Previous Lesson -- Next Lesson
1. သခင်ယေရှုကို ဗေသနိရွာမှာ ဘိသိက်ပေးခဲ့တယ်။ (ယောဟန် ၁၁း ၅၅ - ၁၂း ၈)
ယောဟန် ၁၁း ၅၅ - ၅၇
၅၅ “ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကို သန့်ရှင်းစေခြင်းငှါ ပွဲမခံမှီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။ ၅၆ ထိုသူတို့သည် ယေရှုကိုရှာဖွေ၍ အချင်းတို့ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာသလောဟု ဗိမ္မာန်တော်၌ ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။ ၅၇ ထိုအခါ အဘယ်သူသည် ယေရှုရှိရာအရပ်ကို သိလျှင် သူ့ကို ဖမ်းဆီးစေခြင်းငှါ ပြညွှန်ရမည်ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖါရိရှဲတို့သည် မှာခဲ့ကြပြီ။
ပသခါပွဲဟာ ဓမ္မဟောင်း ပွဲတော်တွေကြားထဲမှာ အဓိကပွဲတပွဲဖြစ်ပြီး အီဂျစ်ပြည် ဘေးဒဏ်ကြားမှာ ဟေဗြဲ လူမျိုးတွေကို လွှတ်ခြင်းအထိမ်းအမှတ်နဲ့ ပွဲတပွဲ ဖြစ်တယ်။ ပွဲတော်ရဲ့အတွင်းမှာ သိုးသူငယ်ကို ပြင်ဆင်ကြတယ်။ လူတွေ အသေခံထိုက်ပေမယ့် ယုံကြည်ခြင်းက ကယ်တင်တယ်။
ဂျူးလူမျိုးတွေဟာ ယေရုရှလင်ကို နှစ်စဉ်နှစ်တိုင်း သွားရောက်လည်ပတ်ကြပြီး ဘုရားသခင် အမျက်တော်မှ ကွယ်ကာခြင်းအတွက် ကျေးဇူးတော် ချီးမွမ်းကြတယ်။ အဲဒီမှာ သိုးသူငယ်တွေကို သတ်ပြီး သိုးသားစားကြတယ်။ ပွဲရက်မတိုင်မီသွားပြီး သူတို့အပြစ်အတွက် နောင်တရ ဆေးကြောပြီးမှ ပသခါပွဲကို စားကြတယ်။ လူသေအလောင်း ကိုင်မိသူရှိရင် ဗိမ္မာန်တော်ထဲကို ၇ ရက်ပတ်လုံး ဝင်ခွင့်မရဘဲ ဆေးကြောသန့်စင်မှုတွေ လုပ်ရတယ်။ (တောလည်ရာ ၁၉း ၁၁)
ပွဲနေ့ကာလမှာ ဗိမ္မာန်တော်လာသူတွေက နာဇရက်မြို့သား သခင်ယေရှုအကြောင်း မေးကြတယ်။ သူမလာဘူးလား သူ့ကိုမမြင်ပါ့လားလို့ မေးကြတယ်။ ဘာသာရးလွှတ်တော်က သူ့ကို သေဒဏ်ပေးထားတယ်ဆိုတာ အားလုံး သိကြတယ်။ သခင်ယေရှုရှိတဲ့ အရပ်ကိုသိရင် သတင်းပို့ရမယ်လို့ သူလျှိုတွေ လွှတ်ထားတယ်။ သေခြင်းတရားဟာ သခင်ယေရှုနဲ့ နီးလာတယ်။
ယောဟန် ၁၂း ၁- ၃
၁ “ပသခါပွဲခံချိန် ခြောက်ရက်လိုသောအခါ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ် ဗေသနိရွာသို့ ယေရှုသည် ရောက်တော်မူ၏။ ၂ ထိုကြောင့် ထိုသူတို့သည် ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့အဝင် ဖြစ်၏။ ၃ ထိုအခါ မာရိသည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့် ထိုဆီ၏အမွှေးသည် တအိမ်လုံးကိုနှံ့ပြား၏။”
