Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 059 (The devil, murderer and liar)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

f) လူသတ် လိမ်ညာသူ မာရ်နတ် (ယောဟန် ၈း ၃၇- ၄၇)


ယောဟန် ၈း ၃၇ - ၃၉
၃၇ “သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကို မရသောကြောင့် သင်တို့သည် ငါ့ကိုသတ်အံ့သောငှါရှာကြံကြ၏။ ၃၈ ငါသည် ငါ့ခမည်းတော်၌ မြင်ခဲ့ပြီးသည်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည် အတိုင်း ပြုကြ၏ဟုမိန့်တော်မူ၏။ ၃၉ ထိုသူတို့ကလည်း အာဗြဟံသည် ငါတို့အဘဖြစ်၏ဟုဆိုကြ၏။ ယေရှုကလည်း သင်တို့သည် အာဗြဟံ၏ သားမှန်လျှင် အာဗြဟံအကျင့်ကို ကျင့်ကြလိမ့်မည်။”

ယုဒလူတွေက သူတို့ကိုယ်သူတို့ အာဗြဟံအမျိုးလို့ခံယူတယ်။ ယုံကြည်ခြင်းရဲ့ဖခင်က ဆင်းသက်လို့ ဂတိတော်ကို ခံထိုက်တယ်လို့ မှတ်ယူတယ်။ အာဗြဟံနဲ့ဆိုင်တဲ့ဂတိတော်ကို အမွေခံရမယ်လို့ ယူဆတယ်။

သခင်ယေရှုက သူတို့အမျိုးတော်တာကို မငြင်းဘူး။ ဒါပေမယ့် အာဗြဟံရဲ့သားမြေးတွေဟာ ဘိုးဘေးရဲ့ စိတ်ဓါတ်မရှိတာကို ဝမ်းနည်းစွာတွေ့ရတယ်။ ဘုရားစကား နားမထောင်ဘူး။ နှုတ်ကပတ်တော် မစောင့်ထိန်းဘူး။ ဒါကြောင့် သခင်ယေရှုပြောတော့လည်း သူတို့စိတ်နှလုံးကို ပိတ်ထားတယ်။ နှလုံးသားထဲ မဝင်သလို နားလည်နိုင်စွမ်းလည်း မရှိဘူး။ မယုံကြည်ပဲ သတိမမူပဲနေကြတယ်။

ခရစ်တော်ရဲ့စကားကို ကြားတဲ့အခါ ငြင်းဆန်ပြီး မုန်းလာတယ်။ ဒီအခြေအနေမှာတော့ အများစုက သခင်ယေရှုကို သတ်ဖို့မဟုတ်သေးဘူး။ ဒါပေမယ့် သူတို့စိတ်ကို ဖေါ်ပြလိုက်လို့ လူသတ်မိလောက်အောင် မုန်းလာဖို့ အစပျိုးသလို ဖြစ်တယ်။ မကြာခင်မှာ သူတို့က “ကားတင်သတ်ပါ ကားတင်သတ်ပါ” လို့ အော်ဟစ်လာကြတယ်။ (မဿဲ ၂၇း ၂၁-၂၃၊ ယောဟန် ၁၉း ၁၅)

အာဗြဟံက ဘုရားသခင်စကားကို ကြားပြီး ချက်ချင်းနားထောင်တယ်။ သခင်ယေရှုကလည်း ခမည်းတော် စကားကို နားထောင်ရုံသာမက ခမည်းတော်ရဲ့လုပ်ဆောင်မှုနဲ့ ဘုန်းတန်ခိုးကို မြင်ခဲ့ရသူဖြစ်တယ်။ ခမည်းတော်နဲ့ မိတ်သဟာယဖွဲ့ခဲ့သူလည်း ဖြစ်တယ်။ ခမည်းတော်ရဲ့ ဝိညာဉ်ရှိတယ်။ ခမည်းတော်ရဲ့မေတ္တာကို ခံစားရတယ်။

ဒါပေမယ့် ယုဒလူတွေက ခမည်းတော်ရဲ့တပါးတည်းသော သားတော်ကို မုန်းတီးတယ်။ ဒါကြောင့် စစ်မှန်တဲ့ ဘုရားသခင်နဲ့ မပတ်သက်ကြောင်း သက်သေပြသလိုဖြစ်နေတယ်။ သူတို့ရဲ့မူလအမြစ်က ကောင်းကင်မဟုတ်ဘဲ တခြားက ဖြစ်နေတယ်။

