Previous Lesson -- Next Lesson
f) လူသတ် လိမ်ညာသူ မာရ်နတ် (ယောဟန် ၈း ၃၇- ၄၇)
ယောဟန် ၈း ၄၄
၄၄ “သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူ့အသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။”
သခင်ယေရှုက သူ့ကိုမချစ်တဲ့လူတွေဟာ မာရ်နတ်ရဲ့သားသမီးဖြစ်တယ်လို့ ဆိုတယ်။ ယုဒလူတွေက သူတို့ကိုယ်သူတို့ ဘုရားသခင်ကို သိတယ်လို့ ဆိုကြတယ်။ ပညတ်တရားသမားတွေဟာ ဘုရားနဲ့ဝေးတယ်။ သူတို့မိဘက မာရ်နတ်ပဲလို့ဆိုတယ်။
မာရ်နတ်ဟာ သွားလေရာမှာဖျက်ဆီးသူဖြစ်တယ်။ ဘုရားသခင် ဖန်ဆင်းထားတဲ့အရာတွေကို ပျက်ဆီးစေချင်သူ ဖြစ်တယ်။ လူတိုင်းရဲ့ အားနည်းချက်ကိုရှာပြီး သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ ထားဖို့ ကြိုးစားတယ် အပြစ်လုပ်ဖို့ တိုက်တွန်းတယ်။ ပြီးမှ ပလ္လင်တော်နား သွားပြီး မှားယွင်းတဲ့ အပြစ်တွေကိုစွပ်စွဲပြီး သူတို့ကိုပြစ်ဒဏ်ပေးဖို့ ဆိုတယ်။ တကယ်ယုတ်မာတယ်။
သခင်ယေရှုက စာတန်ဟာ မကောင်းမှုအားလုံးရဲ့ မူလအမြစ်ဖြစ်တယ်လို့ ဆိုတယ်။ မာရ်နတ်ဟာ သူကိုယ်တိုင် ကျွန်ဖြစ်ရုံသာမကဘူး အားလုံးကို မုန်းတီးနေတယ်။ ဒီလိုစိတ်သဘောမျိုးနဲ့ အသက်ရှင်သူတိုင်းဟာ ခရစ်တော်ရဲ့ ရန်သူဖြစ်တယ်။ တခြားသူတွေကို ဖျက်ဆီးတယ်။ တပ်မက်ခြင်းထဲမှာ နစ်မွန်းဖို့ ကြိုးစားတယ်။ ဘုရားသခင်နဲ့ ဝေးကွာအသက်ရှင်သူတိုင်းဟာ စာတန်ဘက်ကို ယိမ်းနေသူတွေ ဖြစ်တယ်။
စာတန်ရဲ့တပ်မက်မှုက ဘာလဲ။ သူက စကတည်းက လူသတ်သမား ဖြစ်တယ်။ ဘုရားသခင်ရဲ့ ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းတဲ့သူကို ဖျက်ဆီးတယ်။ ဘုရားနဲ့ ဝေးကွာခဲ့သူ ဖြစ်တယ်။ သူ့အတွက်ကတော့ ထာဝရ သေခြင်းကို ပြင်ဆင်ထားတယ်။ သူဟာ သေခြင်းရဲ့အရိပ်အောက်မှာ ရှိတယ်။ အသက်ရှိတဲ့လူတိုင်းကို သူက သတ်ဖို့ ရည်ရွယ်တယ်။
ဒီဖြစ်ရပ်ဟာ တကယ်ကောက်ကျစ်စဉ်းလဲပါတယ်။ အာဒံနဲ့ ဧဝကိုလိမ်ညာပြီး မယုံကြည်တဲ့ဘက်ကို တွန်းပို့တယ်။ ဘုရားရဲ့ပညတ်ကို လွန်ကျူးစေတယ်။ ကောင်းကင်တမန်တပ်တွေထဲမှာ အကြီးအကဲဖြစ်ချင်ရင်းနဲ့ သူ့ကိုယ်သူ လူမိုက်ဖြစ်စေတယ်။ ကြီးမြတ်တဲ့သူ၊ လှပတဲ့သူ ဘုရားထက် တန်ခိုးကြီးသူ ဖြစ်ချင်ခဲ့တယ်။
