Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 036 (Christ raises the dead and judges the world)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
A - ယေရုရှလင်မြို့သို့ ဒုတိယခရီး (ယော ၅း ၁- ၄၇) အဓိကအချက်။ -- သခင်ယေရှုနှင့်  ဂျူးလူမျိုးများကြားမှာ မပြေလည်မှု ပေါ်ပေါက်လာခြင်း

3. ခရစ်တော်က လူသေကို ထမြောက်စေပြီး လောကီသားတွေကို တရားစီရင်တယ်။ (ယော ၅း ၂၀ - ၃၀)


ယော ၅း ၂၀ - ၂၃
၂၀ ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့သည် အံ့ဩဖွယ်ရှိစေခြင်းငှာ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အား ပြတော်မူလိမ့်မည်။- ၂၁ ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။- ၂၂ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊- ၂၃ သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့် ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။-

သခင်ယေရှု ပြုတဲ့ အလုပ်တွေက လူတွေ မလုပ်နိုင်ဘူး။ သူတပါးတည်းသာ တန်ခိုးနဲ့ လုပ်နိုင်တယ်။ ခမည်းတော်က စေခိုင်းတယ်။ ခရစ်တော်နဲ့ပါတ်သက်တဲ့ ဂုဏ်တော် ၂ မျိုးကို ကျမ်းစာမှာ ပရောဖက်ပြုတာ တွေ့ရတယ်။ ဂျူးတွေ မြော်လင့်တာက လူသေကို ပြန်ရှင်စေပြီး၊ တရားသဖြင့် စီရင်နိုင်တယ်။ တရားစီရင်နိုင်ကြောင်း သခင်ယေရှုက ပြောတယ်။ ဂျူးတွေ မကြိုက်ပေမယ့်၊ ရန်ဖက်ပြုပေမယ့် သူဟာ အသက်ပေးပိုင်သူဖြစ်ပြီး၊ တရားစီရင်မယ်လို့ ဆိုတယ်။ ဒီအခါ ဘုရားကို ပြစ်မှားတယ်ဆိုပြီး သတ်ဖို့ ကြိုးစားလာကြတယ်။ တရားစီရင်မယ်လို့ ပြောခြင်းအားဖြင့် သူတို့ စိတ်ပြောင်းလဲပြီး၊ မှန်မှန်ကန်ကန် စဉ်းစားကာ နောင်တရလာဖို့ ဖြစ်တယ်။

ဘုရားသခင်က ဖျက်ဆီးတဲ့သူ မဟုတ်ဘူး။ အသက်ပေးသူ ဖြစ်တယ်။ အပြစ်ရှိသူကို သေဖို့ မလိုလားဘဲ အသက်ရှိရာကို ပြန်လာစေချင်တယ်။ ဘုရားကို ပစ်ပယ်သူကတော့ ခန္ဓာ၊ စိတ်၊ ဝိညာဉ် ပျက်စီးမယ်။ ခရစ်တော်ထံ ချဉ်းကပ်သူကတော့ သတိရပြီး ထာဝရအသက်ကို ခံစားရမယ်။ ဘုရားအသံကို အလေးထားဖို့ လိုတယ်။ အပြစ်ထဲမှာ ကျင်လည်နေသလား။ စင်္ကြဝဠာကြီးဟာ ထာဝရကာလကတည်းက သမ္မာတရားအပေါ်မှာ တည်ဆောက်ထားတယ်။ လူတွေက ဘုရားကို ဂရုမစိုက်၊ သတ်ဖို့ ကြိုးစား၊ အချင်းချင်း လှည့်စားပေမယ့် သမ္မာတရားကတော့ မပြောင်းလဲပါဘူး။ တရားစီရင်မယ့်နေ့ဟာ ရောက်လာပါလိမ့်မယ်။ ပြစ်မှားသူတွေအပေါ်မှာ ဘုရားအမျက်တော် ကျရောက်လာလိမ့်မယ်။ အထူးသဖြင့် ဒုက္ခိတနဲ့ မုဆိုးမကို ညှည်းဆဲတယ်။ ဘုရားသခင်က စီရင်ခွင့်ကို ခရစ်တော်ကို ပေးတယ်။ လူမျိုး၊ ဘာသာအားလုံးကို စီရင်မယ်။

