Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":

Home -- Burmese -- John - 098 (Christ predicts the joy of the disciples)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)

5. ထမြောက်တဲ့ကာလမှာ တပည့်တော်တွေ ဝမ်းမြောက်မယ်လို့ သခင်ယေရှုကြိုပြောတယ်။ (ယောဟန် ၁၆း ၁၆း ၂၄)


ယောဟန် ၁၆း ၁၆- ၁၉
၁၆ “ခဏကြာပြီးမှ သင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော် ထံသို့ သွားမည်ဟု မိန့်တော်မူ၏။ ၁၇ တပည့်တော်အချို့ကလည်း ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည် ဟူ၍လည်းကောင်း အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ သွားမည် ဟူ၍လည်းကောင်း မိန့်တော်မူသော စကားသည် အဘယ်သို့နည်း။ ၁၈ ခဏဟူ၍ မိန့်တော်မူသော် အဘယ်သို့ ဆိုလိုသနည်း။ မိန့်တော်မူသော စကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်း ပြောဆိုကြ၏။ ၁၉ တပည့်တော်တို့သည် မေးလျှောက် လိုသည်ကို ယေရှု သိမြင်တော်မူလျှင် ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည် ဟု ငါ ပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။”’

အဲဒီ ညနေခင်းမှာပဲ သခင်ယေရှုက သူ ထွက်သွားရတော့မယ့် အကြောင်းကို သုံးကြိမ်တိုင်အောင် ပြောပြတယ်။ ဒါက တပည့်တော်တွေ အတွက် အံ့အား ထိတ်လန့်စရာ ဖြစ်တယ်။ ဒီအကြောင်းအရာကို နားမလည်ခဲ့ကြဘူး။ ပြန်လာမယ် ဆိုတဲ့ ဂတိကိုလည်း ပေးပါတယ်။ ပသခါပွဲ အပြီး နောက်ပိုင်းမှာ သင်္ချိုင်းဂူကနေ ရှင်ပြန် ထမြောက်မယ့် အကြောင်းကိုလည်း ပြောပြတယ်။ ခမည်းတော်ထံ သွားမယ့် လမ်းခရီးအကြောင်း ပြောရင်း နှုတ်ဆက်စကား ပြောနေတာ ဖြစ်တယ်။

ဒီကြိုတင် ပရောဖက် ပြုချက်တွေကို ညနေခင်းမှာ သံလွင်တောင်ပေါ်ကို သွားရင်း ပြောတယ်။ သူတို့ နားမလည်ကြဘူး။ ထွက်သွားရတော့မယ် ဆိုတဲ့ အကြောင်းကို ပြောထားပြီးပြီ။ အခုက အချိန် နီးကပ်လာလို့ တကယ် ခွဲရတော့မယ့် အကြောင်းကို ပြောရတယ်။ အခု ပြောနေတဲ့ အကြောင်းကို နားမလည်ဘူးလို့ ဝန်ခံကြတယ်။ သူတို့ဟာ စိတ်ရှုပ်ထွေးပြီး တုန်လှုပ်လာကြတယ်။ ကောင်းကင်သွားမှာမို့ ဝမ်းနည်း ကြေကွဲနေကြတယ်။

ယောဟန် ၁၆း ၂၀-၂၃
၂၀ “ငါအမှန်အကန် ဆိုသည်ကား သင်တို့သည် ငိုကြွေး မြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်း ရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။ ၂၁ မိန်းမသည် သားကိုဖွားစဉ်အခါ ဖွားရသော အချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဖွားမြင်ပြီးမှ ဤလောက၌ လူတယောက်ကို ဖွားမြင်သောကြောင့် ဝမ်းမြောက်ခြင်း ရှိ၍ အထက်ခံရသော ဝေဒနာကို မေ့လျော့တတ်၏။ ၂၂ ထိုနည်းတူ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း နောက်တဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံး ဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။ ၂၃ ထိုနေ့၌ သင်တို့သည် ငါ့ကို အလျှင်း မမေးမြန်းရကြ။ ငါ အမှန်အကန် ဆိုသည်ကား သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်း သမျှတို့ကို ခမည်းတော်သည် ပေးသနားတော်မူမည်။”

