Previous Lesson -- Next Lesson
a) ငါးများစွာ အံ့ဖွယ်ရာ ဖမ်းမိခြင်း (ယောဟန် ၂၁း ၁- ၁၄)
ယောဟန် ၂၁း ၇- ၈
၇ “ထိုအခါ ယေရှု ချစ်တော်မူသော တပည့် တော်က ငါတို့သခင်ပေတည်း ဟု ပေတရုအား ပြောဆို၏။ သခင် ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင် အဝတ်ကို မခြုံပဲ ရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။ ၈ အခြားသော တပည့်တော်တို့သည် ကမ်းနှင့် မနီးမဝေး အလံငါးဆယ်လောက် ကွာသည် ဖြစ်၍ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍လာကြ၏။”
ရှင်ယောဟန်က ငါးတွေ အများကြီးမိတာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ရိပ်မိတယ်။ သူက လှေပေါ်မှာ ဖြစ်တယ်။ ကမ်းပေါ်ကသူဟာ သခင်ယေရှုက လွဲလို့ တခြားသူ မဟုတ်ဘူး လို့ ရိပ်မိတယ်။ သခင်ယေရှု နာမည်ကို ပြောလိုက်ခြင်း မဟုတ်ဘဲ ရိုသေလေးစားသောအားဖြင့် “သခင်” ဖြစ်တယ်လို့ ဆိုတယ်။
ဒီစကားကြောင့် ပေတရုဟာ ငါးဖမ်းခြင်းနဲ့ ပတ်သက်တဲ့ သွန်သင်ချက်ကို ဒုတိယအကြိမ်အဖြစ်နဲ့ မှတ်မိတယ်။ အင်္ကျီအဝတ်အစား ယူသွားတယ်။ သခင်ဘုရားထံ အင်္ကျီချွတ်မသွားလိုဘူး။ ရေထဲဆင်းပြီး သခင်ဘုရားထံ ကူးသွားတယ်။ မိတ်ဆွေတွေနဲ့ ငါးတွေပဲ ကျန်ခဲ့တယ်။ အားလုံးကို သူမေ့သွားပြီ။ သူ့စိတ်နှလုံးက သခင်ယေရှုထံကို ရောက်သွားပြီ။
ယောဟန်က လှေထဲမှာပဲ ရှိတယ်။ သူ့ရဲ့ချစ်ခြင်းမေတ္တာဟာ ပေတရုလိုပဲ ရိုးသားဖြူစင်ပေမယ့် လှေထဲမှာပဲ ရှိတယ်။ ဒီလူငယ်နဲ့ သူ့သူငယ်ချင်းတွေဟာ ကမ်းခြေဘက်ကို ကြိုးစားလှော်ခတ်သွားတယ်။ မီတာ ၁၀၀ လောက် ဝေးမယ်။ နောက်ဆုံး ကမ်းခြေရောက်တဲ့အခါ ဖမ်းမိတဲ့ ငါးအများကြီးကို သယ်ကြတယ်။
ယောဟန် ၂၁း ၉- ၁၁
၉ “ကုန်းပေါ်သို့ ရောက်သောအခါ မီးခဲပုံကိုလည်းကောင်း၊ ကင်ထားသော ငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့မြင်ကြ၏။ ၁၀ ယခုရသော ငါးအချို့ကို ယူခဲ့ကြဟု မိန့်တော်မူ၏။ ၁၁ ရှိမုန်ပေတရုသည် လှေပေါ်သို့ တက်၍ ငါးကြီး တရာငါးဆယ်သုံးကောင်နှင့်ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ် ရှိ၏။”
