Previous Lesson -- Next Lesson
2. အန္နတ်မင်းရှေ့မှာ သခင်ယေရှုကို စစ်မေးပြီး ပေတရုက သုံးကြိမ် တိုင်အောင် ငြင်းတယ်။ (ယောဟန် ၁၈း ၁၅- ၂၁)
ယောဟန် ၁၈း ၁၂- ၁၄
၁၂ “ထိုအခါ တပ်မှူးမှစ၍ စစ်သူရဲ တို့နှင့် ယုဒမင်း လုလင်တို့သည် ယေရှုကို ဖမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်း ထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။ ၁၃ အန္နတ် မင်းကား ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်သော ကယာဖ၏ ယောက္ခမ ဖြစ်သတည်း။ ၁၄ ထိုကယာဖကား လူတယောက်သည် လူအများတို့ အတွက် ပျက်စီးသော် သာ၍ ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင် ပြောဆိုသော သူပေတည်း။”
ဂျူးတွေက သခင်ယေရှုကို ဖမ်းရုံသာ မဟုတ်ဘဲ ရောမအရာရှိ တယောက်နဲ့ စစ်သားတွေကိုလည်း ခေါ်လာတယ်။ သေခြင်းနဲ့ နတ်ဆိုးတွေကိုပင် အောင်နိုင်တဲ့ ခရစ်တော်၊ မုန်တိုင်းကို ငြိမ်းစေခဲ့သူ၊ အနာရောဂါ ငြိမ်းစေသူ၊ အပြစ် ခွင့်လွှတ်သူ၊ နူးညံ့ သိမ်မွေ့စွာဖြင့် ချည်နှောင်ခြင်းကို ခံယူရသူ ဖြစ်ခဲ့တယ်။ ခရစ်တော်ဟာ လွတ်လပ်သောသူ ဖြစ်သော်လည်း အခု အဖမ်းခံသွား ရတယ်။ အစွမ်းအစ မရှိတဲ့သူလို ဖြစ်ရတယ်။ ဒါတွေ အားလုံးဟာ လူသားတွေရဲ့ အပြစ်ကြောင့် ဖြစ်ရတယ်။ သူ့ကို ဖမ်းဆီး ချည်နှောင်ခြင်း ဟာ သူ့ကို အနိမ့်ကျဆုံး အဖြစ် ကားတိုင်တင်မယ့် နေရာကို ဦးတည်မယ့် ခြေလှမ်းတလှမ်း ဖြစ်တယ်။
အန္နတ်ဟာ BC 6 မှ BC 15 အတွင်း ယဇ်ပုရောဟိတ်မင်းဖြစ်တယ်။ သီအိုရီအရ သူဟာ တသက်လုံး ရာထူးကို ရယူရတယ်။ ဒါပေမယ့် ရောမတွေက သူ့ကို ရာထူးက ဖယ်ရှားခဲ့တယ်။ နောက်ဆုံးမှာ သူ့ရဲ့သမက် ကောက်ကျစ်တဲ့ ရှေ့နေ မြေခွေး ဖြစ်သူ ကယာဖကို ရွေးခဲ့ကြတယ်။ သူက ပညတ်တရားနဲ့ ကိုက်ညီတဲ့သူ ဖြစ်သလို ရောမအစိုးရ ကြိုက်တဲ့သူလည်း ဖြစ်တယ်။ ဒီလူဟာ ဆိုးညစ် ကောက်ကျစ်တဲ့သူ စာတန်ရဲ့ ပရောဖက် ဖြစ်တယ်။ သခင်ယေရှုရဲ့ သေခြင်းဟာ တမျိုးသားလုံး အသက်ရှင်ခြင်း အကြောင်း ဖြစ်တယ်လို့ ပရောဖက် ပြုသူလည်း ဖြစ်တယ်။ စစ်ဆေး မေးမြန်းခြင်းကတော့ ကြေကွဲ ဝမ်းနည်းစရာ စိတ် လှုပ်ရှားစရာ စွပ်စွဲခံရတယ်။
