Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":

Home -- Burmese -- John - 099 (Christ's peace in us defeats the world's afflictions)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)

6. ခရစ်တော်ပေးတဲ့ ငြိမ်သက်ခြင်းက လောကဒုက္ခဆင်းရဲ တွေကို အောင်မြင်စေတယ်။ (ယောဟန် ၁၆း ၂၅- ၃၃)


'''ယောဟန် ၁၆း ၂၅- ၂၆
၂၅ “ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါ ဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ ခမည်းတော်နှင့် စပ်ဆိုင်သော အရာတို့ကို သင်တို့အား အတည့်အလင်း ဖေါ်ပြသော အချိန်ကာလ ရောက်လိမ့်မည်။ ၂၆ ထိုကာလ၌ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ဆုတောင်းကြလိမ့်မည်။”'''

သခင်ယေရှုက ကောင်းကင် အရာတွေကို ပုံဥပမာတွေ ပုံဆောင်ချက်တွေနဲ့ ဖေါ်ပြလေ့ ရှိတယ်။ ဒီအရာတွေကလည်း နက်နဲတဲ့ အရာတွေ၊ ဖွက်ထားတဲ့ အရာတွေဖြစ်တယ်။ ဒါပေမယ့် အခု နှုတ်ဆက်စကား ပြောနေတဲ့ အချိန်မှာ တပည့်တော်တွေက ဖြောင့်မတ်ခြင်း တရားကို ဆာငတ် နေတယ်။ သခင်ယေရှုကလည်း သူတို့ နားလည်အောင် ရှင်းရှင်းလင်းလင်း ပြောပြတယ်။ သေခြင်းကနေ ရှင်ပြန် ထမြောက်ပြီး ကောင်းကင်တက်ခါ ဘုရားသခင် လက်ျာဘက်မှာ ထိုင်မယ်။ သူတို့ထံ ဝိညာဉ်တော် စေလွှတ်မယ် ဆိုတဲ့ အဖြစ်အပျက် ကြီးတွေကို မြှော်လင့်စေတယ်။ ဒီအဖြစ်အပျက်တွေ အားလုံးကို နေ့တနေ့လို သတ်မှတ်ပြီး ပြောနေတယ်။ ဝိညာဉ်တော်က ယုံကြည်သူတွေရဲ့ စိတ်နှလုံးကို ဝင်ရောက်လာတဲ့ အခါ ဥပမာတွေ ပုံဆောင်ချက်တွေ မလိုတော့ဘူး။ ခရစ်တော်ရဲ့ ဝိညာဉ်တော်က ယုံကြည်သူရဲ့ စိတ်နှလုံးကို ဥာဏ်အလင်း ပေးလိုက်တယ်။

ပုံဥပမာတွေ မလိုတော့ဘူး။ ခမည်းတော်က ဘုရားသခင် ဖြစ်ပြီး သားတော်က ခရစ်တော် ဖြစ်တယ်။ ဝိညာဉ်တော် မပါဘဲ ဘယ်သူမှ ဘုရားသခင်ကို မသိနိုင်ဘူး။ ဒါပေမဲ့ သားတော်ရဲ့ ဝိညာဉ်တော်ဟာ ဘုရားသခင်ရဲ့ မိသားစုထဲကို ခေါ်သွင်းလာတယ်။ ကိုယ့်မှာ လောကအဖေ ရှိသလား။ အဖေနဲ့ စကား ပြောသလား။ အဖေက ဂရုစိုက်သလား။ ဒါတွေက စဉ်းစားစရာ မေးခွန်းတွေပါ။ ဒီ့ထက်ပိုပြီး မြင့်တဲ့ အကြောင်းအရာ အနေနဲ့ သခင်ယေရှုရဲ့ စကားတွေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှစ်သိမ့်ခြင်းတွေက ဘုရားသခင်ဟာ အနန္တတန်ခိုးရှင် ဖြစ်တယ်၊ သန့်ရှင်းသူ ဖြစ်တယ်။ ဘုရားသခင်နဲ့ ရင်းနှီးခွင့် ရတယ်ဆိုတဲ့ အကြောင်းအရာတွေ စဉ်းစားစရာ ဖြစ်လာတယ်။ အပြစ်သား ဖြစ်ပေမယ့် အခု ဘုရားသခင်ချစ်တဲ့ သားသမီးတွေ ဖြစ်ပြီ။ ခရစ်တ်ာရဲ့ အသွေးတော် အားဖြင့် ဘုရားသခင်ရှေ့မှာ သန့်ရှင်းလာကြတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က လူ့ရဲ့ ပါးစပ်ကို ဖွင့်ပြီး ဆုတောင်းတတ် လာစေတယ်။ အကြောင်းက ဝိညာဉ်တော်ဟာ ခရစ်တော်ရဲ့ ဝိညာဉ်ဖြစ်တယ်။ ဝိညာဉ်သဘောနဲ့ ဆုတောင်းတဲ့အခါ ခရစ်တော်က အထဲကနေ စကားပြောတယ်။ ဝိညာဉ်တော် ဆုတောင်းတဲ့ အတိုင်း တောင်းပါ။ ဘုရားသခင်နဲ့ သားတော်ရှေ့မှာ တောင်းပါ။ အထဲက ဝိညာဉ်က ဆုတောင်းတဲ့ သဘော ခမည်းတော် ဘုရား သားတော်ဘုရားနဲ့ ဆုတောင်းတဲ့ သဘော ဖြစ်လာပါလိမ့်မယ်။