သခင်ယေရှုက ရန်သူတွေကိုမကြာက်ဘဲ ယေရုရှလင်ကို ခမည်းတော်အလိုတော်အတိုင်း သွားမြဲ သွားတယ်။ ပြဿနာကို ရှောင်ကွင်းဖို့ မကြိုးစားဘဲ ပွဲနေ့မတိုင်ခင် တပတ်အလိုမှာ ယေရုရှလင်ကို ပြန်လာတယ်။ ယေရုရှလင်နဲ့ သုံးကီလိုမိတာကွာတဲ့ ဗေသနိရွာကို ဖြတ်ရတယ်။ အဲဒီအရပ်မှာ လူသေကို ရှင်ပြန်ထမြောက်စေတဲ့ တန်ခိုးပြခဲ့တဲ့ အိမ်မှာ တည်းတယ်။
လာဇရုက စားနိုင်၊ သောက်နိုင်၊ သွားနိုင်၊ လာနိုင် ဖြစ်နေပြီ။ လူတွေ သူ့ကို မြင်တယ်။ သူသေတာကို သိတဲ့အတွက်လည်း ကြောက်ရွံ့ကြတယ်။ မာရိ မာသနဲ့ လာဇရုတို့ဟာ ဘုရားသခင့် ဘုန်းတော်ကို ကိုယ်တိုင် တွေ့ကြုံခံစားရပြီး လွှတ်တော်ရဲ့ တဘက်မှာ ဘုရားသခင်ရဲ့ သက်သေခံတွေ ဖြစ်လာတယ်။ သခင်ယေရှုနဲ့ တပည့်တော်တွေကို ကြိုဆိုပြီး စားသောက်ပွဲကြီး ကျင်းပပေးတယ်။ လာဇရုဟာ သခင်ယေရှုရဲ့မိတ်ဆွေ ဖြစ်တယ်။ သူ့ကို အသက်ပြန်ရှင်စေခဲ့တဲ့ သခင်ယေရှုဘေးမှာထိုင်ခဲ့တယ်။ ဒီမြင်ကွင်းဟာ ကောင်းကင်နဲ့ တူနေတယ်။ ဘုရားသခင်က အဝေးကြီးမှာမနေပဲ ကျွန်တော်တို့နဲ့အတူ ကောင်းကင် ဘုန်းအသရေမှာ အတူထိုင်မှာ ဖြစ်တယ်။
မာသက အိမ်ရှင်မကောင်းတယောက်ဖြစ်ပြီးသေခြင်းတရားကို အောင်မြင်တဲ့သခင်ယေရှုဟာ စစ်မှန်တဲ့ မေရှိယဖြစ်ကြောင်း သူသိတယ်။ ဒါကြောင့် သူစိတ်စေတနာထားပြီး ဧည့်ခံတယ်။
မာရိကတော့ သခင်ယေရှုကို ဂုဏ်ပြုဖို့အတွက် အလွန် အဖိုးထိုက်တဲ့ ဆီမွှေးကို ယူလာတယ်။ ဆီမွှေးရဲ့ တန်ဖိုးဟာ နှစ်တပတ်လုံး နီးပါးလုပ်တဲ့ လုပ်ခနဲ့ ညီတယ်။ သခင်ယေရှုကို တန်ဖိုးထားတော့ ဒီအရာကို ပေးလှူချင်တယ်။ ဒါပေမယ့် သခင်ယေရှုဦးခေါင်းကို လိမ်းကျံဖို့ မထိုက်တန်ဖူးလို့ တွေးတဲ့အတွက် ခြေတော်ကိုသာ သုတ်လိမ်းခဲ့တယ်။ ချစ်ခြင်းမေတ္တာဆိုတာဟာ တခြားအရာမဟုတ်ဘူး။ စွန့်လွှတ်ဆက်ကပ်ခြင်းသာ ဖြစ်တယ်။ ဒီ့နောက်မှာ ခြေတော်ကို သူ့ဆံပင်နဲ့ သုတ်လိမ်းခဲ့တယ်။ ဒီချစ်ခြင်းမေတ္တာဟာ သန့်ရှင်းတယ်။ တအိမ်လုံးကို မွှေးကြိုင်သွားစေတယ်။ မာရိရဲ့ပေးလှူပူဇော်မှုရနံ့ဟာ အနားမှာရှိတဲ့ သူတွေအားလုံးထံ ပျံ့နှံ့သွားတယ်။
