Previous Lesson -- Next Lesson
2. သခင်ယေရှုဟာ တပည့်တော်တို့ကို အထက်ခန်းမှာ ထင်ရှားတယ်။ (ယောဟန် ၂၀း ၁၉-၂၃)
ယောဟန် ၂၀း ၂၀
၂၀ “ထိုသို့ မိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော် မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်း ရှိကြ၏။”
ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းဟာ လူနဲ့ဘုရားသခင် ရန်ငြိမ်းခြင်း လက္ခဏာ ဖြစ်တယ်။ သားတော်ကို သင်္ချိုင်းထဲမှာ ပစ်မထား၊ လူသားတွေရဲ့ အပြစ်ကို သယ်ပိုးရတဲ့အတွက်လည်း မနှင်ထုတ်၊ အပြစ်ကင်းမဲ့တဲ့ ယဇ်ပူဇော်ခြင်းကို လက်ခံလျက် သေရာမှ ပြန်ရှင်စေတယ်။ သားတော်ကလည်း ခမည်းတော်ရဲ့ အလိုမှတပါး တခြားအရာကို မဆောင်။ လက်ဝါးကပ်တိုင်ကို လက်ခံခဲ့တယ်။ လက်ဝါးကပ်တိုင်ဟာ သူလာရခြင်းရဲ့ အကြောင်းရင်း ဖြစ်တယ်။ လောကီသားတွေရဲ့ အပြစ်ကြွေးကို ပေးဆပ်ဖို့ ဖြစ်တယ်။ ဒါကြောင့် တချို့က သခင်ယေရှု လက်ဝါးကပ်တိုင်မှာ အသေမခံဘူးလို့ ဘာကြောင့် ပြောရသလဲ။
ခရစ်တော်က အရိပ်အယောင် မဟုတ်။ သရဲတစ္ဆေ မဟုတ်ဘူးလို့ ပြတယ်။ သူ့ရဲ့လက်ဖဝါးက သံချက်ရာကို ပြတယ်။ နံဘေးက လှံချက်ရာကို ပြတယ်။ သံချက်ရာတွေကို တွေ့တဲ့အခါ သူတို့ဟာ ထူးခြားတဲ့ ဘုရားလို ပုဂ္ဂိုလ် မျိုးကို တွေ့ရတာ မဟုတ်ဘူး။ လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တဲ့ သခင်ကို မြင်နေရခြင်း ဖြစ်တယ်။ ဘုရားသခင်ရဲ့ သိုးသူငယ်ဟာ အောင်မြင်သူ ဖြစ်တယ်။ အသေသတ်ခြင်း ခံရပြီးမှ သေခြင်းကို အောင်မြင်တယ်။
တပည့်တော်တွေဟာ သခင်ယေရှုဟာ အရိပ်အယောင် မဟုတ်ဘူး။ ထင်ယောင်မှားတာ မဟုတ်ဘူး ဆိုတာ တဖြည်း ဖြည်း နားလည်လာတယ်။ ပုဂ္ဂိုလ် အစစ်အမှန်လို့ သိလာတယ်။ သခင်ယေရှုဟာ ယုံကြည်သူတွေ အတွက် ဝမ်းမြောက်စရာ အဓိက အကြောင်းရင်း ဖြစ်တယ်။ သခင်ယေရှုဟာ သေရာမှ ပြန်ရှင်လို့ ယုံကြည်စရာ ကောင်းလာတယ်။ မိဘမဲ့လို ပစ်မထား၊ အကိုကြီး တယောက်လို ခမည်းတော်ဘုရားရဲ့ လက်ယာဘက်မှာ အစဉ် အုပ်စိုးခွင့်ရတယ်။ ယုံကြည်သူရဲ့ ဝမ်းမြောက်ခြင်းဟာ သခင်ယေရှု ရှင်ပြန် ထမြောက်ခြင်းအတိုင်း တိုးပွါးလာတယ်။ ပျက်စီးဆုံးရှုံးနေသူတွေအတွက် မျှော်လင့်ခြင်းရလာတယ်။ ပွင့်နေတဲ့ သင်္ချိုင်းဟာ အဆုံးမဟုတ်ဘူး။ ကိုယ်တော် အသက်ရှင်ခြင်းဟာ ငါတို့အတွက် ဖြစ်တယ်။ ဒါကြောင့် “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။”
တပည့်တော်တွေက သခင်ယေရှုဟာ သူတို့အပြစ်ကို ခွင့်လွှတ်တယ်လို့ နားလည်တဲ့အခါ သူတို့ ပိုဝမ်းသာ လာတယ်။ တခါတည်းအပြစ်ဖြေပေးခြင်းဟာ ခွင့်လွှတ်ခြင်းကို အပြည့်အဝ ရရှိစေတယ်။ ဒါကြောင့် ဘုရားသခင် ရှေ့မှာ ငြိမ်သက်ခြင်းရတယ်။ Easter ဝမ်းမြောက်ခြင်းတွေ သူတပါးကို ဝေမျှပါရဲ့လား။ အသက်ရှင်တဲ့ ကိုယ်တော့်ရှေ့မှာ ဦးညွတ်ပြတ်ဝပ်ပါရဲ့လား။ ကိုယ်တော်အတူရှိပြီး မြော်လင့်ခြင်းကို ပေးတယ်။ ခွင့်လွှတ်ခြင်းကို စိတ်ချရစေတယ်။ ကိုယ်တော် အသက်ရှင်တယ်။ ဒါကြောင့် ဝမ်းမြောက်လာတယ်။ တမန်တော် ရှင်ပေါလုက အသင်းတော်ကို ပြောတဲ့အခါ “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ သင်တို့၏ နူးညံ့သိမ်မွေ့ ခြင်းကို လူအများ သိစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။”
ဆုတောင်း ကိုယ်တော်တပါးတည်းသာလျှင် မျှော်လင့်ရာဖြစ်၍ အသက်တာကို အဓိပ္ပါယ်ရှိစေပါ၏။ ကိုယ်တော့် ဒဏ်ရာများအားဖြင့် ဖြောင့်မတ်စေ၍ အသက်ကို ပေးပါ၏။ နိုင်ငံတော် တည်ထောင်ပါစေသော။ ကိုယ်တော့် အောင်မြင်ခြင်းကို နားလည်လျက် လူအများ အပြစ်ထဲမှာ သေနေရာမှ ထမြောက်ကြပါစေသော။ ကိုယ်တော့် ထမြောက်ခြင်းကို ဘုန်းထင်ရှားဖို့ အသက်ရှင်ကြပါစေသော။
မေးခွန်း ၁၂၄
- တပည့်တော်တို့ ဘာကြောင့် ဝမ်းမြောက်ကြသလဲ။