ကမ်းပေါ်ရောက်ကြတဲ့အခါ ငါးကင်ထားတဲ့ မီးဖိုကို တွေ့ကြ ရတယ်။ မီးဖိုရယ်၊ ငါးရယ်၊ မုန့်ရယ် ဘယ်က ရသလဲ။ မီတာ ၁၀၀ အကွာ အဝေးက ဘုရားသခင်က ခေါ်တဲ့အခါ သူတို့မှာ စားစရာ ဘာမှမရှိဘူး။ ရောက်တဲ့အခါ ငါးကင်ကို တွေ့တယ်။ စားကြဖို့ တိုက်တွန်းတယ်။ ကိုယ်တော်ဟာ သခင်ဘုရား ဖြစ်သလို အိမ်ရှင်ဧည့်ခံသူလဲ ဖြစ်တယ်။ သူတို့အတွက် အစားအသောက်ကို စေတနာနဲ့ ပြင်ပေးတယ်။ အမှုတော်ထဲမှာ ပါဝင်ခွင့် ပေးသလို အောင်မြင်ခွင့်လဲ ပေးတယ်။ တပည့်တော်တွေဟာ စကားတော်ကို နားမထောင် လို့ ဘာ ငါးမှ မရခဲ့ဘူး။ ဒါပေမယ့် ကိုယ်တော်က အခု အစာစားဖို့ ခေါ်နေတယ်။ အံ့အားသင့်စရာ ကောင်းတာက သခင်ဘုရားမှာ လောကီ အစားအသောက် မလိုဘူး။ တပည့်တော်တွေ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို နားလည်ဖို့ အစားအသောက်ကို ဝေမျှပေးခြင်း ဖြစ်တယ်။
ငါးတရာငါးဆယ်သုံးကောင်ဟာ ရှေးအစဉ်အလာအရ အဲဒီ ခေတ်ကာလက ငါး အမျိုးအမည်ပေါင်း အရေအတွက် ဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုက လူမျိုး တမျိုးတည်းကိုသာ ငါးမမျှားနဲ့ လူမျိုးပေါင်းစုံ လာပါစေလို့ ဆိုလိုတယ်။ ဘုရားသခင်ရဲ့ အသက်ကို လူမျိုးတိုင်း ရနိုင်ပါတယ်။ ပိုက်ကွန်ကလည်း ဖိအားတွေ များပေမယ့် မစုတ်ပြဲဘူး။ ဒါကြောင့် အသင်းတော်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ စည်းလုံးစေမှုကြောင့် ပြိုကွဲသွားမှာ မဟုတ်ဘူး။ အသင်းသား တချို့က အတ္တနဲ့ ချစ်ခြင်းမေတ္တာ တချို့ကင်းမဲ့နေနိုင်တယ်။ ဒါပေမယ့် စည်းလုံးတဲ့ အသင်းတော်ဟာ ချစ်ခြင်းမေတ္တာနဲ့ ကျစ်လျစ်နေနိုင်တယ်။
ယောဟန် ၂၁း ၁၂- ၁၄
၁၂ “ယေရှုကလည်း လာ၍ နံနက်စာကို စားကြ လော့ဟု မိန့်တော်မူ၏။ သခင် ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစုံတယောက်မျှ မမေးမလျှောက်ဝံ့ကြ။ ၁၃ ယေရှုသည် လာ၍ မုန့်နှင့်ငါးကို ယူပြီးလျှင် သူတို့အား ပေးတော်မူ၏။ ၁၄ ထိုပြတော်မူခြင်းကား ယေရှုသည် သေခြင်းမှ ထမြောက် တော်မူ သည်နောက် တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ် မြောက်သော ပြတော်မူခြင်း ဖြစ်သတည်း။”
