Previous Lesson -- Next Lesson
c) သခင်ယေရှုက အနာငြိမ်းစေသူ၊ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကြောင်း ဖေါ်ပြတယ်။ (ယောဟန် ၉း ၃၅- ၄၁)
ယောဟန် ၉း ၃၅- ၃၈
၃၅ “နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။ ၃၆ သခင် အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေးလျှောက်သော်၊ ၃၇ ယေရှုက သင်သည် ထိုသူကို မြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခုစကားပြောသောသူသည် ဘုရားသခင်၏ သားတော်ဖြစ်၏ ဟု မိန့်တော်မူလျှင်၊ ၃၈ သခင် အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွှတ်ပျပ်ကိုးကွယ်လေ၏။”
ဒီဖြစ်ရပ်ကို ဖတ်ကြည့်ပါ။ မျက်စိပြန်မြင်သူကို အသိုင်းအဝိုင်းမှ နှင်ထုတ်ကြောင်း သခင်ယေရှု ကြားရတယ်။ အခက်အခဲကြုံနေချိန်မှာ သခင်ယေရှု သူ့ကိုရှာပြီး လာတွေ့တယ်။ ဒါဟာ ယုံကြည်သူတိုင်းအတွက် စိတ်သက်သာစရာဖြစ်တယ်။ မိသားစုနဲ့ မိတ်ဆွေတွေက ခရစ်တော်ကြောင့် ကိုယ့်ကိုစွန့်ပယ်တဲ့အခါမှာ အားယူစရာ ဖြစ်တယ်။ ဒီလိုအဖြစ်အပျက်မျိုး ကြုံနေရချိန်မှာ ကိုယ်ရဲ့အော်ဟစ်သံကို သခင်ယေရှုကြားပြီးတော့ ကိုယ့်ကို လာတွေ့တယ်။ ပစ်မထားဘူးဆိုတာ စိတ်ချပါ။ လူတွေကို မကြည့်နဲ့ စိတ်ပျက်သွားမယ်။ သခင်ယေရှု တပါးတည်းကိုသာ ကြည့်ပါ။ လောကပေါ်မှာရောတခြားမှာရော တခြားမျှော်လင့်စရာမရှိဘူး။ သခင်ယေရှု တပါးတည်းသာ သင့်ကိုချစ်သောသူ ဖြစ်တယ်။
သခင်ယေရှုက သူ့ကို မေးခွန်းထုတ်တယ်။ “ဘုရားသခင်ရဲ့သားတော်ကို ယုံသလား။” ဒီမေးခွန်းအရ ဒီလူငယ်ဟာ ဓမ္မဟောင်းကျမ်းကိုရင်းနှီးတယ်ဆိုတာ ရိပ်မိနိုင်တယ်။ လူသားဆိုတဲ့ အသုံးအနှုန်းကို ဒံယေလ ၇း ၁၃- ၁၄ မှာတွေ့ပြီးတော့ လူသားဟာ ကမ္ဘာကြီးကိုတရားစီရင်မယ့် ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်။ သခင်ယေရှုက ဒီလူငယ်ဟာ ဘုရားသားတော်အပေါ်မှာ ဘယ်လိုသဘောထားမလဲ မေးလာတယ်။ သခင်ယေရှုဟာ လူသာမန် မဟုတ်ဘူးဆိုတာ သူသိပြီးသား ဖြစ်တယ်။ ဘုရားသခင်ရဲ့ သားတော်အကြောင်း ပိုသိချင်တယ်လို့ ပြောလာတယ်။ လူသာမန်တယောက်ကို မကိုးကွယ်ချင်ဘူး။ ကိုးကွယ်ရင် ရုပ်တုကိုးကွယ်သလို ဖြစ်သွားနိုင်တယ်။
ဒီအချိန်မှာ သခင်ယေရှု ဖြေတယ်။ “မင်းသူ့ကို ယုံကြည်ခြင်းအားဖြင့် မြင်ခဲ့ပြီ။ အဲဒီလူက ငါပဲ။ ဘုရားသခင်ရဲ့ သားတော် မင်းကို စကားပြောနေတာ” လို့ ဖြေတယ်။ ဒီလူငယ်ဟာ ချက်ချင်းပဲ သခင်ယေရှုထံ အသက်တာ ဆက်ကပ်အပ်နှံလိုက်တယ်။ ဦးညွှတ်ပြက်ဝပ်ပြီးမှ “ကိုယ်တော် .. ကျွန်တော် …. ကိုယ်တော့ရဲ့လူပါ။ ကိုယ်တော်ဟာ ကျွန်တော်ရဲ့ ဘုရင်ဖြစ်တယ်။ သခင်ဖြစ်တယ်။ တသက်လုံး ကိုယ်တော်အတွက် အသက်ရှင်မယ်” လို့ ပြောတယ်။ မိတ်ဆွေ … သင်လည်း ဘုရားရဲ့သားတော် သခင်ယေရှုအပေါ်မှာ ဘယ်လိုသဘောထားလဲ။ ယုံကြည်သူ ဖြစ်ပြီလား။ အသစ်မွေးဖွားတဲ့ အစေခံကျွန်လို ကိုးကွယ်ပါရဲ့လား။
ယောဟန် ၉း ၃၉ -၄၁