ဒီလိုကောက်ကျစ်မှုဟာ စာတန် သူ့ကိုယ်သူ နားလည်မှုမရှိခြင်းကြာင့် ဖြစ်တယ်။ ခရစ်တော်ကတော့ ဒီလိုမဟုတ်ဘူး။ သူက နူးညံ့တယ်။ နှိမ့်ချတယ်။ လူတွေက ဒီလိုလှည့်စားခြင်းနဲ့ ကြွားဝါခြင်းကို ခရစ်တော်ရဲ့ နှိမ့်ချခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းတို့ထက် ကြိုက်တာက ဝမ်းနည်းစရာဖြစ်တယ်။ ဒါကြောင့် လိမ်ညာတဲ့သူတွေဟာ သူတို့နှုတ်ခမ်းနဲ့ မုသာစကားတွေကို စာတန် ရှေးမြွေဟောင်းလိုပဲ ပြောရင်းနဲ့ လူတွေကို အဆိပ်သင့်စေတယ်။ တယောက်နဲ့ တယောက်လည်း ယုံကြည်စိတ်ချမှု ပျက်သွားစေတယ်။
အမျိုးသမီးတယောက်က သူ့အမေကိုပြောတယ်။ အားလုံး လူလိမ်တွေပဲ။ တယောက်နဲ့ တယောက် အပြုံးလေးတွေနဲ့ လှည့်စားနေကြတယ်။ လူတိုင်းက ကိုယ့်ကိုကိုယ်ပဲ ချီးမြှောက်နေတယ်။ ကျောင်းသားတွေက စာမေးပွဲမှာ ခိုးဖြေတယ်။ ကုန်သည်ကလည်း လိမ်ညာတယ်။ အိမ်ထောင်မိသားစုမှာတောင် အိမ်ထောင်ဖက်ချင်း လိမ်တယ်။ တယောက်နဲ့တယောက် မယုံဘူး။ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ အမှန်ဆုံးလူလို့ ထင်ထားကြတယ်လို့ ဆိုတယ်။ စာတန်ရဲ့စကားတွေကတော့ အလိမ်အညာသက်သက် ဖြစ်တယ်။ ဒီအလိမ်အညာတွေဟာ တခါတရံမှာ အမှန်တဝက်နဲ့ ရောတယ်။ အလိမ်အညာကို အမှန်လို့ ထင်သွားစေနိုင်တယ်။ သူဟာ လိမ်ညာတဲ့ မုသာရဲ့အဘ ဖြစ်တယ်။
ယောဟန် ၈း ၄၅- ၄၇
၄၅ “ငါသည် သစ္စာစကားကိုပြောသောကြောင့် သင်တို့မယုံကြ။ ၄၆ ငါ၌အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဖေါ်ပြသနည်း။ သစ္စာစကားကို ငါပြောသည်မှန်လျှင် အဘယ်ကြောင့် သင်တို့ မယုံကြသနည်း။ ၄၇ ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထာင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။”
သခင်ယေရှုက အမှန်တရားကို ပြောတယ်။ သမ္မာတရားကို ပြတယ်။ စကားတော်ကို ယုံကြည်တဲ့ သူတွေဟာ မင်္ဂလာရှိတယ်။ သမ္မာတရားကို သိပေမယ့် နှိမ့်ချတယ်။ ပြောလေရာမှာ သစ္စာရှိတယ်။