ဒီဆွေးနွေးငြင်းခုန်တဲ့အခါ သူတို့အတွေးအခေါ်တွေဟာ သူတို့ဘိုးဘေးတွေရဲ့အတွေးအခေါ်နဲ့ ဆင်နေတယ်။ အာဗြဟံရဲ့ အတွေးအခေါ်နဲ့ မတူဘူး။

ယောဟန် ၈း ၄၀- ၄၁
၄၀ “ဘုရားသခင့်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အားဟောပြောသောသူတည်းဟူသော ငါ့ကို သတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။ ၄၁ သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟုမိန့်တော်မူ၏။ ထိုသူတို့ကလည်း ငါတို့သည် မျောက်မထားသောအမျိုးမဟုတ် ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏။”

အာဗြဟံအမျိုးမှ ဆင်းသက်တာကို ငြင်းပယ်တဲ့ သခင်ယေရှုစကားကို ယုဒလူတွေ တုန့်ပြန်တယ်။ သူတို့က အာဗြဟံမှ ဆင်းသက်တာကို ယုံကြည်နေကြတယ်။ ဒါက သူတို့အတွက် ဂုဏ်ယူစရာလည်းဖြစ်တယ်။ အခု သခင်ယေရှုက အာဗြဟံနဲ့မတူဘူးလို့ ရဲရဲဝံ့ဝံ့ ပြောလိုက်တာဖြစ်တယ်။

အာဗြဟံရဲ့သဘောက ယုံကြည်တယ်။ နားထောင်တယ်။ ဘုရားစကားအတိုင်း ထွက်ခွါလာခဲ့တယ်။ ဘုရားသခင် သစ္စာရှိတာကို စိတ်ချတယ်။ သူ့ရဲ့သားဣဇာက်ကို တင်လှူပူဇော်တဲ့တိုင်အောင် စိတ်ချတယ်။ ဒါပေမယ့် ယုဒလူတွေကတော့ သခင်ယေရှုကို မုန်းတီးဆဲ၊ မယုံကြည်ဆဲ၊ ခရစ်တော်ကို ဆန့်ကျင်ဆဲဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ လူ့ဇာတိခံယူလာသူကို ငြင်းပယ်ပြီး ဘုရားသခင်စကားကို နားမထောင်ကြဘူး။ သခင်ယေရှုဟာ ကောင်းကင်တမန်တွေခြံရံပြီး ဘုန်းတန်ခိုးနဲ့ ကြွလာတာမဟုတ်ဘူး။ သာမန်လူတယောက်လို ရောက်လာတယ်။ ဧဝံဂေလိစကား နားထောင်ဖို့ အတင်းအကျပ်မစေခိုင်းဘူး။ ဘုရားမေတ္တာပြရင်း ကျေးဇူးတရားကို သိစေတယ်။ သခင်ယေရှုရဲ့ သတင်းကောင်းကို ငြင်းဆန်ရင်းနဲ့ သခင်ယေရှုကို သတ်ချင်လာကြတယ်။ ဒါက အာဗြဟံရဲ့ စိတ်သဘော လုပ်ရပ်တွေနဲ့ မတူဘဲ ကွဲပြားနေတယ်။ အာဗြဟံက ကြားတယ်။ နားထောင်တယ်။ အသက်ရှင်တယ်။ ဘုရားအလိုတော်ကို လိုက်နာတယ်။

ယောဟန် ၈း ၄၂- ၄၃
၄၂ “ယေရှုကလည်း ဘုရားသခင်သည် သင်တို့အဘမှန်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။ ၄၃ အဘယ်ကြောင့် ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။”

ဂျူးတွေရဲ့အဖဟာ အာဗြဟံမဟုတ်ဘူး။ တခြားတယောက်သာဖြစ်တယ်။ ဘယ်သူလဲ စစ်ကြလို့ သခင်ယေရှု ပြောလာတယ်။ အဖေနဲ့ သားသမီး တူမယ် မဟုတ်လား။