သခင်ယေရှုက အပြစ်ကင်းလို့ လူတွေရဲ့ အားနည်းချက်တွေကို ခံစားနားလည်ပေးနိုင်တယ်။ တရားသဖြင့် စီရင်မယ်။ ငြင်းပယ်သူတွေဟာ သခင်ဘုရား ဘုန်းတော်နဲ့ ကြွလာချိန်မှာ ဝမ်းနည်း မြည်တမ်းလိမ့်မယ်။ ဒီအချက်ကို ရိပ်မိပါရဲ့လား။ အဲဒီအချိန် သားတော်ဘုရားရှေ့မှာ အားလုံး ဒူးထောက်ရမယ်။ ကိုးကွယ်ဖို့ ငြင်းဆန်ခဲ့သူတွေဟာ ကြောက်ရွံ့ တုန်လှုပ်ကြလိမ့်မယ်။ ခရစ်တော်ဟာ ဘုန်းအသရေ၊ ပညာ၊ တန်ခိုး ရှိသမျှကို ခံစားထိုက်သူ ဖြစ်တယ်။ (ဗျာဒိတ် ၅း ၁၂) သားတော်က လူတွေအတွက် အသေခံတဲ့၊ နူးညံ့တဲ့ သိုးသူငယ်တော် ဖြစ်လို့ လောကီသားတွေကို ဘုရားနဲ့ ရန်ငြိမ်းစေ၊ ပြေလည်စေတယ်။ ဘုရားသခင်နဲ့ သားတော်ဟာ လုပ်ဆောင်မှု သာမက တန်ခိုးနဲ့ ချစ်ခြင်းမှာလည်း တူညီတယ်။ ဂုဏ်အသရေနဲ့ ကြည်ညိုမှုကို ခံစားထိုက်သူတွေ ဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုက မြေကြီးပေါ်မှာ ရှိစဉ် သူ့ကို ပြပ်ဝပ်ကိုးကွယ်တာကို လက်ခံခဲ့တာ ဖြစ်တယ်။ ခမည်းတော်ကို ချီးမွမ်းသလို၊ သားတော်ကိုလည်း ချီးမွမ်းသင့်ပါတယ်။ ခမည်းတော်ကို တိုက်ရိုက်ဆုတောင်းသလို၊ သားတော်ကိုလည်း တိုက်ရိုက် ဆုတောင်းနိုင်ပါတယ်။ သားတော်ကို ငြင်းပယ်သူ၊ သေးသိမ်စေသူဟာ ခမည်းတော်ဘုရားကို ငြင်းပယ်သူ ဖြစ်တယ်။ ဘုရားသခင်မှာ သားရှိခွင့် ရှိပါတယ်။ သားတော်ကို ဘုရားသခင်အဖြစ် လက်မခံနိုင်သူတွေဟာ စိတ်ထားဆိုးယုတ်လို့ပါ။ ဘုရားကို မသိချင်တော့ တကယ်သိခွင့် မရတော့ဘူးပေါ့။