သခင်ယေရှုက တပည့်တော်တွေရဲ့ စိတ်ကို သိတယ်။ သူတို့ ပြောတာကို နားလည်တယ်။ သူတို့ စကားသံ မကြားလည်း သိနေတယ်။ သခင်ယေရှုရဲ့ တုံ့ပြန်ချက်က သူတို့ ဝမ်းနည်းခြင်း ကြောက်ရွံ့ခြင်းတွေ ပေါ့သွားအောင် တည်ငြိမ်သွားအောင် မလုပ်ဘူး။ ဒီ့ထက်ပိုတဲ့ ဒုက္ခနဲ့ ဝမ်းနည်း ငိုကြွေးခြင်းတွေသာ မကြာခင် လာမယ်လို့ ဖိအားပေးတယ်။ အခုအဖြစ်အပျက်က ကောင်းမြတ်တဲ့ ရှင်ဘုရင်တပါး သေဆုံးတာနဲ့ တူတယ်။ လူတွေဟာ ဝမ်းနည်း ကြေကွဲပြီး မြှော်လင့်ခြင်း ပျောက်ရတယ်။ တပည့်တော်တွေ ဝမ်းနည်းတော့ ရန်သူတွေ ဝမ်းသာကြတယ်။ ဒီနေရာမှာ ရန်သူလို့ ပြောတာက ဂျူးလူမျိုး အကြီးအကဲတွေကိုသာ ပြောတာမဟုတ်ဘဲ ကမ္ဘာတဝှမ်းမှာ ရှိတဲ့သူတွေကို ပြောတာ ဖြစ်တယ်။

ခရစ်တော်ရဲ့ အသင်းတော် အပြင်ဘက်မှာရှိတဲ့ ပျောက်ဆုံးနေတဲ့ လောကီသားတွေဟာ ဘုရားသခင်နဲ့ ဝေးကွာပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပုန်ကန်နေကြတယ်။ နောက်ပြီးမှ တပည့်တော်တွေ အနေနဲ့ အကြီးအကျယ် ဝမ်းမြောက်ရမယ်လို့ သခင်ယေရှု ဂတိပေးတယ်။ မျက်ရည်ကျ ငိုကြွေးရတဲ့ အချိန်ဟာ ခဏတာဖြစ်ပြီး မိခင်က သားဘွားရတဲ့ အချိန်နဲ့တူတယ်။ မိခင်တွေဟာ သားဘွားခြင်း ဝေဒနာကို အကြီးအကျယ် ခံစားပြီး သားကိုဘွားတဲ့ အချိန်ကျမှ သားကိုချီပြီး ဝမ်းမြောက်ခြင်းကို ခံစားရတာမျိုး ဖြစ်တယ်။

ရှင်ပြန် ထမြောက်တဲ့အခါ တပည့်တော်တွေရဲ့ မေးခွန်းအားလုံး အသံတိတ်သွားပြီး သေခြင်းကို အောင်မြင်ပြီး အပြစ်နဲ့ ပတ်သက်တဲ့ အရာတွေ အတွက်လည်း ဖြေရှင်း ပြီးပြီ။ စာတန်နိုင်ငံ ပြိုကွဲသွားပြီး ဘုရားသခင့် အမျက်တော်လည်း လူတွေအပေါ်မှာ မရှိတော့ဘူး။ လူတွေရဲ့ ငြင်းပယ်မှု၊ ကြောက်ရွံ့မှု၊ မယုံကြည်မှုတွေ ကလည်း ခရစ်တော် ပြန်ကြွလာခြင်းနဲ့ ခွင့်လွှတ်ခြင်းကို အဆီးအတား မလုပ်နိုင်တော့ဘူး။ ဂျူးတွေလည်း မနှောင့်ယှက် နိုင်တော့ဘူး။ သခင်ဘုရားက သူတို့ကို စောင့်ရှောက်ထားပြီ ဖြစ်တယ်။ လူတွေ မေးခွန်း ထုတ်သမျှ မယုံကြည်သမျှ အတွက် အဖြေ တခုရှိသွားပြီ။ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းက အားလုံးကို အဖြေပေးလိုက်ပြီ။