တပည့်တော်တို့ကို မေတ္တာ မီးပုံနားမှာ စုဝေးစေတယ်။ လူစိမ်းအနေနဲ့ သိပြီး ကိုယ်တော်လားလို့ ဘယ်သူမှ မမေးရဲ ကြဘူး။ ကိုယ်တော်ထံကို ချဉ်းကပ်ချင်စိတ်ပဲ ရှိတယ်။ ဒါပေမယ့် ကြောက်ရွံ့စိတ်၊ ကြည်ညိုစိတ်နဲ့ မဝံ့မရဲ ဖြစ်တယ်။ တိတ်ဆိတ်မှုကို သခင်ယေရှုက ဖြိုခွဲလိုက်ပြီး အစားအစာ ဝေပေးရင်း ကောင်းကြီးပေးတယ်။ သူတို့ကို ခွင့်လွှတ်တယ်၊ သူတို့ကို ပြုပြင်ပေးတယ်။ တပည့်တော်တွေ အားလုံးဟာ သခင်ဘုရားရဲ့ ခွင့်လွှတ်ခြင်းကို ခံရတယ်။ ပဋိညာဉ်တရားအတိုင်း သခင်ဘုရားက သစ္စာမရှိရင် သူတို့ ပျက်စီးကြရမယ်။ အားမကိုးတတ်ဘူး။ မမြှော်လင့်တတ်ဘူး။ ကိုယ်တော်က သူတို့ကို အပြစ်မတင်ဘူး။ ဒါပေမယ့် ယုံကြည်ခြင်း ပြည့်ဝစေတယ်။ ဒါကြောင့် သခင်ယေရှု နဲ့ ဘုရားသခင်ဟာ သင့်စိတ်နှလုံး နှောင့်နှေးပေမယ့်လည်း သတင်းကောင်းကို ဝေမျှစေချင်တယ်။ ဒါဟာ သခင်ယေရှုက ရှင်ပြန်ထမြောက်အပြီးမှာ နိမိတ် လက္ခဏာပြတဲ့ ဥပမာလည်း ဖြစ်တယ်။
b) ပေတရုက သိုးတော်စုကို ကျွေးမွေး ပြုစုဖို့ ပြန် ဆုံးဖြတ်လိုက်တယ်။
ယောဟန် ၂၁း ၁၅
၁၅ “နံနက်စာကို စားကြသည်နောက် ယေရှုက ယောန၏သား ရှိမုန် ဤ သူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည် သာ၍ ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင် ဟုတ်ပါ၏ သခင်၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော် ငါ၏ သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော် မူ၏။”
သခင်ယေရှုက တပည့်တော်တွေရဲ့ အပြစ်ကို ခွင့်လွှတ်တယ်။ ပေတရု ငြင်းပယ်တာကိုလည်း ပထမဦးဆုံး ကိုယ်ထင်ပြတဲ့ အချိန်မှာပဲ ခွင့်လွှတ်ခဲ့တယ်။ ဒါပေမယ့် ပေတရုရဲ့ ငြင်းပယ်တာဟာ ပြန်ခွန်အား ယူဖို့ လိုသေးတယ်။ သခင်ဘုရားရဲ့ စကားထဲမှာ ကြင်နာမှုတွေ ပါတယ်။ စိတ်နှလုံးကို စစ်ဆေးနေတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ငြင်းဆန်ခဲ့တဲ့ အကြောင်းကို ပြန်မပြောတော့ဘူး။ ပေတရုကို သူ့နာမည်ရင်း ယောန၏သား ရှိမုန်လို့ ဟိုးအရင် အတိုင်း ပြန်ခေါ်တယ်။ သခင်ယေရှုက သင့်ကို ငါ့ကို ချစ်သလား လို့ မေးမယ်ဆိုပါစို့။ ငါ့ရဲ့ စကားတွေကို စောင့်ထိန်းပြီး ငါ့ရဲ့ဂတိတော်တွေကို အားကိုး