သခင်ယေရှုက ဒီလို အာဗြဟံနဲ့မတူကြောင်းပြတဲ့အခါမှာ ယုဒလူတွေ စိတ်ထိခိုက်သွားတယ်။ သူတို့ဟာ မောဘနဲ့ အာမုန်အမျိုး သွေးသားနီးစပ်သူအချင်းချင်းဖောက်ပြန်ပြီးရလာတဲ့ သားသမီးမဟုတ်ဘူးလို့ ငြင်းဆိုတယ်။ (ကမ္ဘာ ၁၉း ၃၆- ၃၈) သူတို့ဟာ ရှမာရိအမျိုးအနွယ်တွေလိုပဲ ကပြားတွေ မဟုတ်ဘူးလို့ဆိုလာကြတယ်။ (ထွက်မြောက် ၂၂၊ ၂၄၊ ၃၂း ၆၊ ဟေရှာယ ၆၃း ၁၆) သခင်ယေရှုက ခမည်းတော်ဟာ သူရဲ့အဖေဖြစ်တယ်လို့ ကျမ်းစာနဲ့အညီ ထောက်ပြတယ်။ ဒါက ယုဒလူတွေရဲ့ယုံကြည်ချက်နဲ့ အဆင်မပြေဘူး။ ဒါပေမယ့် သူတို့ရဲ့ သက်သေခံချက်က လွဲနေတယ်။

သူတို့ဟာ လှည့်စားတတ်တဲ့သူတွေဖြစ်တယ်လို့ သခင်ယေရှုကသက်သေပြတယ်။ ဘုရားသခင်ဟာ မင်းတို့ရဲ့ဖခင်ဖြစ်ရင် မင်းတို့ငါ့ကို ချစ်မယ်။ ဘုရားသခင်က ချစ်တတ်တယ်။ မုန်းတတ်သူမဟုတ်ဘူး။ ဘုရားသခင်က သားတော်ကို ချစ်တယ်။ သားတော်ကလည်း ဘုရားသခင်ဘုန်းကို ထင်ရှားစေသူဖြစ်တယ်လို့ ဆိုတယ်။ သခင်ယေရှုဟာ ဘုရားသခင်နဲ့ ကင်းကွာပြီးနေတဲ့သူမဟုတ်ဘူး။ ခမည်းတော်စကားကို နားထောင်တဲ့သူဖြစ်တယ်။

သခင်ယေရှုက “ငါပြောတာ ဘာကြောင့်နားမလည်လဲ။ နားလည်နိုင်တဲ့စကားနဲ့ ပြောတာပဲ။ ဒါပေမယ့် ငါပြောတဲ့အခါ ဝိညာဉ်တော်အားဖြင့် ရိုးရိုးရှင်းရှင်း ပြောတယ်။ ဒါပေမယ့် လုံးဝ နားမလည်ဘူး” လို့ ဆိုတယ်။ ဒီစကားကို သခင်ယေရှုကိုယ်တိုင် ရန်သူတွေကို ပြောရင်း ဖြေတယ်။ “မင်းတို့မှ နားမထောင်ပဲ။ မင်းတို့ဟာ ကျွန်တွေပဲ၊ မင်းတို့ဝိညာဉ်လည်း ဆုံးရှုံးနေတယ်။ ဘုရားသခင် ခေါ်သံကို မကြားဘဲ နားပင်းနေတယ်” လို့ဆိုတယ်။

ချစ်သောညီအကိုမောင်နှမ၊ ဘုရားသခင်ခေါ်သံကို စိတ်နှလုံးထဲမှာ ကြားရဲ့လား။ အတွင်းလူကို ဆေးကြောပေးဖို့ ဘုရားသခင်အသံကို ကြားချင်ရဲ့လား။ ဒါမှမဟုတ် စိတ်သဘောတမျိုးနဲ့ မာနတက်ပြီး နားပင်းနေမှာလား။ ဧဝံဂေလိတရားနဲ့အညီ ဘုရားတန်ခိုးအတွက် အလုပ်လုပ်မလား။ ဒါမှမဟုတ် မာရ်နတ်ရဲ့ ညွှန်ကြားမှု စေခိုင်းတဲ့အတိုင်း လုပ်ဆောင်မလား။

မေးခွန်း ၆၃

  1. ယုဒလူမျိုးတွေက အာဗြဟံရဲ့သားမြေးမဟုတ်ဘူးလို့ သခင်ယေရှုက ဘယ်လိုသက်သေပြသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:49 AM | powered by PmWiki (pmwiki-2.3.3)