ယောဟန် ၁၆း ၂၄
၂၄ “ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။

နှုတ်ဆက် စကားကို ပြောကြားခါစမှာ သခင်ယေရှုက လိုချင်တာ တောင်းဖို့ တိုက်တွန်းတယ်၊ ရမယ်လို့ ဆိုတယ်။ ရရင် ခမည်းတော် ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ရှားမယ်။ (ယောဟန် ၁၃း ၁၄) ဆုတောင်းခြင်းဟာ အသင်းတော်ကို တည်ဆောက်ခြင်း ဧဝံဂေလိ လုပ်ငန်းများအတွက် ဖြစ်တယ်။ သခင်ယေရှုက သုံးပါးတဆူ ဘုရားရဲ့ ချစ်ခြင်း မေတ္တာနဲ့ အများကို မိတ်သဟာယ ဖွဲ့စေခြင်တယ်။ ဒါကြောင့် “ဘုရားသခင့်ရဲ့ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်း တရားကို ရှေ့ဦးစွာ ရှာကြလော့ နောက်မှ ထိုအရာများကို ထပ်ပေးမယ်လို့” နှိုးဆော်တယ်။ ဆုတောင်းရင် ဘုရားသခင်က ကောင်းကင် အရာရော လောကီ အရာရော ပေးမယ်လို့ သခင်ယေရှုက ဂတိပေးတယ်။ ကောင်းကင်အရာက လောကီအရာထက် ပိုဦးစားပေးရမယ် ဆိုတာတော့ မှန်ပါတယ်။ သင်သိချင်တာ ဘာတွေရှိသလဲ။ လိုချင်တာ ရှိသလား။ ပိုက်ဆံ ကျန်းမာရေး အောင်မြင်မှု လိုသလား။ သင်နဲ့ တခြားသူတွေ ဆက်သွယ်ဖို့ အဆက်အသွယ် လိုသလား။ ဘုရားသခင် ရှိတယ်၊ ဘုရားသခင် သနားတယ်ဆိုတာ သံသယ ဖြစ်စရာ လိုသလား။ အသက်တာမှာ သန့်ရှင်းသော ဝိညာဉ်တော် မပါဘူးလို့ ခံစား နေရသလား။ အပြစ်ဝန်ထုပ် ထမ်းနေရ သလား။ စုံစမ်း နှောက်ယှက်ခြင်း၊ သဘာဝ ဘေးအန္တရာယ်၊ အနာရောဂါတွေကို ခံစားနေရသလား။ နတ်ဆိုးတွေကြောင့် ကြောက်ရွံ့ နေသလား။ ခရစ်တော် ပြန်ကြွလာပြီး ငြိမ်သက်ခြင်းအရှင် ဖြစ်ဖို့ကို စောင့်စားနေသလား။ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို နှောင့်ယှက်နေတဲ့ မေးခွန်းတွေက ဘာလဲ။ ကိုယ့်ကိုကိုယ် အထင်ကြီးနေသလား။ အကောင်း မြင်တတ်သူလား အဆိုး မြင်နေသူလား။ ခံစားချက်တွေနဲ့ နာကျင်နေသလား။ ဝိညာဉ်တော်နဲ့ ပြည့်ဝဖို့ ဆုတောင်း နေသလား။