၃၉ “ထိုအခါ ယေရှုကလည်း မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေခြင်းငှါ၎င်း ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟုမိန့်တော်မူ၏။ ၄၀ အထံတော်၌ရှိသော ဖါရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။ ၄၁ ယေရှုကလည်း သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ်တည်သည်ဟု မိန့်တော်မူ၏။”
လူငယ်က ပြပ်ဝပ်ကိုးကွယ်တဲ့အခါ ယေရှုက မတားဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ပြပ်ဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူ ဖြစ်တယ်။ မာနကြီးတဲ့သူတွေကို တနေ့မှာ တရားစီရင်မယ် လို့ ပြောလိုက်တယ်။ ဘာသာတရား ကိုင်းရှိုင်းတဲ့သူတွေကတော့ သူတို့ဟာ တတ်သိ နားလည်ဟန်ဆောင်ကြတယ်။ တကယ်တော့ ဘာမှမသိဘူး။ မျက်စိကန်းတဲ့သူနဲ့ လူဆိုးတွေကတော့ နားလည်ကြတယ်။ နောင်တရတယ်။ ဘုရားသခင်ရဲ့ အပြစ် ဆေးကြောခြင်းကို ခံကြရတယ်။ နောင်တမရလို့ သခင်ယေရှုက တရားစီရင်တာမဟုတ်ဘူး။ ကယ်တင်ခြင်းကို ငြင်းပယ်လို့သာ ကိုယ်ကိုကိုယ် အပြစ်ပေးရာ ရောက်နေတယ်။ ပရောဖက်တွေနဲ့ ကျမ်းစာချက်တွေအားဖြင့် အလင်းတရားကို အတော်အတန် ခံယူနားလည်ပြီး ဖြစ်တယ်။ ဒါပေမယ့် သခင်ယေရှုရဲ့ ဟောပြောချက်ကို ဆန့်ကျင်ကြတဲ့အခါ နောက်ထပ်ဆက်သိဖို့ ခက်သွားတယ်။ သူတို့ကန်းတယ်၊ ခေါင်းမာတယ်။ ရန်လိုစိတ် ကြီးမားတယ်။ သခင်ယေရှုကြွလာပြီး ဟောပြောခြင်းမှာ အကျိုးဆက်နှစ်ခုရှိတယ်။ ကယ်တင်ခြင်းနဲ့ ပျက်စီးခြင်း။ ကောင်းကြီးမင်္ဂလာနဲ့ ကျိန်ခြင်း … နှစ်ခုရှိတယ်။ သင့်အတွက်က ဘာဖြစ်မလဲ။
တရားစကားကိုကြားရတဲ့ ပရိတ်သတ်ထဲမှာ ဖါရိရှဲတွေက သခင်ယေရှု သူတို့ကို တိုက်ရိုက်ကြီး ပြောနေတယ်လို့ ခံစားကြတယ်။ “ငါတို့က ကန်းလို့လား” လို့ မေးလာတယ်။ သူတို့ရဲ့လျှို့ဝှက်တဲ့စိတ်ကို သခင်ယေရှု ထောက်ပြတယ်။ “မင်းတို့ ကန်းမှန်းနားလည်ရင် နှစ်ခြင်းဆရာယောဟန်လက်ထက် မတိုင်ခင်ကတည်းက မင်းတို့ နောင်တရမှာပေါ့။ အပြစ်တွေ စွန့်ပစ်ကြမှာပေါ့။ ခွင့်လွှတ်ခြင်းနဲ့ ကောင်းကြီးကို ခံယူကြမှာပေါ့။ ဒါပေမယ့် မင်းတို့က ကိုယ့်ကိုကိုယ် လမ်းလွဲစေတယ်။ ပြီးပြည့်စုံအောင် ကောင်းမွန်တယ်လို့ ကိုယ့်ကိုကိုယ် ဟစ်ကြွေးနေကြတယ်။ ဒါဟာ မင်းတို့ကြွားတာပဲ။ ကိုယ်ကန်းကြောင်း ခေါင်းမာကြောင်းကို ပြတာ ဖြစ်တယ်။ လောကရဲ့အလင်းထဲမှာ အလင်းတရားကို တစက်ကလေးမှရမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ဟာ လူ့ဇာတိခံတဲ့ဘုရားသားဖြစ်တယ်။ ကိုယ်တော်ကို ပြက်ဝပ်ကိုးကွယ်ပြီး အသက်တာအတွက် ဆက်ကပ်အပ်နှံတယ်။ ကိုယ်တော်ထံမှ အစွမ်းအစနဲ့ စည်းစိမ်ကိုလည်း ရရှိပါတယ်။ ကျွန်တော်တို့စိတ်နှလုံးမှအပြစ်များကို ဆေးကြောသန့်ရှင်းစေပါ။ အပြစ်ကြောင့်သာ ကိုယ်တော်နဲ့ ဝေးကွာသွားတတ်ပါတယ်။
မေးခွန်း ၆၉
- သခင်ယေရှုရှေ့မှာ ပြပ်ဝပ်ခြင်းဟာ ဘာထူးခြားမှုကို ပြသလဲ။