်တွေနဲ့ အပေးအယူ မလုပ်သင့်ဘူး။ လျစ်လျှူမရှုသင့်ဘူး။ ချစ်ခြင်းမေတ္တာနဲ့ ပညာရှိစွာနဲ့ သိုးတော်စုကို ကာကွယ်ရမယ်။ ခရစ်တော်ရဲ့ အသက်တာမှာ ရန်သူတွေနဲ့ ဆိုင်ပြိုင်ခဲ့ရတယ်။ ချစ်တဲ့အတွက် အစေခံကျွန်တွေအပေါ်မှာ ချစ်တဲ့ စကားကို ပြောတယ်။ သိုးထိန်းတွေက သိုးတွေကို ကြိုးစားပြုစုမယ်။ စာတန်ရဲ့ ဝိညာဉ်ဆိုးတွေရဲ့ တိုက်ခိုက်မှုဘေးက ကာကွယ်ရမယ်။ ကိုက်စားတတ်တဲ့ တောခွေးရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ မမှန်တဲ့ ပြစ်တင် စွပ်စွဲချက်တွေနဲ့အတူ သူဖျက်ဆီးချင်တဲ့အသင်းတော်ကို ညှင်းဆဲမယ်။ ဘုရားသခင်ရဲ့ သိုးတော်စုကို အလုပ်ကျွေး မပြုစုချင်ဘူးလား။ သိုးထိန်းအဖြစ် အမှုတော်ဆောင်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ရမှုတွေ၊ ဒုက္ခအခက်အခဲတွေ၊ ဆက်ကပ်ရမှုတွေ၊ စွန့်လွှတ်ရမှုတွေ ရှိပါလိမ့်ယ်။ အောင်မြင်ဖို့ ကောင်းစားဖို့ဆိုတာက မသေချာဘူး။

ယောဟန် ၁၀း ၁၄- ၁၅
၁၄ “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ၁၅ ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှါ စွန့်၏။”

ခရစ်တော်က သူဟာ အတုမရှိတဲ့ သိုးထိန်းဖြစ်ကြောင်း ထပ်ပြောတယ်။ လူတွေအနေနဲ့တော့ သင်းအုပ် လုပ်တဲ့အခါမှာ ရန်သူကို အပြည့်အဝမသိ၊ သိုးတွေရဲ့ စိတ်အခြေအနေကို နားမလည်၊ စိမ်းလန်းကျက်စားရာ အရပ်ကို ဘယ်လို လမ်းပြရမလဲမသိတော့ လူ့သဘာဝအရ အားနည်းစွာ အမှုတော်ဆောင်တတ်တယ်။ ခရစ်တော်က တဦးချင်းစီကို နာမည်နဲ့သိတယ်။ လူတွေရဲ့အတိတ်၊ အခုလက်ရှိအတွေးနဲ့ အနာဂတ်ကိုလည်း သိတယ်။

ခရစ်တော်က သူ့ရဲ့သိုးတွေကို ရွေးချယ်ပြီး တဦးချင်ကို သိကျွမ်းနေတယ်။ သိုးတွေက သူ့ကို ပိုသိလာတာနဲ့ တပြိုင်နက် သူတို့ဟာ ဘယ်တော့မှ စွန့်ပစ်မခံရဘူးဆိုတာ အံ့ဩစွာသိလာတယ်။ ကိုယ်တော်အတူ ရှိနေခြင်းဟာ သူတို့အတွက် ပြည့်စုံခြင်းဖြစ်လာတယ်။ ဒါကြောင့် ပိုချစ်တတ်လာတယ်။ ကျေးဇူးတော် ချီးမွမ်းချင်လာတယ်။ ထာဝရ ပဋိညာဉ်နဲ့ မိတ်ဖွဲ့လာရတယ်။ သခင်ယေရှုနဲ့ သိုးတော်စုဟာ တဦးနဲ့တဦး ရင်းနှီးလာခြင်းဟာ လောကီသဘော မဟုတ်ဘဲ၊ ဘုရားဝိညာဉ်တော်ရဲ့ ဆုလက်ဆောင်ဖြစ်တယ်။ ခရစ်တော်က ခမည်းတော်ကို မြင်သလို၊ ခမည်းတော်က သားတော်ကိုသိသလို ကျွန်တော်တို့လည်း သားတော်ကို သိခွင့်ရလာတယ်။ ခရစ်ယာန်တိုင်းဟာ ဝိညာဉ်တော်ရဲ့ ကျေးဇူးကြောင့် ခရစ်တော်အကြောင်းကို ပိုနားလည်လာတယ်။ ဘုရားသခင်ရဲ့ဝိညာဉ်ဟာ သူရဲ့သိုးတော်စုထဲမှာ၊ သိုးတွေထဲမှာ တည်လာတဲ့ သဘောလည်း ဖြစ်တယ်။ ဘယ်သူ့ကိုမှ လျစ်လျှူမရှုထားဘူး။