ယောဟန် ၁၂း ၄- ၆
၎ “တပည့်တော်အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံ့မည့်သူ ရှိမုန်၏သား ယုဒရှကာရုတ်က ၅ ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့် ရောင်း၍ ဆင်းရဲသောသူတို့အား အဘယ်ကြောင့် မပေးသနည်းဟုဆို၏။ ၆ ထိုသို့ဆိုသော် ဆင်းရဲသောသူတို့အကျိုးကိုထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက် တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။”
ယုဒက သခင်ယေရှုထက် ငွေကိုပိုချစ်တယ်။ ယုံကြည်ခြင်းထက် လောကအရာပို မြတ်နိုးတယ်။ ဒါကြောင့် မာရိရဲ့အလှူကို ငွေကြေးနဲ့ဆုံးဖြတ်တယ်။ ဝိညာဉ်ရေးကိုသတိမထားဘူး။ မာရိရဲ့ လေးစားကြည်ညိုမှု၊ ကျေးဇူး ချီးမွမ်းမှု၊ ဆက်ကပ်အပ်နှံမှုကို သူနားမလည်ဘူး။ ငွေကို ချစ်တဲ့သူဟာ နတ်ဆိုးအပေါင်းအသင်း ဖြစ်လာတယ်။ သခင်ယေရှုကို မုန်းပေမယ့် ဆင်းရဲသားတွေကို ချစ်ဟန်ပြတယ်။ တကယ်တော့ ဆင်းရဲသားတွေကို စာနာသူမဟုတ်။ ပေးကမ်းကူညီသူမဟုတ် ပိုက်ဆံမက်သူသာ ဖြစ်တယ်။ ဆင်းရဲသားတွေကို ကူညီတဲ့ လူမှုရေးဆိုတာ သူပိုက်ဆံခိုးတာကို အကွယ်အကာ ယူခြင်းဖြစ်တယ်။ ဆင်းရဲသားကို ပေးတာထက် အိတ်ကပ်ထဲ ထည့်တာ ပိုများတယ်။ သေးငယ်တဲ့အရာမှာပင် သစ္စာမရှိ၊ အတွေးထဲမှာရော လက်တွေ့ဘဝထဲမှာရော ခိုးနေသူဖြစ်တယ်။
ဒီဘဏ္ဍာထိန်းရဲ့ စာရင်းတွေကို သခင်ယေရှု မစစ်ဘူး။ သစ္စာမရှိတာ ပိုက်ဆံခိုးတာကို သိထားတယ်။ ယုဒဟာ လုယူတတ်တဲ့ ဓါးပြ။ ကိုယ့်ကိုကိုယ်ချစ်တဲ့သူ။ ချမ်းသာချင်သူ။ ငွေရရင် ဘာမဆို လုပ်ချင်သူသာ ဖြစ်တယ်။ ဘုရားသခင်နဲ့ ငွေကို တပြိုင်တည်း ကိုးကွယ်လို့ မရဘူး။ တယောက်ကို ချစ်ပြီး တယောက်ကို မုန်းမယ်။ ကိုယ့်ကိုကိုယ် မလှည့်စားပါနှင့်။ ဘုရားကို ဦးထိပ်ထားမလား လောကသာယာမှုကို ရှာမလား။
ယောဟန် ၁၂း ၇- ၈
၇ “ယေရှုသည်လည်း ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကို သင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သော နေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။ ၈ ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား အစဉ်ရှိသည် မဟုတ်ဟု မိန့်တော်မူ၏။”
