Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
A - အဖမ်းခံရချိန်မှ သင်္ဂြိုဟ်ချိန်အထိ (ယောဟန် ၁၈း ၁- ၁၉း ၄၂)
3. ရောမ ဘုရင်ခံရှေ့တွင် အစစ်ဆေး ခံရခြင်း။ (ယောဟန် ၁၈း ၂၈- ၁၉း ၁၆)
a) ခရစ်တော်ရဲ့ ဘုရင် ဖြစ်ကြောင်း ပြောဆိုချက် အပေါ် စစ်ဆေးခြင်း (ယောဟန် ၁၈း ၂၈- ၃၂)ယောဟန် ၁၈း ၂၈- ၃၂ တချို့ ဂျူးတွေက ဗေသေသဒကန်မှာ ကိုယ်အင်္ဂါ မသန်စွမ်းသူကို ပျောက်ကင်းစေချိန်ကတည်းက သခင်ယေရှုကို သတ်ဖို့ စဉ်းစားနေကြပြီ ဖြစ်တယ်။ (ယောဟန် ၅း ၁၈) ဂျူးလူမျိုး ခေါင်းဆောင် အများစုကတော့ လာဇရုကို အသက် ပြန်ရှင်စေပြီးတဲ့ နောက်ပိုင်းမှာ သခင်ယေရှုကို သေထိုက်ပြီလို့ ဆုံးဖြတ် ထားကြတယ်။ (ယောဟန် ၁၁း ၄၆) ကြာသပတေးနေ့ ညမှာ အရေးကြီးတဲ့ လွှတ်တော်ပွဲ နှစ်ခုကို လုပ်ကြတယ်။ ရှင်ယောဟန်က ဒါကို မှတ်တမ်း မတင်ဘူး။ (မဿဲ ၂၆း ၅၇- ၆၇၊ ၂၇း ၁) ဒီဂျူးတွေရဲ့ အသေးစိတ် ကိစ္စကလေး တွေက ဂရိလူမျိုး စာဖတ်သူတွေ အတွက် သိပ်အရေးမကြီး လှသလို ဖြစ်တယ်။ ဒါပေမယ့် ယောဟန်ဟာ သခင်ယေရှု အပေါ်မှာ မတရားတဲ့ စီရင်ချက် ချတာကိုတော့ ဖေါ်ပြထားတယ်။ ရောမဘုရင်ခံ ပိလတ်ရဲ့ စီရင်ချက် ဖြစ်တယ်။ ပိလတ် တပါးတည်းသာလျှင် သတ်ပိုင်ခွင့် သို့မဟုတ် လွှတ်ပိုင်ခွင့်ရှိတယ်။ ဂျူးတွေက တပါး အမျိုးသားရဲ့အိမ် အဆောက် အအုံထဲကို မဝင်ဘူး။ အာပတ်သင့်မှာ စိုးကြတယ်။ သူတို့ရဲ့ ထုံးစံအရ သန့်ရှင်းမှုကို စောင့်ထိန်းဖို့ လိုတယ်။ ပသခါ သိုးသူငယ်ပွဲမှာ မိသားစု ဆွေမျိုးတွေနဲ့အတူ ပါဝင်ရဦးမယ်။ ဒါပေမယ့် ဒီအချိန်မှာ သူတို့ဟာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ သိုးသူငယ် ကိုတော့ သတ်လိုက်ကြပြီ ဖြစ်တယ်။ ဒီကာလမှာ သခင်ယေရှုဟာ အဖမ်းခံရတယ်။ ပိလတ်ရဲ့ နန်းတော်ထဲမှာ စစ်ဆေး မေးမြန်း ခံရတယ်။ ပိလတ်ရဲ့ မိတ်ဆွေ တယောက်ဖြစ်တဲ့ ရောမဗိုလ်ချုပ် တပါးဟာ ဆီဇာဘုရင်ကို ပုန်ကန်ဖို့ ကြိုးစားတဲ့ အတွက် ရာထူးမှ ဖြုတ်ချ အရေးယူ ခံထားရတယ်။ အဲဒီ ဗိုလ်ချုပ်ဟာ ဂျူးလူမျိုးတွေကို မုန်းတီးပြီး သူ့ရဲ့ လုပ်ကြံမှုကို ဂျူးတွေက ဖေါ်ထုတ်ခဲ့တာ ဖြစ်တယ်။ အကျိုးဆက် အနေနဲ့ ပိလတ်မင်းရဲ့ အာဏာစက်ဟာ လျော့ပါးလာတယ်။ အရင်ကလို