ယော ၅း ၂၄
၂၄ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ ဖြစ်၏။

ဧဝံဂေလိတရားကို ဝမ်းမြောက်စွာ ကြားရပြီး သားတော်ဟာ ဘုရားဖြစ်ကြောင်း ယုံကြည်ရင် ထာဝရအသက် ရတယ်။ အဲဒီအသက်က မြေကြီးပေါ်မှာ သေခြင်းနဲ့ စတာမဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် စတင်တယ်။ ခမည်းတော်နဲ့ သားတော်ကို ယုံကြည်လို့ ဝိညာဉ်တော် သက်ရောက်လာတယ်။ ခရစ်တော်ရဲ့ စကားတွေဟာ အကြိမ်တထောင် ဖတ်ရှု လေ့လာပေမယ့် အပြည့်အဝ နားမလည်နိုင်ပါ။ ကျေးဇူးတော်ကို မပြောပြနိုင်သလို၊ ဝိညာဉ်သဘောနဲ့လည်း အသက်မရှင်နိုင်ပါ။ စစ်မှန်တဲ့ ယုံကြည်ခြင်းကတော့ ခရစ်တော်ကို အားကိုးခြင်းပါ။ ခရစ်တော်ကြောင့် ဖြောင့်မတ်ရတယ်။ အပြစ်စီရင်ခြင်းနဲ့ လွတ်ရတယ်။ ကိုယ့်လုပ်လို့ ရတာ မဟုတ်ဘဲ ယုံကြည်ခြင်းကြောင့်သာ ဖြစ်တယ်။ ကားတိုင်ကို ခုံလှုံသူကို ခရစ်တော်ရဲ့ မေတ္တာက လုံခြုံစေတယ်။ အပြစ်တွေကို ချေဖျက်ပေးတယ်။ အသိစိတ်ကိုလည်း ကြည်လင်စေတယ်။ ဒီအချက်က အသစ်မွေးဖွါးဖို့ ဘုရားသခင်အနား ချဉ်းကပ်ဖို့ တွန်းအားပေးနေတယ်။ ဖြောင့်မတ်သွားတဲ့ အကျိုးကြောင့် အသစ်မွေးဖွါးလာတယ်။ ခရစ်တော်ရဲ့ ဂတိတော်ကို သတိပြုမိရဲ့လား။ သေခြင်းလက်မှ လွတ်ပြီ။ ကျေးဇူးတော်ကြောင့် ထာဝရအသက်ရှင်ပြီ။ အမျက်တော် မကျရောက်တော့ဘူး။ ယုံကြည်လို့ ပြောင်းလဲတယ်။ ထာဝရ အသက်ရတယ်။ ခရစ်တော်နဲ့ ချိတ်ဆက်မိတာ အတွေးအခေါ် အယူအဆမျှသာ မဟုတ်ဘူး။ လက်တွေ့ တကယ်၊ စစ်မှန်စွာ ဖြစ်တယ်။ ခရစ်တော်၌ တည်နေခြင်းထက် ပိုကြီးမားတဲ့အရာ မရှိတော့ဘူး။ အငယ် ၂၄ ကို လေ့လာကြည့်ပါ။ ခရစ်တော်၌ အသက်တာ အပ်နှံပါ။ ထာဝရကာလမှာ ခရစ်တော်ကို မျက်နှာချင်းဆိုင် ဖူးမြင်ရမှာပါ။

ဆုတောင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားကို ကိုးကွယ်ပါ၏။ အပြစ်များ ခွင့်လွှတ်၍ ဖြောင့်မတ်စေပါပြီ။ အပြစ်စီရင် မခံရဘဲ အမျက်တော်နှင့် လွတ်ပါပြီ။ သေခြင်းနှင့် လွတ်၍ အသက်ကို ပေးသောကြောင့် ကိုယ်တော်ကို ကြည်ညိုပါ၏။ ကိုယ်တော်အတွက် ထာဝရ အသက်ရှင်ပါမည်။ နာမတော် ဘုန်းထင်ရှားစေဖို့ ကိုယ်တော်၌ တည်နေစေတော်မူပါ။

မေးခွန်း ၄၀

  1. ခမည်းတော်က သားတော်ကို စေခိုင်းသော အရေးကြီးသော အလုပ် ၂ ခုကို ဖေါ်ပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:45 AM | powered by PmWiki (pmwiki-2.3.3)