သမ္မာတရားရဲ့သတင်းစကားကို လူအများစုက လက်မခံဘူး။ ဘာကြောင့်လဲ။ သခင်ယေရှုပြောနေလို့ ဖြစ်တယ်။ တကယ်လို့ နိုင်ငံရေးခေါင်းဆောင်တယောက်၊ ဘာသာရေးခေါင်းဆောင်တယောက်က ပြောမယ်ဆိုရင် သူတို့ ယုံကောင်းယုံတယ်။ ဒါပေမယ့် သခင်ယေရှုက လူသာမန်လိုလာပြီး လူပရိတ်ကြားမှာပြောတော့ သူတို့ ငြင်းပယ်တယ်။ သူတို့က ကြီးမြတ်မှုတွေ၊ အာဏာတွေကို ပိုမက်တယ်။ အတ္တကင်းတဲ့စိတ်ကို အလေးမထားဘူး။
သခင်ယေရှုက ယုဒလူတွေကို ပြောတယ်။ “မင်းတို့ ဘာလို့မယုံလဲ။ ငါပြောတာ ဘာမှားလို့လဲ။ မာနတွေ ညစ်ညမ်းမှုတွေပါလို့လား။ မပါဘူး။ ငါ အမြဲတမ်း သမ္မာတရားကိုပဲ ပြောပြီး အသက်ရှင်တယ်။ ငါဟာ လူ့ဇာတိခံတဲ့ သမ္မာတရားဖြစ်တယ်။ အပြစ်ကင်းတယ်။ ဖြောင့်မတ်တယ်။ လှည့်စားခြင်းနဲ့ကင်းတယ်” လို့ ဆိုတယ်။ နောက်ဆုံးမှာ သခင်ယေရှုက ပုန်ကန်တဲ့ယုဒလူတွေကို ပြောလိုက်တယ်။
ဘုရားသခင်ထံမှ လာသူဟာ ဘုရားစကားကို ရိပ်မိမယ်။ ကလေးငယ်ဟာလည်း တခြားသူတွေရဲ့ အသံထက် သူ့မိခင်ရဲ့အသံကို ရိပ်မိတယ်။ ကလေးငိုလို့ရှိရင်လည်း အမေက ကလေးဆီကို ချက်ချင်းတန်းပြေးမယ်။ ဒါကြောင့် ဘုရားသခင်ခေါ်ထားတဲ့သူတွေဟာ ဘုရားအသံကို ရိပ်မိမယ်။ ဧဝံဂေလိကို နားမလည်သူတွေဟာ ဘုရားနဲ့မဆိုင်ဘူးလို့ ဆိုတယ်။ လူဟာ ဘာသာတရား ကိုင်းရှိုင်းနိုင်တယ်၊ ဆုတောင်းမယ်။ အစာရှောင်မယ်၊ ဒါပေမဲ့ သူ့အဖေဟာ မာရ်နတ်ဖြစ်နေနိုင်တယ်။ ဘုရားတရား ကိုင်းရှိုင်းတာက လူကို မကယ်ဘူး။ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် တဖန်မွေးခြင်းကသာ ကယ်တယ်။ ဝိညာဉ်တော်သက်ရောက်ပြီး အထဲမှာ ကျိန်းဝပ်ဖို့လိုတယ်။ ကိုယ်က ဘယ်သူ့သားလဲ။ ဘုရားသားလား စာတန်သားလား။ ဒီအမေးကို ချက်ချင်းမဖြေပါနဲ့။ သေသေချာချာစဉ်းစားပြီးမှ ခရစ်တော်နဲ့ စပ်ဆိုင်သလား၊ မစပ်ဆိုင်ဘူးလား ဖြေပါ။
ဆုတောင်း အဖဘုရား သမ္မာတရားကိုသင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အပြစ်နဲ့ ချစ်ခြင်းအကြောင်းကို လည်းသိရပါပြီ။ လိမ်ညာခဲ့မိတာအတွက် ခွင့်လွှတ်ပါ။ အမုန်းနဲ့ မာန်မာနမှလည်း လွတ်မြောက်စေပါ။ စာတန် တန်ခိုးထဲမှ ဆွဲထုတ်ပြီး ကိုယ်အလိုအတိုင်း အသက်မရှင်ဘဲ ညစ်ညူးခြင်းထဲမှာ မကျင်လည်ဖို့ မစပါ။ ဧဝံဂေလိတရားအတွက် နားမျက်စိကို ဖွင့်ပေးပါ။ နှိမ့်ချသာသူ၊ သစ္စာရှိသောသူဖြစ်စေပါ။
မေးခွန်း ၆၄
- သခင်ယေရှုရှင်းပြတဲ့ မာနရဲ့အရည်အချင်းတွေက ဘာတွေလဲ။