ယောဟန် ၁၆း ၂၆-၂၈
၂၆ “သင်တို့အဖို့ အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟု မဆို။ ၂၇ အကြောင်းမူကား သင်တို့သည် ငါ့ကို ချစ်ကြ၍ ငါသည် ဘုရားသခင် အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကို ချစ်တော်မူ၏။ ၂၈ ငါသည် ခမည်းတော်ထံမှ ထွက်၍ ဤလောကသို့ ကြွလာပြီ။ တဖန် ဤလောကမှ ထွက်၍ ခမည်းတော် ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။”

သားသမီးကို မချစ်တဲ့အဖေဟာ အဖေ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ နာမကိုဖေါ်ပြရင်း သခင်ယေရှူက ဘုရားသခင်ရဲ့ ကြီးမားတဲ့ မေတ္တာကို နားလည်ဖို့ ပြောပြတယ်။ ခမည်းတော် ဘုရားသခင်ရဲ့ နာမတ်ာကို ချီးမွမ်းခြင်းဟာ ခရစ်တော်ရဲ့ အဓိကဆန္ဒ ဖြစ်တယ်။ ခမည်းတော်ကို သိသူဟာ ဘုရားသခင်ကို သိတယ်။ ဘုရားမေတ္တာ ဖြစ်လာတယ် ဘုရားမေတ္တာ၌ တည်နေတယ်။ နာမတော်၌ ဧဝံဂေလိတရားကို သိပြီး ထာဝရအတွက် မြှော်လင့်နေတယ်။ ခရစ်တော် ကိုယ်တိုင်က လက်ခံ ကြေညာလိုက်တဲ့ အတွက် စောင့်ဆိုင်းနေစရာ မလိုဘူး။ ခမည်းတော်က သင့်ကို ချစ်တယ်။ ချစ်ခြင်းမေတ္တာ အပြည့်အဝ သနားခြင်း အပြည့်အဝနဲ့ ချစ်တယ်။ ခရစ်တော်က လက်ဝါးကပ်တိုင်မှာ အသေခံတဲ့ အတွက် လူနဲ့ ဘုရားသခင်ကြားမှာ အဆီးအတား မရှိတော့ဘူး။ ဘုရားသခင့် သိုးသူငယ်တော် ဖြစ်တဲ့ ယေရှုခရစ်တော်ကို ယုံကြည်ပါ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သွန်းလောင်း လာလိမ့်မယ်။ ခရစ်တော်ဟာ ဘုရားဖြစ်ကြောင်း သိသူဟာ သုံးပါးတဆူ အနားကို ချဉ်းကပ်နေတာ ဖြစ်တယ်။ ဘုရားအသက် သူ့မှာရှိပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟာ သူ့အထဲမှာ ရှိနေတယ်။

အတိုချုံး ပြောရရင် သခင်ယေရှုက ထူးဆန်း အံ့ဖွယ်သော နိမိတ်လက္ခဏာကို ပြုနေတယ်။ ကောင်းကင်ဘုံ ဘုရားအဖြစ်မှ ဆင်းသက်လာပြီး လောကမှာ နှိမ့်ချစွာ သွားလာခဲ့တယ်။ ဖြောင့်မတ်ခြင်း တရားအတွက် ကားတိုင်မှာ အသေခံပြီးတဲ့ အခါ ဒီလောကကိုစွန့်ခွါပြီး အသက်ရဲ့ အရင်းအမြစ် ဖြစ်တဲ့ ခမည်းတော် ဘုရားသခင်ထံ ပြန်သွားတယ်။

