Previous Lesson -- Next Lesson
a) ဥပုသ်နေ့၌ အနာငြိမ်းခြင်း (ယောဟန် ၉း ၁- ၁၂)
ယောဟန် ၉း ၁- ၅
၁ “လမ်း၌သွားတော်မူစဉ် အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်တော်မူ၏။ ၂ တပည့်တ်ာတို့က အရှင်ဘုရား ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော၊ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။ ၃ ယေရှုကလည်း ကိုယ်အပြစ်ကြောင့်မဟုတ် မိဘအပြစ်ကြောင့်လည်းမဟုတ်၊ ဘုရားသခင်၏အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။ ၄ ငါ့ကိုစေလွှတ်တောာ်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သောအချိန် တည်းဟူသော ညအချိန်လာသေး၏။ ၅ ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်ဟု မိန့်တော်မူပြီးလျှင်”
သခင်ယေရှုက ရန်သူတွေလက်ထဲက ချက်ချင်းကြီးထွက်သွားတာမဟုတ်ဘဲ သူ့ကို ခဲနဲ့ပေါက်ဖို့ ကြံစည်နေချိန်မှာ ဒုက္ခကြုံနေတာကို တွေ့ရတယ်။ သို့သော် ဒုက္ခရောက်နေတဲ့သူ တယောက်ကိုလည်း သတိထားမိတယ်။ ခရစ်တော်ဟာ ခွင့်လွှတ်သူ သစ္စာရှိသူ ကောင်းကြီးပေးသူလည်းဖြစ်တယ်။ တပည့်တော်တွေက မျက်ကန်းတယောက်ကို မြင်တယ်။ ဒါပေမဲ့ ဒီလူဟာ အရင်က သူလုပ်ခဲ့တဲ့အပြစ်ကြောင့်လား။ တခြားသူတွေရဲ့ အပြစ်ကြောင့် သို့မဟုတ် ဘုရားသခင် အပြစ်ပေးတာလားလို့ မေးကြတယ်။ ဒီလူဒုက္ခိတဖြစ်ရခြင်းအကြောင်းကို သခင်ယေရှု မပြောဘူး။ သူ့မိဘကြောင့်လည်းမဟုတ်၊ သူကိုယ်တိုင်ကြောင့်လည်းမဟုတ်၊ သူ့ရဲ့ဒုက္ခဟာ ဘုရားသခင်ရဲ့ အမှုတော်ကို မြင်သာစေမယ့်အကြောင်းသာ ဖြစ်မယ်လို့ ဆိုတယ်။ တပည့်တော်တွေအနေနဲ့ မျက်စိမမြင်၊ ကန်းတဲ့သူကို အပြစ်တင်စွပ်စွဲဖို့မဟုတ်ဘူး။ ဘာကြောင့်ကန်းရလဲ မေးမြန်းဖို့လည်း မဟုတ်ဘူး။ ရှေ့ဆက်ပြီးတော့ ဘုရားသခင်ရဲ့အလိုတော်ဖြစ်တဲ့ ကယ်တင်ခြင်းနဲ့ အနာငြိမ်းခြင်းကို ပြဖို့သာဖြစ်တယ်။
“ငါ အလုပ်လုပ်ရမယ်” လို့ ဆိုတယ်။ သခင်ယေရှုက တရားစီရင်ဖို့ (သို့) ဖျက်ဆီးဖို့လာတာ မဟုတ်ဘူး။ မေတ္တာပြပြီး အနာငြိမ်းစေဖို့ လာတာဖြစ်တယ်။ ဒါကြောင့် ရွေးနှုတ်ခြင်းနဲ့ဆိုင်တဲ့ မေတ္တာတရားကိုသာ ပြတယ်။ လူတွေကို ကယ်တင်ပြီး ဘုရားသခင်ရဲ့အသက်ကို ပေးသူသာ ဖြစ်တယ်။
သခင်ယေရှုက “ငါ့နာမ၌ ငါအလုပ်လုပ်တာမဟုတ်ဘူး။ ငါ့ခွန်အားနဲ့လည်း မဟုတ်ဘူး။ ခမည်းတော်ရဲ့ အလုပ်ကို ခမည်းတော်ရဲ့နာမ၌ ခမည်းတော်နဲ့အတူ လုပ်တယ်” လို့ ဆိုတယ်။ သူ့အလုပ်ဟာ ဘုရားသခင်ရဲ့ အလုပ်ပါ။