ယောဟန် ၁၀း ၁၆
၁၆ “ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့် သိုးခြံတခု သိုးထိန်းတပါးတည်း ရှိရလိမ့်မည်။”

ခရစ်တော်က လူမျိုးတမျိုးအတွက် အသေခံတာမဟုတ်ဘူး။ လူသားအားလုံးအတွက် ဖြစ်တယ်။ ပဋိညာဉ် ဖေါက်ဖျက်သူတွေကိုသာ ကယ်တင်တာမဟုတ်ဘဲ လူမျိုးအသီးသီးကြားမှာ ပျက်စီးယိုယွင်းနေတဲ့ သိုးတွေကိုလည်း ကယ်တင်တယ်။ သူသေမယ့်အကြောင်းကို ကြိုပြောပြီး ကမ္ဘာအနှံ့က သိုးတွေကို ကယ်တင်မယ့်အကြောင်း ပြောတယ်။ လူက ကိုယ့်သဘာဝအတိုင်း ဘုရားထံ လာလို့မရဘူး။ လမ်းပြလိုတယ် သိုးထိန်းလိုတယ်။ အဲဒါက ခရစ်တော် ဖြစ်တယ်။ ခရစ်တော်ဟာ လူမျိုးတိုင်း တဦးတယောက်ချင်းစီတိုင်းရဲ့ ကယ်တင်ရှင်ဖြစ်တယ်။ ခရစ်တော်ရဲ့ လမ်းပြခြင်းဟာ သူ့စကားအားဖြင့် ဖြစ်တယ်။ သိုးတွေက သိုးထိန်းရဲ့ အသံကို မှတ်မိသလို ကမ္ဘာတဝှမ်းမှာရှိတဲ့ လူတွေကလည်း ခရစ်တော်ရဲ့အသံကို မှတ်မိနိုင်တယ်။ ပြောင်းလဲနိုင်တယ်။ ပဋိညာဉ် တရားဟောင်းရဲ့ ရွေးကောက်ထားတဲ့လူမျိုးသာမက တခြားသူတွေလည်းပူးပေါင်းလာပြီး ခရစ်တော်ရဲ့ ဦးဆောင်မှုအောက်မှာ စုစည်းကြတယ်။ ဓမ္မသစ်ခေတ်ကလူတွေဟာ ဒီနေ့ဘုရားသခင်ရဲ့သိုးတော်စုဖြစ်ပြီး သခင်ယေရှုက သူတို့ရဲ့သိုးထိန်း ဖြစ်တယ်။ ဧဝံဂေလိတရားကို ဝမ်းမြောက်စွာကြားနာသူတိုင်းဟာ စစ်မှန်တဲ့ အသင်းတော်မှာ ပါဝင်တယ်။ ဂိုဏ်းဂဏမတူပေမယ့် အသင်းတော်ထဲမှာ ပါဝင်တယ်။ စိတ်ဝိညာဉ်သခင်တပါး၊ ခမည်းတော်တပါးတည်း ဖြစ်တယ်။ ဝိညာဉ်တော်က ခရစ်တော်အသွေးတော်အားဖြင့် အားလုံးကို ဆေးကြောတယ်။ သိုးတော်စုရဲ့ စည်းလုံးညီညွတ်မှုဟာ လူထင်တာထက်ပိုပြီးတော့ ကြီးမြတ်တယ်။ ထောင့်ပေါင်းစုံက သိုးတွေကို စုစည်းစေတယ်။ ကောင်းမြတ်တဲ့သိုးထိန်းဟာ နောက်လိုက်လူတွေကို ကိုယ်တိုင်သစ္စာရှိစွာ ဦးဆောင်တယ်။ သိုးခြံတပါး သိုးထိန်းတပါးပဲ ရှိလိမ့်မယ်။ ဒါပေမယ့် လူ့အတွေးအခေါ် လူ့နည်းစနစ်တွေနဲ့ အသင်းတော်တပါး ပေါ်အောင် ဒီနေ့ခေတ်မှာလုပ်မယ်ဆိုရင် တောခွေးတွေရဲ့အန္တရာယ် ကျရောက်နိုင်တယ်။ တောခွေးတွေက သိုးတွေကို သိုးထိန်းရဲ့ လက်ထဲမှ နှုတ်ယူလှည့်ဖျားလိမ့်မယ်။ ဒါပေမယ့် သိုးတွေကို သခင်ခရစ်တော်ကသာ အနီးအနားကို ဆွဲခေါ်နိုင်တာဖြစ်တယ်။