ဘုရားသခင်က အများကြီး မတောင်းဆိုဘူး။ ဆီမွှေးတွေ သွန်းလောင်းဖို့လည်း မပြောပါဘူး။ အနီးနားမှာ ဆင်းရဲသားတွေ အများကြီးရှိတာကိုတော့ မြင်စေချင်တယ်။ နိုင်ငံရေးသမား၊ ဘာသာရေးသမားနဲ့ အတွေးအခေါ် ပညာရှင်တွေက ဆင်းရဲသားဆိုတာ အမြဲတမ်းရှိမယ်ဆိုတဲ့ စကားကို မငြင်းနိုင်ပါဘူး။ လူက အတ္တကြီးတယ်။ ချစ်ခြင်းမေတ္တာ နည်းပါးတယ်။ ဝိညာဉ်ရေးရာမှာ socialism လုပ်လို့မရဘူး။ လူတိုင်း လူတိုင်းကိုလည်း စည်းစိမ်ဥစ္စာ အညီအမျှပေးလို့ မရဘူး။ နေရာတိုင်းမှာ ဒုက္ခရောက်တဲ့သူ၊ အပစ်ပယ်ခံရသူ၊ အထီးကျန်နေတဲ့သူ ရှိပါတယ်။ မြို့တိုင်း ရွာတိုင်းမှာ ဆင်းရဲသားရှိတယ်။ သူတို့ကို သခင်ယေရှု မျက်နှာ ထောက်ထားပြီး ကြည့်ဖို့လိုတယ်။
လူ့စိတ်နှလုံးဟာ ခပ်ပေါ့ပေါ့နေပြီး အေးခဲတတ်တာ သခင်ယေရှု သိတယ်။ လူတွေအတွက် ချစ်တဲ့စိတ်နဲ့ အသေခံဖို့ ကြွလာတယ်။ သခင်ယေရှုကို သင်္ဂြိုဟ်ဖို့နဲ့ ခြေတော်ကို ဆီမွှေးနဲ့ သုတ်လိမ်းဖို့ မာရိကို သန့်ရှင်းသာ ဝိညာဉ်တော်က ခိုင်းစေတာကို ကိုယ်တော်သိတယ်။ ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့အခါ သန့်ရှင်းသော ဝိညာဉ်တော်က မမျှော်လင့်တဲ့ အံ့ဩဖွယ်ရာတွေ ပြုလုပ်စေတယ်။ မာရိဟာ ဘုရားသခင်ရဲ့ သားတော်ဘုရား ကိုယ်တိုင် အိမ်မှာ ဧည့်သည်အဖြစ် ကြွလာတာကို ဘုန်းထင်ရှားစေသူ၊ ဂုဏ်ပြုသူ ဖြစ်တယ်။ ဒါက ဝိညာဉ်တော်က သူ့ကို ဦးဆောင်လို့သာ လုပ်နိုင်တယ်။ ခရစ်တော်က လောကအပြစ်သားတွကို ဘုရားသခင်ရဲ့ ကျေးဇူးတော် ကောင်းမြတ်ခြင်းနဲ့ မိတ်ဆက်ပေးပြီး ရန်ငြိမ်းဖို့ စတင်ခဲ့တယ်။
ဆုတောင်း သခင်ယရှုဘုရား လာဇရုကို အသက်ရှင်ပြန်စေတဲ့အတွက် ကိုယ်တော့ကို ချစ်ပါတယ်။ သင်္ချိုင်းဂူလည်း ကြောက်စရာမလိုတော့ပါ။ ကိုယ်တော့ကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံအမှုတော်ဆောင်ဖို့ သွန်သင်ပေးတော်မူပါ။ မိုက်မဲမှု လျှို့ဝှက်မှု ခိုးယူမှု မုန်းတီးမှုများနဲ့ ကင်းလွတ်စေပါ။ ကိုယ်တော့ ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝစေပြီး ကျေးဇူးတော်ချီးမွမ်းလျက် ဆက်ကပ်အပ်နှံသော လမ်းကို ဦးဆောင်ပေးတော်မူပါ။
မေးခွန်း ၈၀
- မာရိရဲ့ ဆီမွှေးဘိသိက်လိမ်းခြင်းကို သခင်ယေရှု ဘာကြောင့်လက်ခံခဲ့သလဲ။