ကိုယ့်ရဲ့ ပြဿနာတွေကို ဆုတောင်းပြီး ဖြေရှင်းလိုက်ပါ။ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟလိုက်ပါ။ ဆုတောင်းရင် အပိုစကားတွေ မပြောန့။ဲ ပြောချင်တာပဲ ပြောလိုက်ပါ။ သခင်ယေရှု ပေးတဲ့ ဆုကျေးဇူးတွေနဲ့ အစွမ်းအစတွေကို အရင်ဦးစားပေးပါ။ ကျေးဇူးတင်တတ်ပါ။ ကျေးဇူးချီးမွမ်းခြင်းက လူကို အကျိုးရှိစေတယ်။ အပြစ်တွေ ဝန်ခံပါ။ ယုံကြည်ခြင်း အားနည်းမှု၊ ချစ်ခြင်းမေတ္တာ အေးစက်မှု၊ မြှော်လင့်ခြင်း ပျက်ပြယ်မှုတွေ အတွက် ဝန်ခံပါ အဲဒီအပြစ်တွေ အတွက် ခွင့်လွှတ်ဖို့ ဆုတောင်းပါ။ ကိုယ်လိုချင်တာကို ပြောပါ။ ဒါမှ အလွဲ ဆုမတောင်းမိပဲ နေမယ်။ ကျေးဇူးတော်ကို တောင်းခံပြီး ဘုရားသခင်ကို အားကိုးပါ။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ တခြားသူတွေကိုလည်း ကောင်းကြီးပေးချင်တယ် ဆိုတာ မမေ့ပါနဲ့။ မိတ်ဆွေတွေရော ရန်သူတွေ အတွက်ပါ ဆုတောင်းပေးပါ။ ဘုရားသခင် သူတို့ကို ကောင်းကြီး ပေးပါစေ။ သင် တယောက်တည်းသာ ဆင်းရဲ ဝေဒနာ ခံစားနေရတာ မဟုတ်ဘူး။ လူတိုင်း အနည်းနဲ့အများ တွေ့ကြုံရကြတယ်။ ကိုယ် သိချင်တာတွေကို ခရစ်တော်ထံ ဆုတောင်း မေးမြန်းပါ။ ကိုယ့်ရဲ့ ပြသနာ အခက်အခဲတွေ ရှိကြောင်း ဝန်ခံပါ။ တခြားသူတွေ ကိုယ်စားလည်း ဆုတောင်းပေးပါ။ သခင်ယေရှုရဲ့ နာမ၌ ဆုတောင်းခြင်းရဲ့ လျှို့ဝှက်ချက်ကို နားလည်လာပါ လိမ့်မယ်။