သခင်ယေရှုရဲ့အချိန်ဟာ တိုတောင်းပြီး သေရချိန်နီးပြီဆိုတာ သိတယ်။ ဒါပေမယ့် ဒီမျက်စိကန်းတဲ့ သူကို ပြန်မြင်စေဖို့ အချိန်ယူတယ်။ မျက်စိကန်းတဲ့သူကို ပြန်မြင်စေသူဟာ လောကီသားတို့ရဲ့ အလင်းဖြစ်တယ်။ ဘယ်သူမှ အလုပ်လုပ်လို့မရတဲ့ အချိန်ကာလလည်း ရောက်လာတတ်တယ်။ နေ့အချိန်မှာ ကိုယ်လုပ်စရာရှိတာ လုပ်ရတယ်။ အမှောင်တွေ ကျရောက်လာတဲ့အခါမှာ လောကမှာ မြှော်လင့်ခြင်း မရှိတော့ဘူး။ ခရစ်တော်ပြန်ကြွလာဖို့ပဲ တောင့်တစရာရှိတော့တယ်။ ခရစ်တော်ကြွလာဖို့ကိုတော့ ဘယ်သူပြင်ဆင်မလဲ။
ယောဟန် ၉း ၆- ၇
၆ “မြေပေါ်မှာထွေး၍ တံတွေးနှင့် ရွှံ့လုပ်ပြီးမှ ကန်းသောသူ၏မျက်စိကို ရွှံ့နှင့်လူး၍ ၇ “သင်သွားလော့၊ ရှိလောင်ရေကန်၌ မျက်စိကို ဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ မျက်စိမြင်လျက်ပြန်လေ၏။”
အရင်ကနိမိတ်လက္ခဏာပြုတဲ့အခါမှာ စကားတော်အားဖြင့်သာ ပြုခဲ့တယ်။ ဒါပေမယ့် ဒီမျက်စိကန်းတဲ့ လူကို မြေပေါ်မှာ တံတွေးထွေးတယ်။ ရွှံ့နဲ့လူးပြီးတော့ မျက်စိကန်းတဲ့လူရဲ့ မျက်စိထဲမှာ အုံပေးလိုက်တယ်။ မျက်စိကန်းတဲ့ လူဟာ သခင်ယေရှုထံမှ တခုခုရတယ်လို့ ခံစားရစေချင်တယ်။ သခင်ယေရှုဟာ အကောင်းဆုံး အပြုအမူအားဖြင့် သူ့ကို မျက်စိပြန်မြင်စေခဲ့တယ်။
ထူးဆန်းတာက သူ့မျက်စိဟာ ချက်ချင်းမြင်မသွားဘူး။ လွင်ပြင်တလျှောက်မှာ လမ်းလျှောက်ရတယ်။ ရှိလောင်ကန်ရောက်မှ သူမျက်စိဆေးရတယ်။ ရှိလောင်ကန်ဆိုတာက စေလွှတ်တော်မူသော သူလို့ ဆိုလိုတယ်။ အဓိပ္ပါယ်ကတော့ သူ့လူမျိုးတော်တွေထံ စေလွှတ်တယ်လို့ ဆိုလိုတယ်။ အပြစ်ထဲမှာ ဒုစရိုက်မှာ မျက်စိကန်းတဲ့ သူတွေဟာလည်း ခရစ်တော်ရဲ့မစခြင်း ကယ်တင်ခြင်းကြောင့် ပြန်မြင်လာဖို့ လိုတယ်။
မျက်စိကန်းတဲ့သူဟာ ခရစ်တော်ရဲ့ဂတိနဲ့ ချက်ချင်းစိတ်ချခြင်းကို ခံစားရတယ်။ သူ ချက်ချင်း နားထောင်ပြီးတော့ ခရစ်တော်ခိုင်းတဲ့အတိုင်း လုပ်တယ်။ သွားပြီး မျက်စိဆေးတဲ့အခါ မျက်စိပြန်မြင်တယ်။ လူတွကို မြင်တယ်။ လူတွေ ရေတွေ အလင်းတွေနဲ့ သူ့လက်သူ မြင်တယ်၊ မိုးကောင်းကင်ကို မြင်တယ်။ ဒါတွေအားလုံးဟာ အံ့အားသင့်စရာ ကောင်းတယ်။ သူ့အသံဟာ ဟာလေလုယာဆိုပြီး ဘုရားသခင်ကို ချီးမွမ်းတယ်။
ယောဟန် ၉း ၈- ၁၂