ဂျူးတွေ အပေါ်မှာ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံလို့ မရဘူး ဖြစ်နေတယ်။ ဂျူးတွေက သခင်ယေရှုကို ပိလတ်မင်းထံ ခေါ်ဆောင်လာတဲ့ အခါ ပိလတ်မင်းဟာ သူတို့ ဘာတောင်းဆိုမလဲ ဆိုတာကို ထွက်တွေ့ပြီး မေးရတယ်။ စကား အချိန်အကြာကြီး မပြောပေမယ့် သူတို့ ပြသနာကို နားလည်သွားတယ်။ သခင်ယေရှု အပေါ်မှာ ထားတဲ့ ပိလတ်ရဲ့ သဘောထားကတော့ ကောက်ကျစ်တဲ့ အပြုံးလေးနဲ့ မြင်သာ နိုင်တယ်။ ဘုရင်ဆိုပြီး လက်နက်မရှိ၊ စစ်တပ်မရှိ၊ ယေရုရှလင် မြို့ထဲကို မြည်းကလေး စီးပြီး ဝင်လာတာဟာ ရောမအစိုးရ အတွက် အန္တရာယ် မရှိဘူး။ ဒါပေမယ့် သူဟာ ဂျူးလူမျိုးတွေရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့တယ်။ ဂျူးလူမျိုးတွေကို ထောက်ခံလိုက်တယ်။ သခင်ယေရှုကို ဖမ်းဖို့ စစ်တပ် တတပ်ကို ဦးဆောင်တဲ့ အရာရှိကိုပင် သူဟာ ပေးခဲ့ပြီ ဖြစ်တယ်။ ဖမ်းပြီးတဲ့အခါမှာ ဖမ်းခံရသူက သူ့ရှေ့ကို ရောက်လာ ရတယ်။ ပိလတ်က “သူက ဘာအပြစ် လုပ်လို့လဲ” လို့ မေးတယ်။ ဂျူးလူမျိုး ခေါင်းဆောင်တွေက သူအရင်က ဘာပြောတယ် ဆိုတာ ကိုယ်တော် သိပါတယ်။ ဒီလူဟာ ပုန်ကန်ရေးနဲ့ နိုင်ငံရေးအပြစ် ကျူးလွန်သူ ဖြစ်တယ်။ ဒီထက် ပို အပြစ်မတင်ခြင်ဘူး။ ကိုယ်တော်ရဲ့ နန်းတော်ထဲကို ကျုပ်တို့ အလည် လာကြတာ မဟုတ်ဘူး။ သူ့ကို သေဒဏ်ပေးဖို့ လာတောင်းဆိုတာ ဖြစ်တယ်။ ဒါမှ လူထု ပရိတ်သတ် အုံကြွမှု မဖြစ်ဘဲ နေမယ်လို့ ဆိုတယ်။ ပိလတ်မင်းက ဂျူးလူမျိုးတွေရဲ့ လှည့်စားမှု မနာလိုမှုကို သိတယ်။ သူတို့ ဂျူးထုံးစံအတိုင်း စီရင်သင့်တယ်။ သခင်ယေရှုဟာ ရောမဥပဒေကို ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး ဘာမှမလုပ်၊ ဘာမှ မပြောခဲ့ဘူး။ ဒါကြောင့် သူတို့ ပညတ်တရား အတိုင်းပဲ သခင်ယေရှုကို စီရင်ပါလို့ အပ်နှံတယ်။ အဲဒီအချိန်မှာ ဂျူးတွေက ပညတ်တရား ကျူးလွန်သူကို ခဲနဲ့ ပေါက်သတ်ခွင့် မရှိတော့တဲ့ အချိန် ဖြစ်တယ်။ သခင်ယေရှုကို ညစ်ညူးတဲ့ လူတယောက်လို ရောမ အာဏာပိုင်တွေရဲ့ လက်ထဲမှာ လူ ပရိတ်သတ်ရှေ့ တရားစီရင်ခြင်းအားဖြင့် အရှက် ခွဲချင်ကြတာ ဖြစ်တယ်။ ဒါကြောင့် အစေခံကျွန်တွေ၊ ရာဇဝတ် သားတွေကို ရက်စက်စွာ အပြစ်ပေးသလို