စစ်မှန်တဲ့ ဆုတောင်းခြင်း ဆိုတာ ဘုရားသခင်ကို တောင်းပန်ခြင်း၊ ကျေးဇူးတ်ာချီးမွမ်းခြင်း၊ ဝတ်ပြု ကိုးကွယ်ခြင်း ဖြစ်တယ်။ စကားလုံး လှလှတွေနဲ့ ဝေဝေဆာဆာ တောင်းခြင်းမျိုး မလုပ်ပါနဲ့။ ကိုယ့်မိဘကို ပြောသလို ရိုးရိုးကလေးပဲ ပြောချလိုက်ပါ။ ဗိမ္မာန်တော်မှာ အခွန်ခံက အပြစ်များသော ကျွန်တော့ကို သနားတော်မူပါလို့ တိုးတိုးကလေး ပြောတဲ့အခါ အပြစ် ခွင့်လွှတ်ခြင်း ခံရတယ်။ ခမည်းတော် ဘုရားသခင်က လာဇရုကို သေခြင်းမှ ထမြောက်စေတာဟာ သခင်ယေရှု ခရစ်တော်က ရိုးရိုးကလေး ဆုတောင်းခဲ့လို့ ဖြစ်တယ်။ ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်း ကူမခြင်းနဲ့ အောင်မြင်ခြင်းတွေ ရရှိတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို တိုးဝင်ပြီး ရဲရဲဝံ့ဝံ့ ဆုတောင်းပါ။ ဘုရားသခင်ရဲ့ သားသမီးဖြစ်တော့ ဘုရားသခင်ရဲ့ သားတယာက်လို ဝမ်းမြောက်စွာနဲ့ ပြောပါ။ ဘာမှ ဖုံးကွယ်မထားနဲ့။ ခရစ်တော်က သင့်ကို ဝမ်းမြောက်စေချင်တယ်။ ဆုတောင်းချက်ကိုလည်း တုံ့ပြန် အဖြေ ပေးချင်တယ်။ ဒါဟာ ဘုရားသခင်နဲ့ မိတ်သဟာယ ဖွဲ့ရခြင်းရဲ့ အခွင့်ထူးဖြစ်တယ်။ ဆုကျေးဇူး ပေးတဲ့ဘုရား ဘယ်အရာက သင့်အတွက် ပိုအရေးကြီးသလဲ။ ဘုရားသခင်က အားလုံးပေးတယ်။ ဒါပေမယ့် သူ့ရဲ့ ကြွယ်ဝ ပြည့်စုံခြင်းကို သတိရရမယ်။ ဝမ်းမြောက်ခြင်းလည်း စုံလင်စေချင်တယ်။ သခင်ယေရှုက ဆုတောင်းချက်တွေကို အဖြေ ပေးနေတယ် ဆိုတာကို နားလည်လာတဲ့ အခါ ဝမ်းမြောက်ခြင်းက ပိုတိုးလာတယ်။ ကိုယ် ဆုတောင်းခြင်း အားဖြင့် တခြားသူတွေလည်း ကယ်တင်ခြင်းရပြီး ကောင်းကြီး ခံစားရနိုင်တယ်။ ကောင်းကင်မှာ မိုးတိမ်စီးပြီး သခင်ယေရှု ကြွလာတာကို မြင်ရတဲ့အခါ ကျွန်တော်တို့ရဲ့ ဝမ်းမြောက်ခြင်းဟာ အကြီးအကျယ် ဖြစ်လာမယ်။ ပြောမပြ နိုင်လောက်အောင် ဝမ်းသာသွားမယ်။ ကိုယ် ဆုတောင်းခြင်းရဲ့ အဓိက အကြောင်းရင်းက သခင်ယေရှု ပြန်ကြွလာဖို့ ဖြစ်ရဲ့လား။

ဆုတောင်း သားတော်ကို ကယ်တင်ရှင် အဖြစ် စေလွှတ်ခဲ့တဲ့ အတွက် စိတ်နှလုံးထဲက လှိုက်လှဲစွာ ကျေးဇူးတင်ပါ၏။ လောကီ အရာများကို စိတ်စွဲလန်းခြင်း အတွက် ခွင့်လွှတ်တော်မူပါ။ ကားတိုင်ကိုသာ ပိုအလေးထား စေပါ။ သားသမီးက မိဘကို စကားပြောသလို ရိုးရိုးကလေး စကားပြော ဆုတောင်းတတ်ဖို့ သွန်သင်တော်မူပါ။ အပြစ်ဝန်ထုပ်များ လေးလံနေတဲ့ ကျွန်ုပ်တို့ ရန်သူများကိုလည်း ရွေးနှုတ် ကယ်တင်ပါ။ သူတို့ စိတ်နှလုံးဟာ အမုန်း တရားများနဲ့ ညည်းတွား နေကြပါတယ်။ သူတို့ရဲ့ ချည်နှောင်ခြင်းတွေကို လွှတ်တော်မူပါ။ သူတို့လည်း ကျွန်ုပ်တို့နဲ့ အတူ ဝမ်းမြောက်ခြင်းကို ဝေမျှ ခံစားရစေပါ။

မေးခွန်း ၁၀၂

  1. သခင်ယေရှု နာမ၌ ဆုတောင်းတဲ့ အခါ ခမည်းတာ် ဘုရားသခင်က ဘယ်လို အဖြေပေးသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:59 AM | powered by PmWiki (pmwiki-2.3.3)