၈ “သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဖူးသောသူတို့က၊ ဤသူသည်ထိုင်၍ တောင်းသောသူ မဟုတ်လောဟုဆိုကြ၏။ ၉ လူအချို့က ဟုတ်ကဲ့ဟု ဆိုကြ၏။ အချို့ကလည်း ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။ ၁၀ သူတို့ကလည်း အဘယ်သို့ သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊ ၁၁ ထိုသူက ယေရှုအမည်ရှိသောသူတယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင်ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟု ဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။ ၁၂ လူများကလည်း ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။”
ဒီနိမိတ်လက္ခဏာက တိတ်တဆိတ်ဖြစ်သွားတာမဟုတ်ပဲ အိမ်နီးနားချင်းတွေ မြင်လာကြတယ်။ အံ့သြကြတယ်။ သူတို့အိမ်နားမှာနေရင်း ခလုတ်တိုက်တတ်၊ လဲတတ်တဲ့ သူတောင်းစားဖြစ်တယ်ဆိုတာကို သူတို့ မယုံနိုင်ကြဘူး။ သူကိုယ်တိုင်ကတော့ သူဟာ အဲဒီလူပဲ။ သူတို့သိတဲ့လူပဲလို့ သက်သေခံတယ်။
သူ မျက်စိပြန်မြင်ပုံကို လူတွေမေးလာတယ်။ မျက်စိပြန်မြင်စေသူကို မမေးပဲ ဘယ်သူလုပ်ပေးသလဲလို့ မေးလာတယ်။ မျက်စိကန်းတဲ့သူက သူ့ကိုမြင်စေသူဟာ သခင်ယေရှု ဖြစ်တယ်။ သူ့အကြောင်း နည်းနည်းပဲ သိတယ်လို့ ဆိုတယ်။ သူဟာ ခရစ်တော်ကို ဘုရားမှန်းသိပ်မသိဘူး။ သူ့မျက်စိကို ရွှံ့နဲ့လိမ်းကျံပေးတဲ့ သူတယောက်မျှသာ သူသိထားတယ်။ အဲဒီရွှံ့ကို သွားဆေးပြီးမှ မျက်စိပြန်မြင်ရတာသာ သူသိတယ်။
လွှတ်တော်က သူလျှိုတွေက မေးလာတယ်။ သခင်ယေရှု ဘယ်မှာလဲ။ အဲဒီလူငယ်က ဖြေတယ်။ ကျွန်တော် မသိဘူး။ အရင်က ကျွန်တော်မျက်စိကန်းတယ်။ အခုမြင်ရတယ်။ သူက ပိုက်ဆံလည်း မတောင်းဘူး။ ကျေးဇူးစကားလည်း မပြောခိုင်းဘူး။ ရေကန်ဘက်ကိုသွားပြီး ဆေးခိုင်းတယ်။ အခုပြန်မြင်ရတယ်။ သူ ဘယ်သူလဲ၊ ဘယ်မှာလဲ ကျွန်တော်မသိဘူးလို့ ပြန်ဖြေတယ်။
ဆုတောင်း သခင်ယေရှုဘုရား မျက်စိကန်းတဲ့သူကို လျစ်လျူရှု ကျော်မသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူ့မျက်စိကို ပြန်မြင်စေပြီ။ အပြစ်ထဲမှာ မွေးဖွားလာသူတွေအတွက် နိမိတ်လက္ခဏာဖြစ်စေခဲ့ပါတယ်။ ကိုယ်တော့ရဲ့ အလင်းကိုတွေ့ပြီး ဝမ်းမြောက်ခြင်းခံစားရဖို့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့မျက်စိကို ဆေးကြောပေးတော်မူပါ။
မေးခွန်း ၆၆
- မွေးကတည်းက မျက်စိကန်းတဲ့သူကို သခင်ယေရှု ဘာကြောင့်ပြန်မြင်စေသလဲ။