ယောဟန် ၁၆း ၂၉- ၃၀
၂၉ “တပည့်တော်တို့ကလည်း ကိုယ်တော်သည် ယခုတွင် ပုံဥပမာကို မဆောင်ဘဲ အတည့်အလင်း ဟောပြောတော်မူ၏။ ၃၀ အလုံးစုံတို့ကို သိတော်မူသည်ကို လည်းကောင်း၊ အဘယ်သူမျှ ကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို လည်းကောင်း ယခုတွင် အကျွန်ုပ်တို့ သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကို ထောက်၍ ကိုယ်တော်သည် ဘုရားသခင် အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။”

တပည့်တော်တွေဟာ ဘုရားမေတ္တာ ကြီးမြတ်မှုနဲ့ သခင်ယေရှုရဲ့ ထာဝရ တည်ရှိခြင်းကို ရိပ်မိ လာကြတယ်။ သခင်ယေရှုဟာ စစ်မှန်သော ဘုရားသခင် အလုံးစုံတို့ကို သိသောဥာဏ် သန့်ရှင်းခြင်း ထာဝရ တည်ခြင်းရှိတယ်။ ခရစ်တော်ဟာ လူ့ဇာတိခံတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်တယ်လို့ သတိမရကြ သေးဘူး။ ဒါကြောင့် ဘုရားသခင် အနားအမှာ ရှိနေတာကို မရိပ်မိကြသေးဘူး။ ခမည်းတာ် ဘုရားလို့လည်း မခေါ်ကြဘူး။ သခင်ယေရှုကသာ ဘုရားသခင်ရဲ့ နာမည်အသစ်နဲ့ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းကို ပြောပြနေရတာ ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်က တပည့်တော်တွေကို ဥာဏ်အလင်း မပေးသေးဘူး။ ဒါကြောင့် သူတို့က သီအိုရီ သဘောအရသာ လက်ခံပြီး အတွင်းက အနှစ်သာရ ပျောက်နေကြတယ်။

'''ယောဟန် ၁၆း ၃၁- ၃၂
“ငါပြောတဲ့ တရားစကားကို ဦးနှောက်နဲ့ နားလည်တာလား။ ယုံကြည်မှု သဘောနဲ့ ခံယူ လိုက်တာလား။ စစ်ကြည့်ရမယ့် အချိန် ရောက်လာပြီ။ သင်တို့ရဲ့ ယုံကြည်ခြင်းဟာ ချစ်ခြင်းမေတ္တာ ရှိမရှိ ပြလာတော့မယ်။ ဘုရားသခင်ကို နားမလည်ဘူး။ ဘုရားသခင်ဟာ အဖေဖြစ်တဲ့ အကြောင်းကို မသိလို့ ဖြစ်တယ်။ သင်တို့ အားလုံးသည် ပြေးကြပြီး ငါ့ကို တယောက်တည်း ပစ်ထားခဲ့လိမ့်မယ်။ သင်တို့ ယုံကြည်ခြင်းလည်း မတည်မငြိမ် ဖြစ်တာ တွေ့ရမယ်” လို့ သခင်ယေရှု ပြောတယ်။ သေရတဲ့ အချိန်မှာ ငါက တယောက်တည်း မဟုတ်ဘူး။ ခမည်းတော်က ငါနဲ့ အတူရှိတယ်။ ဒီစကားဟာ ကားတိုင်ပေါ်မှာ သခင်ယေရှု ပြောတဲ့ စကားနဲ့ ဆန့်ကျင်သလို ဖြစ်နေတယ်။ “အကျွန်ုပ်ဘုရား အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။” ဘုရားသခင်ဟာ သန့်ရှင်းသူ ဖြစ်တယ်။ သူ့မျက်နှာကို သားတော်ထံမှ ကွယ်ခဲ့တယ် ဒါပေမယ့် ခရစ်တော်က ခမည်းတော် အတူရှိတာကို ဆက်လက်ယုံကြည်ပါတယ်။ သူ့ရဲ့ အော်ဟစ်ခြင်းက ဘုရားသခင် မပြောင်းမလဲ တည်ရှိကြောင်း ဖေါ်ပြခြင်းသာ ဖြစ်တယ်။ သင့်ကို ငါမမြင်ပေမယ့် စွန့်ပစ်မထားဘူး။ ဒါကြောင့် ခရစ်တော်က “အကျွန်ုပ်အသက် ဝိညာဉ်ကို ကိုယ်တော့်လက်၌ အပ်နှံပါ၏” လို့ ဆုတောင်းခဲ့တယ်။ ခရစ်တော်ရဲ့ ယုံကြည်ခြင်းဟာ ခမည်းတော်ရဲ့ ရှေ့မှာ လူသားများ ကိုယ်စား အပြစ်စီရင်ခြင်း ခံရကြောင်း ပြနေတယ်။ ခမည်းတော် အပေါ် သားတော်ရဲ့ ချစ်ခြင်းဟာ လူသားတွေရဲ့ အပြစ်ကြွေးကို ပေးဆပ်ဖို့ ဘုရားသခင်ရဲ့ အမျက်တော် မီးထဲမှာ ထည့်ခံလိုက်ရတယ်။ ခရစ်တော်ရဲ့ မြှော်လင့်ခြင်းကတာ့ ခမည်းတော်ကို လူသားတွေ မြင်တွေ့ခွင့်ရဖို့ တံခါး ဖွင့်ပေးလိုက်သလို ဖြစ်တယ်။ ခရစ်တော်ရဲ့ အသေခံခြင်းကြောင့် ယုံကြည်သူတွေဟာ “ငါတယောက်တည်း မဟုတ်ဘူး။ ခမည်းတော် ငါနဲ့ အတူရှိတယ်လို့ ပြောနိုင်ခွင့် ရလာတယ်။”