ယောဟန် ၁၀း ၁၇- ၁၈
၁၇ “ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့် ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ ၁၈ ငါ့အသက်ကို အဘယ်သူမျှ မလုမယူ၊ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။”

ဘုရားသခင်က ချစ်ခြင်းမေတ္တာ သားတော်ကို အမြဲချစ်တယ်။ သခင်ယေရှုကလည်း ခမည်းတော် နှစ်သက်မယ့်အရာကိုပဲ အမြဲပြုတယ်။ ခမည်းတော်နှစ်သက်တဲ့အရာဆိုတာ ဘာလဲ။ ဒီကျမ်းချက်မှာ တွေ့ရတယ်။ ကားတိုင်ဖြစ်တယ်။ ခရစ်တော်ရဲ့ သေခြင်းဟာ ဘုရားသခင်ရဲ့အကြံအစည်ထဲမှာပါတယ်။ သိုးတော်စုကို အပြစ်မှ ကယ်ဖို့အတွက် တခြားနည်းမရှိဘူး။ သိုးသူငယ်ရဲ့အသွေးနဲ့ တခါတည်း အပြစ်ဖြေပေးမှ ရတယ်။

သခင်ယေရှုရဲ့သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းဟာ နိမိတ်လက္ခဏာကြီးတွေဖြစ်တယ်။ သူသေပေးရတာဟာ အသက်ရှင်ဖို့ဖြစ်တယ်လို့ဆိုတယ်။ သူဟာ သူ့ကိုယ်သူ အချည်းနှီးအသေခံရခြင်းမဟုတ်ပဲ အပြစ်သားတွေကိုရွေးနှုတ်ဖို့ အသေခံပေးရခြင်းဖြစ်တယ်။

စေတနာကြောင့်ဖြစ်တယ်။ ချစ်လို့ဖြစ်တယ်။ ခမည်းတော်ဘုရားသခင်က လောကီသားတွေကိုကယ်ဖို့ သူ့ကိုအခွင့်ပေးတယ်။ အဲဒီအခွင့်က အသက်ကို ပြန်ယူပိုင်ခွင့် ရှိတယ်။ ကားတိုင်ပေါ်မှာ ခရစ်တော်ရဲ့ အောင်မြင်ခြင်းကို ဘယ်သူမှတားဆီးလို့ ယှဉ်ပြိုင်လို့မရဘူး။ မာရ်နတ်နဲ့ သူ့ရဲ့နောက်လိုက်တွေက သူ့ရဲ့အမှုကို ပျက်အောင်လုပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကြောင့် သူတို့ မအောင်နိုင်ဘူး။ ကယာဖပဲ ဖြစ်ဖြစ်၊ ပိလတ်မင်းပဲဖြစ်ဖြစ်၊ တခြားတယောက်ပဲဖြစ်ဖြစ် ခရစ်တော်ကို သတ်လို့မရဘူး။ သူက သေခြင်းကို ရွေးချယ်တာဖြစ်တယ်။ တောခွေးကိုမြင်တာနဲ့ ထွက်မပြေးဘူး။ လူတွေကို ကယ်တင်ဖို့ သူ့အသက်ကို ပေးလှူခဲ့တာ ဖြစ်တယ်။ ဒါဟာ ဘုရားသခင်ရဲ့စုံလင်တဲ့အလိုတော် ဖြစ်တယ်။ သခင်ယေရှုဟာ ကောင်းကင်နဲ့ငရဲကြားမှာရှိတဲ့ တကယ့် ထိပ်တိုက်ရင်ဆိုင်မှုကြီးကို ကားတိုင်ပေါ်မှာ အောင်မြင်ခဲ့တယ်။ အဲဒီနေ့ကစပြီး သိုးတော်စုဟာ သိုးသူငယ်ရဲ့ အသွေးတော်အားဖြင့် စိတ်ချရတဲ့ တံဆိပ်ခတ်ခံရတယ်။ သခင်ယေရှုဟာ ဒုက္ခဆင်းရဲတွေနဲ့ ဝေဒနာတွေကို ဘုန်းထင်ရှားဖို့ ခံယူသွားခဲ့တယ်။