ရဲ့လား။ ငါ့အနားကို ချဉ်းကပ်ဖို့ သဘောကျရဲ့လား။ မင်းရဲ့ အချိန်နာရီ၊ ခွန်အား၊ ပိုင်ဆိုင်မှုတွေ ငါ့အတွက် ပေးလှူပြီး ငါနဲ့အတူ ပူးပေါင်းဆောင်ရွက်ချင်သလား။ မင်း ငါ့ အကြောင်းကို အမြဲတမ်း တွေးသလား။ ငါနဲ့အတူ ရှိနေသလား။ အသက်တာအားဖြင့် ငါ့ကို ဘုန်းထင်ရှားစေသလား လို့ မေးနိုင်တယ်။
ဒီလူတွေထက် ငါ့ကို ပိုချစ်သလား လို့ မေးတယ်။ ပေတရုက မဖြေဘူး။ ပေတရုက မဟုတ်ဘူး သခင်၊ ကျွန်တော် မကောင်းဘူး၊ ကိုယ်တော့ကို ငြင်းပယ်ခဲ့တယ် လို့ မပြောခဲ့ဘူး။ ပေတရုက သူ့ကိုယ်သူ အထင်ကြီး နေတုန်းပါ။ အဖြေက ဟုတ်တယ်၊ ဒါပေမယ့် သူ့မေတ္တာဟာ မေတ္တာကို ဖေါ်ပြတဲ့ ဂရိစကား အသုံးအနှုန်းအရ အကန့်အသတ် ရှိတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ကနေ စီးထွက်တဲ့ ဘုရား မေတ္တာမျိုးနဲ့ ယုံကြည်စိတ်ချမှုရှိတဲ့ မေတ္တာမျိုး မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာမှာ အားနဲလို့ ပေတရုကို အပြစ်မတင်ဘူး။
မိတ်ဆွေတွေအပေါ် ဂရုစိုက်ရင်း သူ့ရဲ့ချစ်ခြင်းမေတ္တာ တည်မြဲဖို့သာ ပြောခြင်းဖြစ်တယ်။ ခပ်ကြွားကြွား ပြောတတ်တဲ့ တပည့်တော်ကို ယုံကြည်ခြင်း အားနည်းတဲ့သူတွေကို ပြုစုဖို့ ထပ်ပြောနေတယ်။ ဘုရားသခင်ရဲ့ သိုးသငယ်တော်ဟာ သူ့ကိုယ်ပိုင် သိုးလေးတွေကို ဝယ်ယူထားပြီ။ သိုးတော်စုကို လုပ်ကျွေးဖို့ သင် အသင့် ဖြစ်ပြီလား။ သူတို့ကို ထမ်းပိုးပြီး သည်းခံစွာ၊ စိတ်ရှည်စွာနဲ့ ပြုစုလုပ်ကျွေးမလား။ သူတို့ တည်ကြည်နိုင်မှာထက် သူတို့ကို ပိုမြှော်လင့်နိုင်မလား။ သူတို့ကို အုပ်စုကွဲစေပြီး သိုးတော်စုကို ပစ်ထားခဲ့မလား။ သခင်ယေရှုက ပေတရုကို ယုံကြည်ခြင်းမှာ နုငယ်သူတွေကို ဂရုစိုက်ဖို့ အဦးဆုံးမှာတယ်။
ယောဟန် ၂၁း ၁၆
၁၆ “တဖန် ယေရှုက ယောန၏သားရှိမုန် သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ် မေးတော်မူလျှင် ဟုတ်ပါ၏ သခင်၊ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော် ငါ၏သိုးတို့ကို ထိန်းလော့ ဟု မိန့်တော်မူ၏။”