နှောက်ယှက်သူတွေ ကတော့ သူတို့ရဲ့ စိတ် အလိုအတိုင်း တရားခွင်ဟာ တရားမျှတပြီး သက်သေလည်း အလုံအလောက် ရှိတယ်လို့ မှတ်ယူကြတယ်။ ရှင်ယောဟန်ကတော့ တရားခွင်မှာ ကြားနာကြတဲ့ ဖြစ်ရပ်တွေကို မှတ်တမ်း တင်မထားဘူး၊ တခြား ခရစ်ဝင်ကျမ်းတွေ မှာသာ တွေ့ရတယ်။ ယဇ်ပရောဟိတ်မင်းက ဆင်းသက်တဲ့ အန္နတ်မင်းရဲ့ တရားစီရင်ခြင်းက မေးခွန်းတွေ အဖြစ်အပျက်တွေ ကိုသာ ရှင်ယောဟန်က မှတ်တမ်းတင်တယ်။ အန္နတ်ဟာ နိုင်ငံရဲ့ အဖြစ်အပျက်တွေ ထဲမှာ အရေးပါနေဆဲ ပုဂ္ဂိုလ် ဖြစ်တယ်။ ကယာဖက ကနဦး မေးခွန်းတွေ မေးပြီး အန္နတ်ကို ရိုသေကြောင်း ပြတဲ့အနေနဲ့ အမှုကို လွှဲပေးလိုက်တယ်။
ယောဟန် ၁၈း ၁၅- ၁၈
၁၅ “ ရှိမုန် ပေတရုနှင့် အခြားသော တပည့်တော် တယောက်သည် ယေရှု နောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်း ဖြစ်၍ ယေရှုနှင့် တကွ ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။ ၁၆ ပေတရုမူကား ပြင်၌ တံခါးနားမှာ ရပ်နေ၏။ ထိုကြောင့် ယဇ်ပုရောဟိတ် မင်းနှင့် အကျွမ်းဝင်သော တပည့်တော်သည် ထွက်၍ တံခါးစောင့် မိန်းမအား ပြောပြီးမှ ပေတရုကို သွင်းလေ၏။ ၁၇ တံခါးစောင့် မိန်းမက ပေတရုအား သင်သည် ထိုသူ၏ တပည့်တို့ အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင် မဟုတ်ဖူးဟု ပေတရု ငြင်းလေ၏။ ၁၈ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များ တို့သည် မီးခဲပုံကို ထည့်၍ မီးလှုံလျက် နေကြ၏။ ပေတရုသည်လည်း သူတို့နှင့် တကွရပ်၍ မီးလှုံလျက် နေ၏။”
ယောဟန်နဲ့ ပေတရုက ညအချိန်မှာ သခင်ယေရှုရဲ့ နောက်ကို ခပ်လှမ်းလှမ်းက လိုက်ကြတယ်။ ယောဟန်က ယဇ်ပုရောဟိတ် မင်းနဲ့ အဆက်အသွယ် ရှိတာကြောင့် ယဇ်ပုရောဟိတ် မင်းရဲ့ နန်းတော်ထဲကို လွတ်လပ်စွာ ဝင်ထွက်နိုင်တယ်။ ပေတရုကတော့ တံခါးစောင့်တွေ ရှိတာကြောင့် ဒီလို ဝင်လို့မရဘူး။ ယောဟန်က ပေတရုရဲ့ စိတ် တုန်လှုပ်မှုကို သိတယ်။ တံခါးအကွယ် အမှောင်နားမှာ ရပ်နေတယ်။ သူ့ကို ကူညီဖို့အတွက် ယောဟန်ဟာ တံခါးစောင့် အမျိုးသမီးကို ပြောပေးတယ်။ အမျိုးသမီးက အတိအကျ မပြောပေမယ့် ပေတရုကို ရှင်က အဲဒီလူရဲ့ တပည့်တွေ ထဲမှာ ပါတယ် မဟုတ်လားလို့ မေးတယ်။ သူက ငါ မဟုတ်ဘူးလို့ ဖြေတယ်။ ပေတရုက ဘာမှ မသိတဲ့ပုံ ဘာမှ မပတ်သက် သလိုနဲ့ ချမ်းအေးချိန် ဖြစ်လို့ မီးပုံနားမှာ သွားနေရတယ်။