ယောဟန် ၁၆း ၃၃
၃၃ “သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်း ရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏။”

သခင်ယေရှုက နှုတ်ဆက် စကားကို ယုံကြည်သူ အားလုံးအတွက် အားပေး စကားနဲ့ အဆုံးသတ်တယ်။ “ငါသည် သင်တို့နှင့် အတူ အသက်ရှင် နေထိုင်ခဲ့ပြီ။ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်း သင်တို့ စိတ်နှလုံးထဲမှာ ရရှိဖို့ သွန်သင်ခဲ့ပြီ။ ယုံကြည်သူမှာ ငြိမ်သက်ခြင်းမရှိ။ သားတော် ဖြစ်သော ငါက သင်တို့ကို ခွင့်လွှတ်လျှက် သင်တို့ အတွင်းလူကို သန့်ရှင်းစေပြီ။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အပေါ်မှာ ထားခဲ့ပြီ။ ငါ့စကားသည် သင်တို့အပေါ်၌ တည်ပြီ။ သင်တို့ကို ငါ ကွယ်ကာ စောင့်ရှောက်သည်။ ငါနှင့် သင်တို့ မကွာစေရတော့ သင်တို့ ဘုရားသခင်နဲ့ ရန်ငြိမ်းပြီ၊ ပြေလည်ပြီ၊ ငြိမ်သက်ခြင်းကို ရပြီ။ ငါ့အသွေးတော် အားဖြင့် သင်တို့ အပြစ်များ ခွင့်လွှတ်ခြင်း မခံရသေးလျှင် သင်တို့ စိတ်နှလုံး ကြည်လင်မည် မဟုတ်။ ငါသည် သင်တို့ကိုကယ်တင်ပြီ။ ငါ့ဝိညာဉ်သည် သင်တို့အထဲ၌ ရှိပြီ။ ငါ့စိတ် နှလုံးသည် စကားအားဖြင့် အရောင်ပြမဟုတ်။ အစစ်အမှန် ဖြစ်၏။ ငါသည် ငြိမ်သက်ခြင်းကို ပေး၏ လက်ခံကြလော့။ ငါ့ကို ယုံကြည်ကြလော့။”

ငြိမ်သက်ခြင်းဟာ လောကထဲမှာ ရှိသလား။ မရှိဘူး အန္တရာယ်တွေ ညှဉ်းပမ်းး နှိပ်စက်ခြင်းတွေ အနာရောဂါတွေ လှည့်စားခြင်းတွေ ကြောက်ရွံ့ခြင်းနဲ့ သေခြင်းပဲရှိတယ်။ ပညတ်သမားတွေက သင့်ကို ပစ်ပယ်လိမ့်မယ်။ ဂုဏ်ရှိန် ကြီးမားသူတွေက လှောင်ပြောင်လိမ့်မယ်။ ထောင်ချီတဲ့ အလိမ်အညာ စကားတွေနဲ့ အတွေးအခေါ် ပညာရှင်တွေက ယုံကြည်ခြင်းကို ဆန်းစစ်လိမ့်မယ်။ လူတွေ မာန တက်လိမ့်မယ်။ ငွေကိုမချစ်နဲ့။ စည်းစိမ် ချမ်းသာက လူကို လုံခြုံမှု မပေးနိုင်ဘူး။ “ဒီလောက အရာတွေကို မကြည့်ဘဲ ငါ့ကိုသာ မြှော်ကြည့်ပါ။ ငါ့စကားကို နားလည်ပြီး ငါ့မေတ္တာကို သိပါ။ နှိမ့်ချစွာ နောက်တော်လိုက်ပါ။ ငါသည် ကိုယ့်အလို မလိုက်ပဲ စေတနာနဲ့ ဆက်ကပ် ပူဇော် အသက်ရှင်ပါ။ ငါသည် လောကကို အောင်ပြီ။ ငါ့အတွက် ဘာမှ မတောင်းဘူး။ ငါဟာ ဘုရားသခင်ရဲ့သန့်ရှင်းသူ ဖြစ်တယ်။ ငါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း သန့်ရှင်းကြလော့။ ငါသည် ချစ်ခြင်းမေတ္တာ၌ စုံလင်သည် ဖြစ်၍ ငါ၌ သင်တို့သည် ခမည်းတော်ကို သိမြင်ကြလိမ့်မည်” ဆိုတဲ့ ပညတ်တော်ကို အသက်တာမှာ ပြည့်စုံစေနိုင်တယ်။