သခင်ယေရှုက ပေတရုကို ချစ်တယ်ဆိုတဲ့ စကားကို ပေါ့ပေါ့လေး မဖြေဘူး မဟုတ်လား။ မင်းရဲ့ ချစ်ခြင်းဟာ လူ့ ချစ်ခြင်းမေတ္တာမို့ အားနဲတယ် မဟုတ်လား။ မင်းရဲ့ ချစ်ခြင်းဟာ စိတ်လှုပ်ရှားမှုပဲ မဟုတ်လား။ တကယ့် စိတ်ကောင်းစေတနာကောင်းအပေါ်မှာ အခြေခံရဲ့လားလို့ သခင်ယေရှုက ပေါ့ပေါ့လေး မပြောစေချင်ပုံ ရတယ်။ ဒီမေးခွန်းဟာ ပေတရုရဲ့ နှလုံးသားကို လှုပ်ရှားသွားစေပြီး နှိမ့်ချစွာနဲ့ “ကိုယ်တော် အားလုံးကို သိပါတယ်။ ကျွန်တော့ရဲ့ အားနည်းခြင်းတွေ အစွမ်းအစတွေကိုလည်း သိပါတယ်။ ကျွန်တော့ ချစ်ခြင်းဟာ ကိုယ်တော့်ရှေ့မှာ ဖွက်ထားလို့ မရဘူး။ ကိုယ်တော့ကို တကယ်ချစ်ပါတယ်။ အသက်ကိုလည်း ပေးဖို့အသင့်ပါပဲ။ ကျွန်တော် အားနဲခဲ့တယ် ထပ်လည်း အားနဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တော့်ချစ်ခြင်းမေတ္တာဟာ ကျွန်တော့် အပေါ်မှာ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်” လို့ ဖြေတယ်။ ပေတရု စကားကို သခင်ယေရှုက မငြင်းဘူး “ဒါပေမယ့် မင်း ငါ့ကို ချစ်ရင်၊ ငါ့ရဲ့အသင်းသူ အသင်းသားတွေကိုလည်း ချစ်ပါ။ သူတို့ကို သိုးထိန်းတယောက်အဖြစ် ဂရုစိုက်ရတာ မလွယ်ဘူး။ အများစုက နားမထောင်ဘူး။ လဲကျတယ်၊ ကိုယ့်လမ်း ကိုယ်သွားချင်ကြတယ်။ မင်းပုခုံးပေါ်မှာ ငါ့ သိုးတွေကို မင်း ထမ်းနိုင်ပါ့မလား။ ဒါမှမဟုတ် မောပမ်းနေမလား။ မင်းမှာ တာဝန်ရှိတယ်နော်” လို့ ပြောပါတယ်။
ယောဟန် ၂၁း ၁၇
၁၇ “ယေရှု ကလည်း ယောန၏သား ရှိမုန် သင်သည် ငါ့ကို ချစ်သလော ဟု တတိယအကြိမ် မေးတော်မူလျှင် သင်သည် ငါ့ကို ချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့် သခင် ကိုယ်တော်သည် ခပ်သိမ်းသော အရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော် သိတော် မူ၏ဟု လျှောက်သော် ယေရှုက ငါ့သိုးတို့ကို ကျွေးမွေးလော့။”
ပေတရုဟာ သခင်ဘုရားကို သုံးကြိမ်ငြင်းခဲ့တယ်။ ဒါကြောင့် သခင်ယေရှုကလည်း သူ့ရဲ့ စိတ်နှလုံး တံခါးကို သုံးကြိမ်ခေါက်ပြီး ချစ်ခြင်းမေတ္တာ စစ်မှန်ဖို့ စစ်ဆေးခဲ့တယ်။ ချစ်ခြင်းမေတ္တာဟာ သန့်ရှင်းသော ဝိညာဉ်တော်ထံက လာမှ စစ်မှန်တယ်။ ဒါကို ပေတရု သိရှိသွားပါပြီ။ ပင်တေကုတ္တေနေ့မှာ သန့်ရှင်းသော ဝိညာဉ်တော် သူ့အပေါ် မဆင်းမသက်မချင်း