ယောဟန် ၁၈း ၁၉- ၂၄
၁၉ “ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် တပည့်တော် တို့ကိုလည်းကောင်း ဒေသနာတော်ကို လည်းကောင်း အကြောင်းပြု၍ ယေရှုကို မေးမြန်း စစ်ကြော၏။ ၂၀ ယေရှုကလည်း ငါသည် လောက၌ ထင်ရှားစွာ ဟောပြောပြီ။ ယုဒလူ အပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌ လည်းကောင်း ဗိမ္မာန်တော်၌ လည်းကောင်း အစဉ်မပြတ် ဆုံးမ ဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်း မဟောမပြော။ ၂၁ အဘယ်ကြောင့် ငါ့ကို မေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသော သူတို့ကို မေးမြန်းလော့။ ငါ ဟောပြောသော စကားကို ထိုသူတို့သည် သိကြ၏ဟု မိန့်တော်မူ၏။ ၂၂ ထိုသို့ မိန့်တော်မူလျှင် အနီးအပါး၌ ရပ်နေသော မင်းလုလင် တယောက်က သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ ပြန်ပြောရာ သလောဟု ဆိုလျက် ယေရှုကို ရိုက်လေ၏။ ၂၃ ယေရှုကလည်း ငါ့စကား မမှန်လျှင် မမှန်ကြာင်းကို ပြပါ။ မှန်လျှင် ငါ့ကို အဘယ်ကြောင့် ရိုက်သနည်းဟု မိန့်တော်မူ၏။ ၂၄ အန္နတ်မင်းသည် ကိုယ်တော်ကို ချည်နှောင်လျက်ရှိသည်အတိုင်း ယဇ်ပုရောဟိတ်မင်း ကဖာယထံသို့ပို့စေခဲ့ပြီ။”
ကနဦး စစ်ဆေးချက် အရ သခင်ယေရှုမှာ အပြစ် မတွေ့ဘူး။ သူ့ကိုကြည့် သူ့ပုံစံနဲ့ သူပြောတဲ့ စကားတွေ အရ အပြစ် မတွေ့ရဘူး။ သူ့ တပည့်တော်တွေ အကြောင်းနဲ့ သူ ဟောပြော သွန်သင်ပုံကို မေးတယ်။ အဲဒီခေတ်မှာ လျှို့ဝှက် အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ ဒါကြောင့် စစ်ဆေး သူတွေက သူ့ တပည့်တွေဟာ ပုန်ကန်သူတွေ ဖြစ်ပြီး မငြိမ် မသက်မှုကို လုပ်ဖို့ အန္တရာယ် ရှိတယ်လို့ အပြစ် ရှာချင်နေတယ်။