သခင်ယေရှု နောက်ဆုံးပြောတဲ့ နှုတ်ဆက် စကားကို နားလည်ရဲ့လား။ ခမည်းတော်နဲ့ ယုံကြည်သူကို မိတ်သဟာယ ဖွဲ့စေတယ်။ ခရစ်တော်ရဲ့ ငြိမ်သက်ခြင်းကို စိတ်နှလုံးထဲမှာ ရစေတယ်။ ငြိမ်သက်ခြင်းဟာ ယုံကြည်သူရဲ့ အသက်တာမှာ အရေးကြီးဆုံး အချက် ဖြစ်တယ်။ လောကကြီးကတော့ ဆက်လက် ဆိုးယုတ်နေဆဲ ဒုက္ခ ပေးနေဆဲ ဖြစ်မယ်။ သေခြင်းနဲ့ စာတန်အပေါ်မှာ အောင်နိုင်တဲ့ သူကို ယုံကြည်ရင်တော့ ထာဝရ အမျက်တော်နဲ့ ပျက်ဆီးခြင်းထဲက လွတ်မြောက်လိမ့်မယ်။ ခရစ်တော်ကို ယုံကြည်တဲ့သူဟာ ဘုရားရဲ့ ဂရုဏာတော်ကို ခံစားရတယ်။ သခင်ယေရှု ပြောတဲ့ ဒီစကားဟာ သင့်စိတ်နှလုံးကို ရောက်ရဲ့လား။ သန့်ရှင်းသော ဝိညာဉ်တော်က အထဲကနေ “ခမည်းတော်ကို ငါပိုင်တယ်။ သားတော်ဟာ ငါ့ကယ်တင်ရှင် ဖြစ်တယ်။ ဝိညာဉ်တော်ဟာ ငါ့အထဲမှာ ကျိန်းဝပ်တယ်။ တဆူတည်းသော ဘုရားသခင်ဟာ ငါ့အထဲမှာ ရှိတယ်။ ငါဟာ ကျေးဇူးတော်၌ တည်နေတယ်” လို့ ပြောနိုင်ရဲ့လား။

ဆုတောင်း ကိုယ်တော်သည် စိတ်နှလုံးကို ပိုင်၍ ကိုယ်တော့်ထံပါး ဆွဲခေါ်ခဲ့ ပြီ။ စာတန့် ထောင်ချောက်မှ ကွယ်ကာလျှက် မာရ်နတ်၏ လိမ်ညာမှုမှ ရုန်းထွက်စေခဲ့ ပြီ။ ထာဝရအသက်ကို ပေးပြီ။ သေခြင်းကို မကြောက်ဘဲ ကိုယ်တော်ကို မြှော်လင့်ပြီး အလိုတော်အတိုင်း အသက်ရှင်လျှက် ဘုန်းတော် ထင်ရှားစေပါ။ ညီအကိုများကို ချစ်လျှက်၊ လူများကို ခွင့်လွှတ်လျှက် ကိုယ်တော် အလိုရှိသည့်အတိုင်း ရန်ငြိမ်းသူ ဖြစ်စေပါ။ ကိုယ်တော်သည် အောင်မြင်သောသူ ဖြစ်သောကြောင့် ကိုယ်တော်ကို ချစ်ပါ၏။

မေးခွန်း ၁၀၃

  1. ခမည်းတော်က လူတွေကို ဘာကြောင့် ချစ်သလဲ ဘယ်လိုချစ်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:59 AM | powered by PmWiki (pmwiki-2.3.3)