ပေတရုဟာ ဒီမေတ္တာမျိုး မရဘူး။ သူဟာ မေတ္တာကို တောင့်တနေတုန်းပဲ ရှိသေးတယ်။ လူတွေအပေါ်မှာ ထားတဲ့ မေတ္တာထက် ငါ့ကို ပိုထားနိုင်သလား။ လောကီသားတွေရဲ့ ကယ်တင်ခြင်းအတွက် မင်း အသက်ကိုလည်း စွန့်လွှတ်နိုင်သလား။ တတိယအကြိမ်မှာ ပေတရုဟာ ဝမ်းနည်းပြီး ရှက်သွားတယ်။
သခင်ဘုရား သူ့ စိတ်နှလုံးကို သိတယ်လို့ ပြောတယ်။ သုံးကြိမ် ငြင်းမယ်လို့ ပြောတာ မှန်တယ် ဆိုတာ ပေတရု ဝန်ခံပါတယ်။ ခရစ်တော်က အရာရာကို သိကျွမ်းတယ်။ ဒါကြောင့် ပေတရုဟာ ကိုယ်တော့်ကို မှန်သော ဘုရားသခင် လူသားရဲ့ အတွင်းပိုင်း စိတ်နှလုံးကို နားလည်သောသူ လို့ ခေါ်တာ ဖြစ်တယ်။ ပေတရုလုပ်ရမယ့် အလုပ်က သိုးတွေကို စောင့်ထိန်းတဲ့ သိုးထိန်းသင်းအုပ်အလုပ် ဖြစ်တယ်။ မိတ်ဆွေဟာ ဘုရားသခင်ရဲ့ သိုးတွေကို စောင့်ထိန်းရတဲ့ သိုးထိန်းသင်းအုပ် အလုပ်လား။ တောခွေးတွေ မကောင်းတဲ့စိတ် ဝိညာဉ်တွေ ချဉ်းကပ် လာတာကို မြင်ရဲ့လား။ အားလုံးဟာ အပြစ်သား ဖြစ်တယ်။ ဘုရားသခင်ရဲ့ လူတွေအပေါ်မှာ သိုးထိန်းသဖွယ် ထိန်းအုပ်ဖို့ မထိုက်တန်ဘူး။ ကားတိုင်တရားကြောင့်သာ လုပ်ဆောင်ရတယ်လို့ သတိရပါ။ သိုးထိန်းတွေဟာ သိုးတွေထက် ပိုပြီး နေ့စဉ် ခွင့်လွှတ်တတ်သူ ဖြစ်ဖို့လိုတာ သံသယ မရှိနိုင်ဘူး။ သိုးထိန်းတွေဟာ မကြာခဏ ကိုယ့်တာဝန်ကို ပျက်ကွက်လေ့ရှိတယ်။
ဆုတောင်း သိုးထိန်းကြီးဖြစ်တော်မူသော သခင်ယေရှုဘုရား ကျွန်ုပ်ကို သိုးထိန်းတယောက်အဖြစ် ခေါ်ပါ၏။ မထိုက်တန်ပါ။ ကိုယ်တော့် နောက်သို့ လိုက်ပါ၏။ ကိုယ်တော့် ချစ်ခြင်းမေတ္တာကို ခံစားရသော သိုးတကောင်အဖြစ် ကိုယ်တော် သတ်မှတ်ပါ၏။ ကိုယ်တော်နှင့် နီးစေလျက် တခြားသူများကို ထာဝရအသက်ရစေဖို့ ကိုယ်တော့်လက်ကို အမြဲတွဲနေစေပါ။ ဘယ်သူမှ မခွဲခွါပါစေနှင့်။ အသက်တာ သန့်ရှင်းစေ၍ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ ယုံကြည်ခြင်း၊ ကိုးစားခြင်း၊ မျှော်လင့်ခြင်းတို့ကို တည်မြဲစေပါ။ ကိုယ်တော်က စွန့်ပစ်တော်မမူဘဲ အဆုံးတိုင်အောင် ချစ်တော်မူပါ၏။
မေးခွန်း ၁၃၁
- သခင် ယေရှုနဲ့ ပေတရုရဲ့ ပြောစကားတွေမှာ သင့်ကို စိတ်နှလုံး ထိတွေ့စေတဲ့ စကားရှိသလား။