သခင်ယေရှုက အဲဒီလို လျှို့ဝှက် အဖွဲ့အစည်း မဟုတ်ဘူး။ ဟောပြော သွန်သင်တာက တရား ဇရပ်မှာ ဗိမ္မာန်တော်မှာ ပွင့်ပွင့် လင်းလင်းပဲ ပြောတယ်။ ကြားရသူတွေ ရှိတယ်။ ခေါင်းဆောင်တွေသာ ရိုးသားစွာ သိချင်စိတ် ရှိခဲ့ရင် အဲဒီ နေရာတွေကို လာပြီး နားထောင်လို့ ရတယ်လို့ ဆိုတယ်။ ဒီနေရာမှာ သခင်ယေရှုဟာ ယဇ်ပုရောဟိတ် မင်းကို ကြောက်ရွံ့ခြင်း မရှိပဲ တုံ့ပြန်တယ်။ အဲဒီအချိန်မှာ ရုတ်တရက် အစေခံ ကျွန်တယောက်က ယဇ်ပုရောဟိတ် မင်းရှေ့မှာ မျက်နှာရဖို့ အတွက် သခင်ယေရှုကို ရိုက်တယ်။ သခင်ယေရှုဟာ သူ့ကို ပြန်မရိုက်သလို ဒေါသလည်း မပြဘူး။ တချိန်တည်း မှာပဲ သူဟာ အပြစ်ရဲ့ သဘောကိုလည်း သေးသိမ်အောင် မလုပ်ဘူး။ သူ့ကို ရိုက်တဲ့ အကြောင်းရင်းကို ပြောပါလို့ ပြန်ပြောတယ်။ သခင်ယေရှုဟာ အပြစ်ကင်းတဲ့ အတွက် ဒီအစေခံကျွန်ဟာ ပြန်တောင်းပန်ဖို့ နောင်တရဖို့ လိုတယ်။
သခင်ယေရှုရဲ့ ပြန်ပြောစကားဟာ အန္နတ်ကိုလဲ သွယ်ဝိုက်ပြီး သက်ဆိုင်သွား စေတယ်။ အစေခံကျွန်ရဲ့ အပြုအမူဟာ သူ ခွင့်ပြုလို့သာ ဖြစ်တဲ့ အတွက် သူ့မှာလည်း တာဝန်ရှိတယ်။ ဒီနေ့ ခေတ်မှာလည်း လူတယောက်က တခြား တယောက်ကို အကြောင်းမရှိဘဲ ရိုက်နှက်ရင် အပြစ်ပေးခံရမှာ ဖြစ်တယ်။ သခင်ယေရှု ပြောတဲ့စကား ရှိပါတယ်။ “သင်တို့တွင် အငယ်ဆုံးသော သူတယောက်ကို ပြုသမျှအတိုင်း ငါ့အား ပြုကြပြီ” လို့ ဆိုတယ်။ သူတို့ ခြိမ်းခြောက်တာ သခင်ယေရှု လက်မခံကြောင်း ရိပ်မိတဲ့အခါ သူ့ရှေ့မှာ အစစ်ဆေးခံ နေရမှာထက် သူ့ သမက်တော်သူ ကယာဖထံကို စေလွှတ်လိုက်တယ်။ ကောက်ကျစ်တဲ့ မြေခွေးဖြစ်တဲ့ ကယာဖထံကို စေလွှတ်လိုက်တယ်။ ပြဿနာကို သူ့ထံမှ ရှောင်လွှဲဖို့လည်း ဖြစ်တယ်။
ယောဟန် ၁၈း ၂၅- ၂၇
၂၅ “ရှိမုန် ပေတရုသည် ရပ်၍ မီးလှုံလျက် နေသည်တွင် အချို့သော သူတို့က သင်သည် သူ၏ တပည့်တို့ အဝင်ဖြစ်သည် မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရု ငြင်းလေ၏။ ၂၆ ပေတရု ခုတ်၍ နားရွက်ပြတ်သော သူနှင့် ပေါက်ဖေါ်တော်သော ယဇ်ပုရောဟိတ် မင်း၏ ကျွန်တယောက်က သင်သည် ဥယျာဉ်၌ ယေရှုနှင့် အတူရှိသည်ကို ငါမြင်ခဲ့ပြီ မဟုတ်လောဟု ဆိုလျှင်၊ ၂၇ ပေတရုသည် တဖန် ငြင်းပြန်လေ၏။ ထိုခဏချင်းတွင် ကြက်တွန်၏။”