ယောဟန် ၁၀း ၁၉- ၂၁
၁၉ “ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ၏။ ၂၀ လူများတို့က သူသည် နတ်ဆိုးစွဲ၍ အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့် နားထောင်သနည်းဟုဆိုကြ၏။ ၂၁ အချို့တို့က သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟုဆိုကြ၏။”

ယုဒခေါင်းဆောင်တွေလွှတ်လိုက်တဲ့ သူလျှိုတွေက သခင်ယေရှုက အာဏာပိုင်တွေကို သူခိုးဓါးပြတွေ စာတန်အပေါင်းအပါတွေလို့ ပြောဆိုတာကို ဒေါသထွက်ကြတယ်။ သခင်ယေရှုက သူ့ကိုယ်သူတော့ ကောင်းသော သိုးထိန်း၊ လူမျိုးအားလုံးအတွက် ကောင်းသောသိုးထိန်းလို့ ပြောတဲ့အခါ ယုဒလူတွေကိုတော့ ဆိုးညစ်တဲ့သဘော သက်ရောက်သွားစေတယ်။ ယုဒလူတွေက သူတို့ကိုယ်သူတို့ ဘုရားသခင် ရွေးကောက်ထားတာလို့ မြင်တယ်။ ဒါကြောင့် သခင်ယေရှုက နတ်ဆိုးစွဲသောသူ အရူး လိမ်ညာတဲ့သူလို့ ပြောလာတယ်။ ရပ်ကြည့်နေတဲ့သူ အများစုက ဒီစွပ်စွဲချက်ကို သဘောတူတယ်။ ထင်ရှားတဲ့လူအများစုက သခင်ယေရှုကို ကျောခိုင်းသွားကြတယ်။ သူတို့ဟာ ကောင်းကင်ရဲ့ သွန်သင်ချက်ကို မခံမယူနိုင်ဘူး။

ဒါပေမယ့် နားထောင်သူတချို့ကတော့ သူတို့ဟာ သခင်ယေရှုစကားသံထဲမှာ ဘုရားသခင်ရဲ့ အသံတော်ကို ကြားမိကြတယ်။ ဒီစကားတွေဟာ အချည်းနှီးအတွေးအခေါ် မဟုတ်ဘူး။ ဝိညာဉ်တော်နဲ့ ပြည့်ဝတယ်၊ တန်ခိုးပါတယ်။ မျက်စိကန်းသူရဲ့ အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်။ ဒီချစ်ခြင်းမေတ္တာကို ကြည့်ခြင်းအားဖြင့် သခင်ယေရှုတဖက်မှာ ဆန့်ကျင်မှုတွေရှိနေပေမယ့် သခင်ယေရှုကို ရိုးရိုးလေး ယုံကြည်နေတဲ့ သိုးတော်စုလည်း ရှိပါတယ်။ သခင်ယေရှုဟာ ဝိညာဉ်တော်ရဲ့ ဦးဆောင်မှုနဲ့ သိုးတော်စုကို အမြဲတမ်း လမ်းပြနေခဲ့သူ ဖြစ်တယ်။

ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ဟာ သိုးများကိုထိန်းသော သိုးထိန်းဖြစ်ပါတယ်။ မိုက်မဲတဲ့ သိုးများကို မပစ်ပယ်ပဲ လိုက်ရှာခဲ့သူဖြစ်တယ်။ သိုးတွေအတွက် အသက်စွန့်ခဲ့သူဖြစ်တယ်။ ကျွန်တော်တို့ အပြစ်များကို ခွင့်လွှတ်ပါ။ နားလည်နိုင်တဲ့ စိတ်ဝိညာဉ်ကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခမည်းတော်ဘုရားကို သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ နာမည်နဲ့တကွ ကျွန်တော်တို့ကိုသိတဲ့အတွက်၊ မေ့မထားတဲ့အတွက် ကျေးဇူးတင်တယ်။ တပည့်တော်တို့နဲ့ အစဉ်အမြဲရှိတဲ့အတွက် ကျေးဇူးတင်တယ်။ လူမျိုးတကာထဲမှ ရွေးနှုတ်ခဲ့ပြီး ကိုယ်တော့အတွက် ပေါင်းစည်းစေတယ်။ ကိုက်စားတတ်သော တောခွေးရန်မှလည်း ကာကွယ်ပေးတယ်။

မေးခွန်း ၇၁

  1. သခင်ယေရှုဟာ ကောင်းသောသိုးထိန်း ဘယ်လိုဖြစ်ခဲ့သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:53 AM | powered by PmWiki (pmwiki-2.3.3)