သစ်တိုင်ပေါ်မှာ မြှောက်ထားပြီး ကျိန်ခြင်း ခံစေတာမျိုး ဖြစ်တယ်။ ဒီလိုလုပ်ရင် သခင်ယေရှုဟာ ဘုရားသခင်ရဲ့ သားတော် မဟုတ်သလို ဖြစ်လာတယ်။ သခင်ယေရှုဟာ အစွမ်းအစ မဲ့ပြီး ဘုရားကို လွန်ကျူးသူမျိုး ပုံပေါ်လာမယ်။ သခင်ယေရှုဟာ မေရှိယ မဟုတ်ဘဲ လှည့်စားသူသာ ဖြစ်ကြောင်း သက်သေပြရင်း ရောမလူမျိုး တွေရဲ့ လက်နဲ့ ကားတိုင်မှာ သေရကြောင်း ကယာဖက ပြချင်နေတယ်။ ယောဟန် ၁၈း ၃၃- ၃၆ ရောမ စစ်သားတွေက သခင်ယေရှုကို ရဲတိုက် ထဲမှာ ဖမ်းထားတယ်။ ဂျူးတွေရဲ့ စွပ်စွဲချက်ကို ပိလတ်မင်း ကြားတဲ့ အခါ သခင်ယေရှု နှုတ်က တိုက်ရိုက် ပြန်လည် ချေပမှာကို ကြားချင်တယ်။ ပိလတ်က ဂျူးတွေ စကားကို မယုံဘူး။ သခင်ယေရှု ကို ဥပဒေ နည်းလမ်း အတိုင်း မေးဖို့ ကြိုးစားတယ်။ “သင်ဟာ ဂျူးတွေရဲ့ ရှင်ဘုရင်လား။ မေရှိယ လို့ဆိုတဲ့ သူတွေကို မုတ်ဆိတ်မွေး ကြီးတွေနဲ့ စူးရှတဲ့ မျက်လုံးကြီး တွေနဲ့ လက်နက် တန်ဆာ တွေနဲ့ တွေ့ဘူးတယ်။ သင်ကတော့ တိုက်ခိုက်ရေး သမား အကြမ်းဖက် သမား မဟုတ်ဘူး။ သနားစရာ ကောင်းပြီး နူးညံ့ သိမ်မွေ့ နှိမ့်ချသူ ဖြစ်နေတယ်။ ဘယ်လိုလုပ် ဘုရင် ဖြစ်နိုင်မလဲ။ ဘုရင် ဆိုတာ အာဏာ တန်ခိုးနဲ့ ရက်စက် တတ်သူ ဖြစ်ရတယ်။” သခင်ယေရှု ရှင်ဘုရင် ဖြစ်တယ် ဆိုတာကို ပိလတ်သံသယ ရှိတယ် ဆိုတာ သခင်ယေရှု သိတော့ “ခင်ဗျားရဲ့ စစ်သားတွေက ငါ့ တပည့်တော် တွေနဲ့ ညအချိန်မှာ စစ်တိုက် ဖူးတယ်လို့ ပြောဖူး သလား။ နိုင်ငံရေး စကား ပြောတယ်လို့ သတင်းပေး တွေက ပြောဖူး သလား။ မေးတာတွေက ဂျူးတွေရဲ့ အလိမ် အညာ စကားတွေ အပေါ်မှာ အခြေခံ တာလား။ လုပ်ကြံ ပြောတဲ့ စကားတွေကို ဘုရင်ခံ ဆိုတာ နားမထောင်သင့်ဘူး” လို့ မေးတယ်။ ပိလတ်က ဒေါသတကြီးနဲ့ “ငါက ဂျူးလား” လို့ မေးတယ်။ တနည်းအားဖြင့် ခပ်တုံးတုံး အစိုးရတွေ နဲ့ နေ့နေ့ညည ဘာသာရေးတွေ ဆွေးနွေး ရမှာက ငါ့ အဆင့်လား လို့ မေးသလို ဖြစ်ပါတယ်။ ဒါကြောင့် ပိလတ်က သခင်ယေရှုကို ဖမ်းတာ သူ မဟုတ်ဘူး ဂျူးတွေနဲ့ သူတို့ရဲ့ ခေါင်းဆောင် လူမျိုးရေး သမားတွေ ဖမ်းတာလို့ ဝန်ခံတယ်။ ပြီးမှ တိုတိုပဲ မေးတယ်။ “ခင်ဗျား ဘာလုပ်ခဲ့ လို့လဲ။ အပြစ်တင်တဲ့ သူတွေကို ချေပတဲ့ စကား တခွန်းတော့ လိုတယ်။ ပြောပါ၊ မပြောရင် အမှန်တရားပေါ်သည် အထိ ရိုက်ရ လိမ့်မယ်” လို့ ဆိုတယ်။ သခင်ယေရှု က တပည့်တော် တွေနဲ့ သူ လုပ်လေ့ရှိတဲ့ အရာကိုတော့ ဝန်ခံတယ်။ သူက ဘုရားသခင် နိုင်ငံတော် ကိုပဲ စိတ်ဝင်စားတယ်။ အခွန်ငွေတွေ၊ လက်နက်တွေ၊ အဓမ္မ ခိုင်းစေမှုနဲ့ တည်ဆောက်တာ မဟုတ်ဘူး လို့ဆိုတယ်။ ခရစ်တော်ရဲ့ နိုင်ငံတော်ဟာ တခြား နိုင်ငံတွေလို ပျောက်ပျက် သွားမှာ မဟုတ်ဘူး။ တပည့်တော် တွေကို ဓါးလက်နက်၊ သေနတ်၊ ဗုံးတို့နဲ့ မတိုက်ခိုက် ဖို့ သွန်သင် ခဲ့တယ်။ သူ့နိုင်ငံဟာ မြေကြီး ပေါ်မှာရှိတဲ့ တိုင်း နိုင်ငံတွေ အားလုံးနဲ့ မတူ ကွဲပြားတယ်။ ယောဟန် ၁၈း ၃၇- ၃၈ သခင်ယေရှု ပြောတာကို ပိလတ်မင်း နားမလည်ဘူး။ ဒါပေမယ့် ရှင်ဘုရင်ရဲ့ အဆောင်အယောင်ကို မယူဘဲ ရှင်ဘုရင်လို့ စွပ်စွဲ ခံရသူ ဖြစ်ကြောင်း ရိပ်မိတယ်။ သခင်ယေရှုက “ငါ့ရဲ့လျှို့ဝှက်ချက်ကို ရိပ်မိပြီ။ ငါ့ စကားကိုလည်း နားလည်ပြီ။ ဘုရင် ဆိုတာ နိုင်ငံ တခုကို ပိုင်ဆိုင်တဲ့ အရှင်သခင် ဖြစ်တယ်။ ငါ့ နိုင်ငံဟာ ဒီလောကနဲ့ မဆိုင်ဘူး။ ဒီလောကဟာ မုသာနဲ့ ဆိုးညစ် ခြင်းတွေ ပြည့်နေတယ်။ ငါက သမ္မာ တရားနဲ့ စပ်ဆိုင်တဲ့ ရှင်ဘုရင်သာ ဖြစ်တယ်” လို့ ဆိုတယ်။ အဲဒီနောက် အပျိုကညာ မာရိကနေ ဖွားမြင်ခြင်း ခံတဲ့ အကြောင်း ဒီလောကထဲကို ရောက်လာပုံကို ပြောပြတယ်။ ထာဝရ ကာလ ကတည်းက တည်ရှိ ကြောင်းကို မပြောပြဘူး။ ခေတ် ကာလ မတိုင်မီ ကတည်းကပင် ခမည်းတော် ဘုရား ဖြစ်ပွါးစေသူ ဖြစ်တယ်။ ဘုရားရဲ့ တရားကို သိတယ်။ ဘုရားရဲ့ တရားကို သက်သေ ခံတယ်။ သစ္စာ ရှိသောသက်သေခံ ဖြစ်တယ်။ ဒါပေမယ့် ပိလတ် မင်းက ရယ်ပြီးတော့ “သမ္မာ တရားက ဘာလဲ” လို့ မေးတယ်။ ဒီဘုရင်ခံ ဟာ လျှို့ဝှက်တဲ့ သူ ပုန်ကန်တဲ့ သူ တကယ်ယုံကြည်ခြင်း မရှိတဲ့ သူတွေကို တွေ့ဖူးခဲ့ပြီ။ ဒါပေမယ့် သခင်ယေရှုဟာ ကောင်းကင် တရားကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး သစ္စာ ရှိစွာနဲ့ သက်သေ ခံသူ ဖြစ်တယ်။ ဆုတောင်း ကိုယ်တော်ဟာ ကျွန်တော့ရဲ့ ရှင်ဘုရင် ဖြစ်တယ်။ ကိုယ်တော်ဟာ ကျွန်တော့ကို ပိုင်တယ်။ နူးညံ့ သိမ်မွေ့တဲ့ကျွန် ဖြစ်စေပါ။ သမ္မာတရားကိုလည်း ခိုင်မာစွာ ရပ်တည်စေပါ။ မေးခွန်း ၁၁၂
|