ကယာဖက တပည့်တော်တွေ အကြောင်း သခင်ယေရှုကို မေးခွန်း မေးတယ်။ နန်းတော်ထဲမှာ သခင်ယေရှုရဲ့ တပည့်နှစ်ယောက် ရှိပါတယ်။ ဒါပေမယ့် သခင်ယေရှုရဲ့ တပည့်လို့ ဝန်မခံကြဘူး။ မီးပုံနားမှာ ပေတရုဟာ မသက်ဆိုင်တဲ့ သူတယောက်လို ရပ်နေတယ်။ အစေခံကျွန်တွေက သူဟာ သခင်ယေရှုနဲ့ ပတ်သက်မှု ရှိတယ်လို့ သံသယ ရှိတယ်။ ပေတရုက No, no! မဟုတ်ဘူးလို့ ငြင်းတယ်။ သူတို့ထဲက တယောက်က စွပ်စွဲလာတယ်။ ဒါကြောင့် အားလုံး ဝိုင်းကြည့်လို့ ပေတရု စိတ်ဆိုးတယ်။ အဲထဲမှာ တယောက်က မင်းကို ငါသိတယ် မင်းကို ဥယျာဉ်ထဲမှာ မြင်ခဲ့တယ်လို့ ပြောတယ်။ အန္တရာယ်တော့ ရှိလာပြီ။ ပြောနေတဲ့ သူက ပေတရု နားရွက်ကို ဖြတ်ခဲ့တဲ့ သူရဲ့အမျိုး ဖြစ်နေတယ်။ ရှင်ယောဟန်က ပေတရု သခင်ယေရှုကို ငြင်းခဲ့တဲ့ စကားအပြည့်အစုံ ကိုတော့ မဖေါ်ပြဘူး။ ဒါပေမယ့် ပေတရုဟာ ကြောက်ရွံ့ပြီး တမန်တော်တွေကို ခေါင်းဆောင်နိုင်စွမ်း မရှိတဲ့ ပုံစံမျိုးအဖြစ် ရေးသားထားတာ တွေ့ရတယ်။
ကြက်တွန်သံကို ပေတရု နားထဲမှာ တရား စီရင်သံလို ကြားလိုက် ရတယ်။ သခင်ယေရှုဟာ အသတ်ခံရနီး အချိန်မှာပင်လျှင် နောက်မှာ လိုက်လာတဲ့ တပည့်တော်တွေကို မတွေ့ရဘူး။ အားလုံး ပြေးခဲ့ကြပြီ။ အပြစ်ပြုခဲ့ပြီ၊ လိမ်ညာပြီ၊ ကိုယ်တော်ကို ငြင်းပယ်ကြပြီ ဖြစ်တယ်။ ယောဟန်က ပေတရု မျက်ရည်ကျတယ်၊ နောင်တရတယ် လို့ မပြောပေမယ့် သခင်ယေရှုကို ငြင်းပယ်တယ် လို့တော့ အဓိက မြင်သာအောင် ပြတယ်။ ကြက်တွန်သံ သုံးကြိမ်ဟာ ပေတရုကို သတိပေးတယ်။ ကျွန်တော်တို့ ငြင်းတိုင်း၊ ဘုရားသခင်ဘက်က ဝန်ခံဖို့ ငြင်းတိုင်း ဘုရားသခင်က ကြက်တွန်သံ တမျိုးမျိုးကိုတော့ ပေးလေ့ ရှိပါတယ်။ ဝိညာဉ်တော် ကလည်း ယုံကြည်သူတွေကို ဆန်းစစ်ချင် ပါတယ်။ စစ်မှန်တဲ့ လျှာနဲ့ ဖြောင့်မတ်တဲ့ စိတ်နှလုံး ကြည်လင်တဲ့ နှလုံးသား ရှိဖို့ သခင်ယေရှုထံ ဆုတောင်းကြပါစို့။
ဆုတောင်း ကိုယ်တော်သည် သမ္မာတရား သည်းခံခြင်းနဲ့ ကြီးမြတ်ခြင်း ဖြစ်သည့်အတွက် ကျေးဇူးတင်ပါ၏။ လိမ်ညာမှုများ မကောင်းမှုများ အားလုံး အတွက် ခွင့်လွှတ်တော်မူပါ။ လူသားတို့အတွက် ချည်နှောင်ခြင်းကို ခံခဲ့ပါ၏။ ယုံကြည်သူများလည်း မညာဖို့ ဆက်လက် မစတော်မူပါ။ သမ္မာတရား၌ အခြေခိုင်လျှက် ကိုယ်တော့ နာမတော်ကို နှိမ့်ချစွာ ပညာရှိစွာ သက်သေခံဖို့ အတွက် သွန်သင်တော်မူပါ။
မေးခွန်း ၁၁၁
- အန္နထံ မရောက်ခင်မှာ သခင်ယေရှုနဲ့ ပေတရုရဲ့ ဆက်သွယ်မှုက ဘယ်လို ရှိခဲ့သလဲ။